မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသည့် ပြည်သူ ၂ ဦးကို စစ်ကားဖြင့် နောက်မှလိုက်တိုက်သည့် ဖြစ်စဉ်တစ်ခု ယခုည ၉ နာရီခွဲကျော်တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသော ပြည်သူ ၂ ဦးသေဆုံးကာ စစ်ကားလည်း မြောင်းထဲထိုးကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သတင်းပေးပို့သည်။
"ခုလက်ရှိ ၁၂၀ လမ်း ၄၆/၄၇ သံလမ်းမှာ စစ်ကောင်စီတပ်တွေက ပြည်သူ ၂ ဦး စီးလာတဲ့ ဆိုင်ကယ်ကို ကားနဲ့တိုက်တယ်။ ပြည်သူ ၂ ဦး သေတယ်။ ဆိုင်ကယ်ကိုလည်း လမ်းမပေါ်ကနေ မထုတ်ပြီး ရထားလမ်းဘေးနားက မြောင်းထဲချပစ်ခဲ့တယ်။ စစ်ကားတစ်စီးလည်း မြောင်းထဲကျတယ်။ အလောင်းတွေကို သံလမ်းမှာ ဒီအတိုင်းထားသွားတယ်။ သူတို့ မြောင်းထဲကျသွားတဲ့ စစ်ကားကိုတော့ ကရိန်းနဲ့သယ်သွားတယ်" ဟု အခင်းဖြစ်စဉ်ကို မျက်မြင်မြင်တွေ့ရသူက ပြောဆိုသည်။
ဆိုင်ကယ်ကို လိုက်တိုက်ရင်း မြောင်းထဲထိုးကျသွားသည့် စစ်ကားပေါ်တွင် လိုက်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရကြောင်း၊ စစ်တပ်ဖြင့် အများအပြားရောက်လာပြီး မြောင်းထဲထိုးကျသည့်ကားပေါ်မှ စစ်သားအားလုံးကို ခေါ်ဆောင်သွားကြောင်း၊ သေဆုံးသူ ပြည်သူ ၂ ဦး၏ အလောင်းကို ထားပစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
၂ ဦးသေဆုံးခဲ့ပြီး သေဆုံးသူ ၂ ဦးအနက်မှ ၁ ဦးမှာ မိသားစုနှင့်အဆက်အသွယ်ရရှိသော်လည်း ကျန်တစ်ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရရှိသေးကြောင်း မန္တလေးအခြေစိုက် လူမှုရေး အသင်းတစ်ခုထံမှ သိရှိရသည်။
"သတင်းစရတာကညကတည်းက။ ကျနော်တို့ရောက်တော့ နှစ်ဦးစလုံး ဆုံးနေပြီ။ အဲဒါ Dead Body နှစ်ခုစလုံးကို မန္တလေးဆေးရုံကြီး ရေခဲတိုက်ကို ပို့ထားတယ်။ ၁ ဦးက မျက်နှာနဲ့ ခေါင်းထိခိုက်သွားတယ်။ နောက် ၁ ဦးကတော့ ဒဏ်ရာကြီးကြီးမားမား မတွေ့ရပေမယ့် ဦးနှောက်ထဲ သွေးရောက်သွားပြီး ဆုံးတယ်လို့ အကြမ်းဖျဉ်း သိထားပါတယ်။ အဲဒီမှာ ၂ ဦးမှာ ၁ ဦးက မိသားစု အဆက်အသွယ်ရပြီ။ နာမည်က အောင်ကျော်ထွေး၊ ဒီပြည်ကြီးတံခွန်မြို့နယ်ထဲကပဲ။ အခု သူ့မိသားစုတွေ အလောင်းထုတ်ဖို့ လိုက်သွားပြီ" ဟု အလောင်းများကို သယ်ယူပေးခဲ့သော လူမှု ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဆိုသည်။
သေဆုံးသူ အခြား ၁ ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရရှိသေးသည့် အတွက် ကြိုးစား၍ ဆက်သွယ်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသည့် ပြည်သူ ၂ ဦးကို စစ်ကားဖြင့် နောက်မှလိုက်တိုက်သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ည ၉ နာရီခွဲကျော်တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသော ပြည်သူ ၂ ဦးသေဆုံးကာ စစ်ကားလည်း မြောင်းထဲထိုးကျသွားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် အစပ် ရှိ ဖယ်ခုံမြို့ရှိ ခရစ်ယန် ဂျေရောဗလို ဆုတောင်းပြည့်လုဒ်မယ်တော်ဂူဘုရားကျောင်းအနီးသို့ အကြမ်းဖက်စစ်ကောင်စီတပ်များက ယမန်နေ့ညပိုင်းက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာမှ ဘုရားကျောင်းတွင် ပျက်စီးမှုများဖြစ်ပေါ်နေ ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယမန်နေ့ညပိုင်းက တိုက်ပွဲဖြစ်ပေါ်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်များက တစ် ဖက်သတ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေရာတွင် PDF အဖွဲ့များရှိနေသည်ဟုလည်း မကြားမိကြ ဟု ဒေသခံများက ဆိုကြသည်။
