Skip to main content

မိုးဗြဲ

 မိုးဗြဲတွင် ဖမ်းဆီးထားသူများကို လူသားဒိုင်းသဖွယ် စစ်ကောင်စီ အသုံးပြု

ရှမ်းနှင့် ကယားနယ်စပ် မိုးဗြဲမြို့၌ ဇွန် ၄ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး အသက်မပြည့်သေးသူတစ်ဦးလည်းပါဝင်ကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်နှင့် အိမ်နီးနားချင်းအချို့က အတည်ပြုသည်။

ထိုနေ့က ဒေသခံကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲမစမီ မွန်းလွဲပိုင်းတွင် မိုးဗြဲမြို့၊ ပွဲကုန်း(၃)ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က သော့ဖျက်ဝင်ကာ အစောင့်အဖြစ် ကျန်ရှိနေသည့် အမျိုးသားလေးယောက်ကို ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် လူသားဒိုင်းသဖွယ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရိုက်နှက်တယ်။ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်ကို ဗုံးပါတဲ့အိတ် လွယ်ခိုင်းပြီးတော့ ထွက်ပြေးမယ်ဆိုရင်ပစ်မယ်၊ အဲဒီလိုခြိမ်းခြောက်ထားတယ်။ ဗုံးလွယ်ထားတဲ့ လူငယ်နဲ့ ကျွန်တော့်အဖေကို အရှေ့မှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီးတော့ ရှေ့မှာ ကာခိုင်းထားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ မကာခိုင်းဘူး” ပြန်လည်လွတ်မြောက်လာသူ၏တစ်ဦး၏ သားဖြစ်သူက Myanmar Now ကို ပြောသည်။

တိုက်ပွဲဖြစ်ခဲ့သည့်အချိန် ညနေပိုင်းတွင် ဖမ်းဆီးထားသူများ၏ မျက်နှာကို ပုဆိုးစဖြင့်စည်းကာ စစ်ကောင်စီတပ်က အကာအကွယ်သဖွယ်သုံးခဲ့သလို၊ ညဘက်တွင် ပွဲကုန်း(၃)ရပ်ကွက်၊ ရထားသံလမ်းတစ်ဝိုက် တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း ဖမ်းဆီးထားသူလေးဦးကို လက်၌ ကြိုးတုပ်ကာ သံလမ်းအနီး မတ်တပ်ရပ်ခိုင်းကာ အကာအကွယ်ယူ၍ စစ်ကောင်စီတပ်က တိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

"ရထားလမ်းအပေါ်ဘက်မှာ MBPDF (မိုးဗြဲပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေရှိတယ်။ ရထားလမ်းအောက်ဘက်က စစ်အုပ်စုတွေရှိတယ်။ အဲဒီနားမှာ နှစ်ယောက်တစ်တွဲ ကြိုးနဲ့ချည်ထားတယ်။ လူငယ်တစ်ယောက်က ဗုံးပါတဲ့အိတ်ကို လွယ်ထားတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ၏ အိမ်နီးနားချင်းတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သံလမ်းအနီး မတ်တပ်ရပ်ခိုင်းထားချိန်တွင် ဖမ်းဆီးခံရသူ လေးဦးအနက် တစ်ဦးပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသူမှာ အသက် ၄၃ နှစ်အရွယ်ဖြစ်ပြီး စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးသွားသူများထဲတွင် အသက် ၁၇ နှစ်လူငယ်အပြင် အသက် ၅၃ နှစ်နှင့် ၅၆ နှစ်အရွယ်ရှိ အမျိုးသားများဖြစ်ကြသည်။ 

“ညကတည်းက ထွက်ပြေးလွတ်မြောက်လာတာ။ အဲဒါ လွတ်ရာအိမ်တစ်အိမ်မှာ ဝင်ပုန်းပြီးတော့ ဒီမနက်မှ ကျွန်တော်တို့ရှိတဲ့နေရာ သူရောက်လာတာ” ဟု လွတ်မြောက်လာသူ၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။

လွတ်မြောက်လာသူ၏ ခန္ဓာကိုယ်အနှံ့တွင် အရိုက်ခံရသည့် ဒဏ်ရာအများအပြားတွေ့ရပြီး လက်ရှိတွင် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားပြီဟု ၎င်းက ဆက်ပြောသည်။

“လက်မှာ ကြိုးနဲ့ချည်ထားတဲ့ အရာတွေရော။ ထမင်းစားလို့မရတဲ့အခြေအနေထိဖြစ်တယ်။ ကျောကုန်းမှာလည်း အကန်ခံရတဲ့ဒဏ်ရာတွေ အများကြီးပဲ။ ခေါင်းပိုင်းရယ် အံသွားတို့ဘာတို့ ခြေထောက်နဲ့ကန်ခံရလို့ တော်တော်ထိတယ်။ ဘယ်ဘက်မျက်လုံးက ရောင်ကိုင်းပြီး ညိုမဲစွဲနေတယ်” ဟု လွတ်မြောက်လာသူ၏ အိမ်နီးချင်းက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံးလေးဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်‌ ဒေသခံနေအိမ်များပျက်ဆီးခဲ့ကြောင်း၊ ပြည်သူအများအပြားထပ်မံဖမ်းဆီးခံရကြောင်း MBPDF က ထုတ်ပြန်သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇွန် ၅)အထိ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတို့အကြား မိုးဗြဲ၌ တိုက်ပွဲပိုမိုပြင်းထန်ခဲ့သော်လည်း အသေးစိတ်အခြေအနေများကိုမူ မသိရသေးပေ။ 

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှာစ၍ ဇွန်လ ၃ ရက်အထိ ကယားပြည်နယ်တွင် စစ်ကောင်စီတပ်လက်ချက်ကြောင့် ပြည်သူနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ခန့် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။




Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...