Skip to main content

မိုးဗြဲ

 မိုးဗြဲတွင် ဖမ်းဆီးထားသူများကို လူသားဒိုင်းသဖွယ် စစ်ကောင်စီ အသုံးပြု

ရှမ်းနှင့် ကယားနယ်စပ် မိုးဗြဲမြို့၌ ဇွန် ၄ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး အသက်မပြည့်သေးသူတစ်ဦးလည်းပါဝင်ကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်နှင့် အိမ်နီးနားချင်းအချို့က အတည်ပြုသည်။

ထိုနေ့က ဒေသခံကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲမစမီ မွန်းလွဲပိုင်းတွင် မိုးဗြဲမြို့၊ ပွဲကုန်း(၃)ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က သော့ဖျက်ဝင်ကာ အစောင့်အဖြစ် ကျန်ရှိနေသည့် အမျိုးသားလေးယောက်ကို ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် လူသားဒိုင်းသဖွယ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရိုက်နှက်တယ်။ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်ကို ဗုံးပါတဲ့အိတ် လွယ်ခိုင်းပြီးတော့ ထွက်ပြေးမယ်ဆိုရင်ပစ်မယ်၊ အဲဒီလိုခြိမ်းခြောက်ထားတယ်။ ဗုံးလွယ်ထားတဲ့ လူငယ်နဲ့ ကျွန်တော့်အဖေကို အရှေ့မှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီးတော့ ရှေ့မှာ ကာခိုင်းထားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ မကာခိုင်းဘူး” ပြန်လည်လွတ်မြောက်လာသူ၏တစ်ဦး၏ သားဖြစ်သူက Myanmar Now ကို ပြောသည်။

တိုက်ပွဲဖြစ်ခဲ့သည့်အချိန် ညနေပိုင်းတွင် ဖမ်းဆီးထားသူများ၏ မျက်နှာကို ပုဆိုးစဖြင့်စည်းကာ စစ်ကောင်စီတပ်က အကာအကွယ်သဖွယ်သုံးခဲ့သလို၊ ညဘက်တွင် ပွဲကုန်း(၃)ရပ်ကွက်၊ ရထားသံလမ်းတစ်ဝိုက် တိုက်ပွဲဖြစ်ပွားနေချိန်တွင်လည်း ဖမ်းဆီးထားသူလေးဦးကို လက်၌ ကြိုးတုပ်ကာ သံလမ်းအနီး မတ်တပ်ရပ်ခိုင်းကာ အကာအကွယ်ယူ၍ စစ်ကောင်စီတပ်က တိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

"ရထားလမ်းအပေါ်ဘက်မှာ MBPDF (မိုးဗြဲပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေရှိတယ်။ ရထားလမ်းအောက်ဘက်က စစ်အုပ်စုတွေရှိတယ်။ အဲဒီနားမှာ နှစ်ယောက်တစ်တွဲ ကြိုးနဲ့ချည်ထားတယ်။ လူငယ်တစ်ယောက်က ဗုံးပါတဲ့အိတ်ကို လွယ်ထားတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ၏ အိမ်နီးနားချင်းတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သံလမ်းအနီး မတ်တပ်ရပ်ခိုင်းထားချိန်တွင် ဖမ်းဆီးခံရသူ လေးဦးအနက် တစ်ဦးပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသူမှာ အသက် ၄၃ နှစ်အရွယ်ဖြစ်ပြီး စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးသွားသူများထဲတွင် အသက် ၁၇ နှစ်လူငယ်အပြင် အသက် ၅၃ နှစ်နှင့် ၅၆ နှစ်အရွယ်ရှိ အမျိုးသားများဖြစ်ကြသည်။ 

“ညကတည်းက ထွက်ပြေးလွတ်မြောက်လာတာ။ အဲဒါ လွတ်ရာအိမ်တစ်အိမ်မှာ ဝင်ပုန်းပြီးတော့ ဒီမနက်မှ ကျွန်တော်တို့ရှိတဲ့နေရာ သူရောက်လာတာ” ဟု လွတ်မြောက်လာသူ၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။

လွတ်မြောက်လာသူ၏ ခန္ဓာကိုယ်အနှံ့တွင် အရိုက်ခံရသည့် ဒဏ်ရာအများအပြားတွေ့ရပြီး လက်ရှိတွင် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားပြီဟု ၎င်းက ဆက်ပြောသည်။

“လက်မှာ ကြိုးနဲ့ချည်ထားတဲ့ အရာတွေရော။ ထမင်းစားလို့မရတဲ့အခြေအနေထိဖြစ်တယ်။ ကျောကုန်းမှာလည်း အကန်ခံရတဲ့ဒဏ်ရာတွေ အများကြီးပဲ။ ခေါင်းပိုင်းရယ် အံသွားတို့ဘာတို့ ခြေထောက်နဲ့ကန်ခံရလို့ တော်တော်ထိတယ်။ ဘယ်ဘက်မျက်လုံးက ရောင်ကိုင်းပြီး ညိုမဲစွဲနေတယ်” ဟု လွတ်မြောက်လာသူ၏ အိမ်နီးချင်းက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံးလေးဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်‌ ဒေသခံနေအိမ်များပျက်ဆီးခဲ့ကြောင်း၊ ပြည်သူအများအပြားထပ်မံဖမ်းဆီးခံရကြောင်း MBPDF က ထုတ်ပြန်သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇွန် ၅)အထိ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတို့အကြား မိုးဗြဲ၌ တိုက်ပွဲပိုမိုပြင်းထန်ခဲ့သော်လည်း အသေးစိတ်အခြေအနေများကိုမူ မသိရသေးပေ။ 

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှာစ၍ ဇွန်လ ၃ ရက်အထိ ကယားပြည်နယ်တွင် စစ်ကောင်စီတပ်လက်ချက်ကြောင့် ပြည်သူနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ခန့် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။




Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...