Skip to main content

၂၀၂၁-၀၆-၀၉ စစ်ရေး

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယာကြီးကျေးရွာနှင့် သလင်းရွာအကြားတွင် ယမန်နေ့ (ဇွန် ၉) က စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ညနေပိုင်းက မုံရွာ - ယာကြီး - ကလေးဝလမ်း မိုင်တိုင် ၃၅ နှင့် ၃၆ ကြားတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲတွင် ဒေသခံတပ်ဖွဲ့ဘက်မှ သေဆုံးသူမရှိကြောင်း ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ ၈ ဦးအထိ သေဆုံးခဲ့သည့် မုံရွာ - ယာကြီး - ကလေးဝလမ်းပေါ်မှ တိုက်ပွဲမှာ ထိုနေ့အတွင်း ဒုတိယအကြိမ်ဖြစ်ပွားသည့် တိုက်ပွဲဖြစ်ပြီး ထိုနေ့နံနက်ပိုင်း ကနီမြို့နယ် သလင်းရွာမှ ပြန်လာသော စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပထမဆုံး ချုံခိုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

နံနက် ၅ နာရီဝန်းကျင် မုံရွာ-ယာကြီး- ကလေးဝလမ်းမပေါ်ရှိ ယာကြီးကျေးရွာကို စစ်တပ်က ကား ၅ စီး ၊ ဆိုင်ကယ် ၇ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့သည်ဟု ဆိုသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ယာကြီးရွာမှ ၄ မိုင်အကွာရှိ သလင်းရွာရှိ နေအိမ်တချို့ကို သွားရောက်မွှေနှောက်ပြီး အပြန်လမ်းတွင် ချုံခိုတိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။  

“ယာကြီးမှာ နားခိုစတည်းချပြီးကာမှ (စစ်တပ်က) သလင်းဘက်ကို မွှေတာ။ ကနီဘက်ကလာတဲ့ စစ်တပ် က ၃၁ ယောက်ကလည်း ရွာစဉ်လှည့်မွှေပြီး ယာကြီးကအဖွဲ့နဲ့ သလင်းမှာ ဆုံတာဗျ။ သလင်းမှာဆုံပြီး ယာကြီးဘက်ကို ပြန်လာတဲ့ချိန်မှာ ကျွန်တော်တို့ဘက်က အပြန်ကိုစောင့်ပြီးတော့ တိုက်တာ” ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

တိုက်ပွဲအတွင်း မိုးသည်းထန်စွာရွာလာ၍ တူမီးသေနတ်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။ 

“မနေ့က မိုးတွေရွာတော့ သူတို့သေနတ်နဲ့ ကျွန်တော်တို့လက်နက်နဲ့က မတူဘူးလေ။ သူတို့သေနတ်က မိုးရေတောထဲ ပစ်ရတယ်။ ကျွန်တော်တို့တူမီးက မိုးရေတောထဲမှာ ပစ်မှမရတာ။ အဲလိုကွာခြားတော့ ကျွန်တော်တို့က နောက်ဆုတ်ပေးလိုက်ရတာပေါ့။ ကျွန်တော်တို့က ပြောက်ကျား(တိုက်ခိုက်မှု)နဲ့ပဲ ဝင်ရတာပေါ့” ဟု တိုက်ပွဲဝင် PDF တစ်ဦးက ဆိုသည်။

ကနီမြို့နယ် ယာကြီးရွာ နေအိမ်တချို့မှ ဆန်အိတ်၊ နှမ်း၊ ပဲ ၊စောင် စသည့် ပစ္စည်းများကို စစ်တပ်က ခိုးယူလုယက်သွားသည်ဟု ဒေသခံများက ဆိုသည်။

ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ချက်မရခဲ့ပေ။ 

ယမန်နေ့တိုက်ပွဲကြောင့် သလင်း၊ သင့်ငံ၊ ပေါက်အင်းမြိုင်၊ ယာကြီး စသည့် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယနေ့ (ဇွန် ၁၀) နံနက်အစောပိုင်း၌ ယာကြီးကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်သည် မင်းကင်းမြို့နယ် ဆယ်ရွာချောင်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းရာနေရာများဖြစ်သည့် စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ကနီမြို့နယ်တို့မှ ကျေးရွာများတွင် ဧပြီလဆန်းမှစတင်ကာ စစ်တပ်မှ ဖိနှိပ်နေမှုအပေါ် ဒေသခံများက ရိုးရာလက်လုပ်တူမီးသေနတ်များဖြင့် ခုခံတော်လှန်လျက်ရှိသည်။ 