လက်ရှိတွင် ဒေသခံတချို့သည် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကို ရှောင်ရှားရန် ဗုံးခိုကျင်းတူးခြင်းနှင့် ခေတ္တ တိမ်းရှောင်ခြင်းများ လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်ဟုလည်း သိရှိရသည်။
Photo Credit-CJ
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ရဲနှစ်ဦး ယနေ့ နံနက် ၇ နာရီခွဲခန့်က ပစ်ခတ်ခံရပြီး တစ်ဦးမှာ ခါးကို သေနတ်ထိမှန်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
"၃ ရပ်ကွက် မာန်ပြေ ၁၁ လမ်းထိပ်မှာ မနက် ၇ နာရီခွဲလောက်က အပစ်ခံရတာ။ သူတို့လည်း ပြန်ပစ်တယ်ကြားတယ်။ ရဲတစ်ဦးကတော့ ခါးထိသွားတယ်။ အခုတော့ စစ်ရော၊ ရဲရော အကုန်ရောက်နေပြီ။လမ်းကို ပိတ်ပြီး အကုန်လုံးစစ်နေတယ်။ ယာဉ်ထိန်းရဲတွေပါပါတယ်" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိတွင် အခြေအနေ ရှုပ်ထွေးနေပြီး ဒလန်တချို့ပါ ရောက်ရှိနေကာ မာန်ပြေ ၃ ရပ်ကွက်တွင် ဧည့်စာရင်းစစ်မှုများ ယခုည ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံပြည်သူများက ဆိုကြသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ အမှတ် ၁၇ အခြေခံပညာမူလတန်းကျောင်းကို ပျူစောထီး အဖွဲ့က ယနေ့ည ၁၀ နာရီခွဲတွင် မီးရှို့ရန် ဓာတ်ဆီပုလင်းဖြင့် လာရောက်ပစ်ခဲ့သော်လည်း ရပ်ကွက်က အချိန်မီသိ၍ မီးမလောင်အောင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ ည ၁၀ နာရီခွဲတွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦးသည် သပြေသာလမ်းသစ်ထဲသို့ ဝင်ရောက်လာကြောင်း၊ ၎င်းတို့ ဝင်မလာမီ အမြဲတမ်းလင်းနေသည့် လမ်းမီးများကို ပိတ်ချလိုက်ကြောင်း ၊ အမှောင်ချပြီးနောက် ဆိုင်ကယ်ဖြင့် ဝင်လာပြီး ကမ္ဘာလုံးဘုရားအကျော် ကျောင်းပေါက်၀မှတစ်ဆင့် ကျောင်းထဲသို့ ဓာတ်ဆီပုလင်း ၂ ပုလင်းပစ်ထည့်လိုက်ကြောင်း၊ ဓာတ်ဆီပုလင်း ၂ ခုက မီးလောင်နေစဉ် ရပ်ကွက်ပြည်သူများက အချိန်မီ သိ၍ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ရပ်ကွက်ပြည်သူတစ်ဦးက ပြောသည်။
"ရပ်ကွက်မှာ ပုံမှန်ထွန်းနေတဲ့ လမ်းမီးက ရပ်ကွက်လူကြီး၊ လမ်းလူကြီးနဲ့ လျှပ်စစ်က လွဲရင် ဘယ်သူ အဖွင့်အပိတ်မလုပ်ကြဘူး။ အဲဒီပျူစောထီး ၂ ယောက် ဆိုင်ကယ်နဲ့လာတယ်။ မလာခင်မှာ လမ်းမီးတွေ အကုန်လုံးကို အမှောင်ချတယ်။ ဓာတ်ဆီပုလင်း ပစ်တယ်။ အဲဒါရပ်ကွက်ကသိလို့ ကျောင်းထဲဝင်ငြိမ်းတယ်။ ကျောင်းစောင့်ကို လှမ်းခေါ်တော့လည်း မလာဘူး။ ကျောင်းအုပ်ဆရာမကြီးကို ခေါ်တော့လည်း သူနဲ့မဆိုင်သလို လုပ်တယ်။ ခဏနေတော့ စစ်တပ်ကို လှမ်းခေါ်တယ်။ အခုတော့ စစ်တပ်တွေရောက်နေပြီ" ဟု ရပ်ကွက်သားတစ်ဦးက ပြောဆိုသည်။
ကျောင်းကို မီးလာရှို့မှုအတွက် ကျောင်းနှင့်သက်ဆိုင်သူများက တစ်စုံတစ်ရာ စိတ်ဝင်စားဟန် မပြသည့်အပြင် သက်ဆိုင်ရာစစ်တပ်နှင့်ရဲဘက်ကလည်း လုံခြုံရေးယူ လာရောက်စစ်ဆေးသည်က လွဲ၍ အရေးယူရန်လည်း စိတ်ဝင်စားဟန်မပြဟု ရပ်ကွက်သူ ရပ်ကွက်သားများထံမှ သိရှိရသည်။