မုံရွာ -ယာကြီး - ကလေးဝ လမ်းတလျှောက်ရှိ ကျေးရွာများကိုလည်း ဧပြီ ၁၈ မှ စတင်ကာ စစ်တပ်က ဝင်ရောက်ရှာဖွေမှုများရှိနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုလဆန်းပိုင်းမှစတင်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ 


KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး ခယာဘွမ် (Hka Ya) ရှိ အာဏာသိမ်းစစ်တပ်ကို ရိက္ခာပို့ရန် ဒေါ့ဖုန်းယန်မှ ခယာကျေးရွာအထိ လမ်းတစ်လျှောက် စစ်အင်အား ၅၀၀ ကျော် ချထားကြောင်း စုံစမ်းသိရှိရသည်။

ဗန်းမော်-ဒေါ့ဖုန်းယန်-လိုင်ဇာ လမ်းကြောင်းတစ်လျှောက် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းသွားလာမှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် စစ်တပ်က အဆိုပါ လမ်းကြောင်းတစ်လျှောက် စစ်အင်အားအလုံးအရင်းဖြင့် ချထားသည်ကို တွေ့ရကြောင်း အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ပြောပြလာသည်။

“ဒေါ့ဖုန်းကနေ လဂျားယန်အထိ ဗန်းမော်လမ်းမကြီးတစ်လျှောက်ဘဲ စစ်အင်အားတွေနဲ့လုံခြုံရေးချထားတယ်။ ရွာတိုင်းလိုလိုဘဲ စစ်သားတွေရှိကြတယ်။ ခါတိုင်းဆို တစ်ယောက်မှ မရှိကြဘူး။ စစ်ရိက္ခာသယ်ယာဉ် ကားတွေက ခယာဘွမ့်အထိပို့ကြတယ်လို့ သိရတယ်။ သူတို့က နှစ်တိုင်းပို့ကြတာတော့ဟုတ်တယ်။ ဒါပေမယ့် ဒီနှစ်တော့ ပိုများတယ်လို့ပြောလို့ရတယ်။ ပြီးရင် ခါတိုင်းနှစ်ဆို ဒီအချိန်မှာဆို သယ်ယူပြီးကြပြီ။ ဒီနှစ်က KIA က ကြားဖြတ် ဝင်ဝင်တိုက်ပေးတယ်ဆိုတော့ အခုမှပို့ကြတယ်လို့ ပြောလို့ရတယ်” ဟု ပြောဆိုသည်။

ယခုလိုကျေးရွာတိုင်း စစ်အင်အားချထားမှုမှာ နှစ်စဉ် ခယာဘွမ့်သို့ ပို့နေကျ ရိက္ခာပို့ဆောင်ရေးအတွက် လုံခြုံရေးယူပေးသော တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

ခယာ (Hka Ya)၊ နားလုံ (Na Lung)၊ လဂျားယန် (La Ja Yang)၊ တုန်ဟုန်း (Dung Hung)၊ လွယ်မောက် (Loi Mawk)၊ ခလား(Hka La)၊ ဒဂါ(Daga)နှင့် ဒေါ့ဖုန်းယန် (Daw Hpum Yang) စသောကျေးရွာတို့တွင် စစ်အင်အား ချထားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ၇နာရီခွဲကလည်း ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) တပ်ရင်းမှ စစ်ရိက္ခာသယ်သည့်ကား ယာဉ်တန်း ၁၃ စီး က ခယာဘွမ်သို့ တက်သွားကြောင်း ဒေါ့ဖုန်းယန်ဒေသခံများက ဆိုသည်။

ယမန်နေ့ကလည်း အလားတူ ဒေါ့ဖုန်းယန်မှ ခယာဘွမ်သို့တက်လာသည့် စစ်ရိက္ခာသယ် ၁၆စီးပါသည့်ယာဉ်တန်းကို KIA က ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး လဂျာယန်ကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ဗန်းမော်လမ်းမကြီးပေါ်ရှိ ကျေးရွာတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်ဘက်မှ စစ်အားအများအပြား တိုးချဲ့ ထား သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

ရွှေကူမြို့ရှိရဲစခန်းကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ယနေ့ည ၁၀ နာရီဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ 

ကေအိုင်အေနှင့် SPDF တို့ ရွှေကူရဲစခန်းကို ဝင်ရောက်စီးနင်းသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

"နှစ်ဘက် ပစ်နေကြတာ။ KIA တွေ ရွှေကူ ရဲစခန်းကိုဝင်ပစ်တာ။ SPDF တွေလဲ ပါလောက်တယ်။ လက်နက်ကြီးသံက ၁၀ ချက်ကျော်ပြီ။ လက်နက်ကြီးသံ ပိုစိတ်လာတယ်။ သေနတ်သံကတော့ နားကို မနားတာ ခုထိ။ ခဏက လက်နက်ကြီးပစ်တော့ မီးရောင်ပါ မြင်နေရတယ်။" ဟုသူကပြောသည်။ 

ရွှေကူမြို့ရဲစခန်းနှင့် သင်္ဘောဆိပ်အပြင် အချို့နေရာများတွင်လည်း ပစ်ခတ်သံများကြားနေရသည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။ 

ကေအိုင်အေနှင့် SPDF တို့သည် ဇွန်လ ၄ ရက်နေ့ကလည်း ရွှေကူရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။



ကန်ပက်လက်မြို့ထဲတွင် အကြမ်းဖက်သမားတွေ လက်နက်ကြီးတွေနဲ့  မ‌ေန့ ဇွန် ၉ရက်က ရမ်းကားပစ်ခတ်လို့ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံအချို့ပျက်ဆီး။ 

Source: Zaland






CNF စခန်းဖက်သို့ စစ်ကောင်စီတပ်၁၀၀ ခန့်ရောက်ရှိနေသောကြောင့် ရွာသားတချို့ တိမ်းရှောင်
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိရာ ချင်းပြည်နယ် ထန်တလန်မြို့နယ် ဆိုပုမ်းကျေးရွာ၌ စစ်ကောင်စီတပ် အင်အား (၁၀၀) ခန့် ယနေ့ညနေ (၄း၀၀) နာရီခန့်တွင်ရောက်ရှိနေပြီး ကျောင်းနှင့် ဆုတောင်းတောင်များတွင် နေရာယူထားနေသောကြောင့် ရွာသားတချို့ ထွက်ပြေးတိမ်းရှောင်နေ ကြကြောင်း သိရသည်။
"ခြေလျင်နဲ့ရောက်လာကြတယ်။ ၁၂ ဘီးကားနဲ့ သူတို့ရဲ့ ရိက္ခာတွေ သယ်လာကြတယ်။ စစ်ကောင်စီတပ် ထဲမှာ အသက်ကြီးရင့်သူတွေလဲပါတယ်။ ကျောပိုးအိတ်မပါကြဘူး၊ ခြင်းတောင်းတွေနဲ့ သူတို့ပစ္စည်းတွေ ထမ်းလာကြတယ်။ Vanzang နှင့် Zanak  တောင်ကြော လမ်းခွဲ ကျောင်းမှာ အင်းအား (၅၀) လောက်၊ ပြီးတော့ ထန်တလန်မြို့ကနေ ဆိုပုမ်းရွာအ၀င် ဆုတောင်းတောင်မှာ အင်းအား (၅၀) လောက် နေရာယူနေကြတယ်" ဟု နာမည်မဖေါ်လိုသူ တစ်ဦးက ဟားခါးတိုမ်းကို ပြောပြသည်။
ဆိုပုမ်းရွာသား တချို့ ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း မိုးရွာနေသည့်အချိန်ဖြစ်သောကြောင့် ရွာသားတချို့ ကျန်ရှိနေကြောင်း၊ ယခု ဆိုပုမ်းရွာတွင် ရောက်ရှိနေကြသော စစ်ကောင်စီတပ်များသည် မည်သည့်အချိန်အထိ တပ်စွဲမည်ကိုမသိရသေးသော်လည်း ၄င်းတို့၏ရိက္ခာနှင့် လိုအပ်သည့် ပစ္စည်း အများအပြား ပါလာကြကြောင်း သိရသည်။
ဆိုပုမ်းကျေးရွာသည် ယခင်အစိုးရလက်ထက်တွင် ချင်းအမျိုးသားတပ်မတော်၏ ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည့် ဒေသဖြစ်သည်။
Credit: The Hakha Times


Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...