ကရင်ပြည်နယ်တွင် NLD အစိုးရလက်ထက် စိုက်ထူခဲ့သော ဘားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်းဘွဲ့၊ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်တို့ရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယခုည လုံခြုံရေးအင်အားအပြည့်ဖြင့် ဖြိုဖျက်လျက်ရှိကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
ဘားအံမြို့နယ်ရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်ကို ယခုည ၈ နာရီ ၄၅ မိနစ်တွင် လွန်ဖြင့် ဖောက်ဖျက်ဖြိုချကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်နှင့် ဒေသရင်းမြစ်သတင်းများ၏ဖော်ပြချက်အရ သိရှိရသည်။
အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အာဇာနည် အထိမ်းအမှတ်ကျောက်တိုင်ကိုလည်း ယနေ့ည ၈ နာရီတွင် ဖြိုဖျက်လိုက်ကြောင်း သိရှိရသည်။
ဒေသခံများ၏ အဆိုအရ ဘားအံ၊ လှိုင်းဘွဲ့၊ မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်များကို ဖြိုဖျက်ခြင်းဖြစ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဘားအံရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်ကို ယခုဖြိုဖျက်နေစဉ်။
သာကေတ သုမနလမ်းမကြီးပေါ်ရှိ ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင် ပေါက်ကွဲမှုဖြစ်
ရန်ကုန်တိုင်း သာကေတ သုမနလမ်းမကြီးပေါ်က ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင်မှာဒီနေ့နေ့လည် ၂နာရီခန့်က ပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်မသိရှိရသေးပါဘူး ။
လက်ရှိပေါက်ကွဲမှုဖြစ်တဲ့ ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင်မှာ နေထိုင်သူတစ်ဦးက ကြံ့ဖွတ်ပါတီ ရဲ့ အမတ်လောင်း ရွေးချယ်ခံ တစ်ဦးဖြစ်တယ်လို့သိရပါတယ်။
ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင် ပေါက်ကွဲမှုက ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်လည်းပေါက်ကွဲဖူးတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
ပုံ - CJ

တောင်ကုတ်မြို့ မိုးပညာဒါနကျောင်းမှ ပရဟိတလူငယ်များ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိ မိုးပညာဒါန ပရဟိတသင်တန်းကျောင်းတွင် ပရဟိတလုပ်ကိုင်ပေးနေသည့် လူငယ်များ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရကြောင်း မိသားစုဝင်များမှ Western News ကို ပြောသည်။
ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီလောက် တောင်ကုတ်မှ သံတွဲကိုကားဖြင့် သွားစဉ်တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် ထဲတွင် ၎င်းပရဟိတကျောင်း၏ ဥက္ကဋ္ဌ ကိုအောင်ဝင်းလှိုင်နှင့် တခြား ဂေါပကအဖွဲ့ဝင်များပါသွားကြောင်း မိုးပညာဒါနပရဟိတကျောင်းမှ ဆရာတော် ဒေါက်တာအရှင်သီရိနန္ဒ ကမိန့်သည်။
“ကျောင်းက ပရဟိတလုပ်နေတဲ့ အဖွဲ့ဝင်တွေကို ဖမ်းသွားတယ်လို့ တကာတကာမတွေက ဆရာတော့်ဆီဖုန်းဆက် ကြပါတယ်။ ဖမ်းခံရတဲ့အထဲမှာ ကျောင်းဥက္ကဋ္ဌ အောင်ဝင်းနိုင်ရယ် တစ်ခြားဂေါပကအဖွဲ့ဝင်တွေ ပါသွားတယ်လို့သိရပါတယ်။ ဆရာတော်လည်း ကျောင်းမှာမရှိဘူး။ ခရီးလွန်နေတယ်။ မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်လောက် အောင်ဝင်းနိုင်ဆီ ဖုန်းဆက်ကြည့်တယ် အခေါက်ရေ ၂၀ ကျော်လောက်ခေါ်တယ်၊၊ ဖုန်းမကိုင်ဘူး” ဟုပြောသည်။
အဆိုပါသင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင် ၄ ဖာလုံကွာဝေးသည့် မိုးတောင်တွင် ရှိပြီး ယခု ၂၀၂၁ ခုနှစ် ဧပြီလ အစောပိုင်းလောက်က စတင်အကောင်ထည်ဖော် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အဆိုပါကျောင်းတွင် Computer, English, Workshop နှင့် တစ်ခြားအသက်မွေး ဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးရန်စီစဉ်ထား ကြောင်းနှင့် ယခုနှစ်တွင် အသက် ၂၅ နှစ်၊ ၃၅ မှ ၄၀ ဝန်းကျင်ရှိ သည့် ကျောင်းသား ၅၀ ကျော်ကို သင်ကြားပေးရန်ပြင်ဆင် နေခြင်းဖြစ်ကြောင်းသိရသည်။
ပရဟိတလူငယ်များမှာ တောင်ကုတ်မှ သံတွဲသို့ ကားဖြင့်သွားရာ လမ်း၌ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသည့် ကိုအောင်ဝင်းလှိုင်နှင့် ဆွေမျိုးတော်စပ်သူ ကိုနေလင်းအောင် ကပြောသည်။
“သူတို့က သံတွဲကို ကားနဲ့အတူသွားကြတာ။ သံတွဲမရောက်ဘဲ လမ်းမှာ AA နဲ့ဆက်စပ်တယ် ဆိုပြီးတော့ ခမရ ၃၄၆ က ဖမ်းသွားတာလို့ကြားပါတယ်။ သူတို့က ကျေးရွာ မြို့နယ်တွေမှာ အလှူခံပြီး မိုးပညာဒါနကျောင်းကို ထောက်ပံ့နေတာပါ”ဟုဆိုသည်။
ဖမ်းဆီးခံရသည့် ကိုအောင်ဝင်းနိုင်၏ အမျိုးသမီးဖြစ်သူ မတွယ်တာစိုးမှ တပ်မှဖမ်းဆီးသွားသည်ဟုလူတစ်ယောက် လာပြောကြောင်း၊ ၇ ယောက်ပါသွားသည်ဟုသိရကြောင်းနှင့် တပ်ထဲတွင်စစ်ဆေးနေသည်ဟုကြားကြောင်းပြော သည်။
“သူက မနေ့က မနက် ၈ နာရီလောက်မှာ သံတွဲကို ကားနဲ့ထွက်သွားပါတယ်။ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ လူတစ်ယောက် ဖုန်းဆက်လာတယ်။ ကျမယောက်ကျားကို ခမရ ၃၄၆ က စစ်သားတွေဖမ်းသွားတာမြင်လိုက်တယ်ဆိုပြီးပြောတယ်။ ထပ်စုံစမ်းကြည့်တော့ တပ်ထဲမှာရှိတယ် စစ်ဆေးနေတယ်လို့ပြောပါတယ်” ဟုဆိုသည်။
ဖမ်းဆီးခံရသည့် သူများထဲတွင် ကိုအောင်ဝင်းလှိုင် (အသက် ၄၀ ကျော်) တစ်ဦးကိုသာ အတည်ပြုနိုင်သေးပြီး ကျန်ဖမ်းဆီးခံရသည့် သူများကို Western News မှစုံစမ်းနေဆဲဖြစ်သည်။ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စီမံချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား Western News က ဆက်သွယ်ရာတွင် ယင်းဖြစ်စဉ်အား သူမသိရှိသေးကြောင်း ပြန်လည် ဖြေဆိုသည်။
ပြည်ပက ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေးတင်သွင်းခွင့်ပိတ်
ကလေးမြို့တွင် ဒီနေ့ ကိုဗစ်ကြောင့် ၁ ယောက်သေဆုံး
ကလေးမြို့၊ မြို့လှရပ်ကွက်(ယခင်မွန်ထာ)က ဒီနေ့တွင် ကိုဗစ်ရောဂါနဲ့ သက်ကြီးပိုင်း အမျိုးသား ၁ ဦးသေဆုံးသွားပါတယ်။
မနေ့(ဇွန်၅)ရက်က ၃ ဦး သေဆုံးပြီး ခုချိန်ထိ ကလေးမြို့တွင် ကိုဗစ်နဲ့ သေဆုံးသူ ၁၀ ယောက်ရှိပါပြီ။
ဒီမနက် ၁၁:၃၀ အချိန်ထိ ကိုဗစ်ရောဂါ ပိုးတွေ့လူနာသစ် ၁၉ ဦးတွေ့ရှိပါတယ်။
မင်းကင်းမြို့နယ်က ကျောင်းနှစ်ထပ်ဆောင်တစ်လုံး ညသန်ခေါင်ယံအချိန် မီးလောင်
မင်းကင်းမြို့နယ်တောင်တွင်းဒေသ ကြာပင်ကျေးရွာ အထကကျောင်း နှစ်ထပ်ဆောင်မီးလောင်သွားတာပါ။
မနေ့ည (ဇွန်၆) မနက်တစ်နာရီခန့်ကစမီးလောင်တာဖြစ်ပြီးတော့ဘာကြောင့်လောင်တယ်ဆို တာတော့မသိရသေးပါ။