Skip to main content

မှူးဇော်

 

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သော ဦးဇော်ဌေးသည် နေပြည်တော်ရှိ စစ်ကြောရေး ရိပ်သာတွင် ထိန်းသိမ်းခံနေရာမှ မကြာသေးမီက ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အာဏာသိမ်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး စစ်ကောင်စီက ဦးဇော်ဌေးအား ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှ အနားပေး လိုက်ကြောင်းလည်း သိရသည်။

နေပြည်တော်ရှိ အမည်မဖော်လိုသော စစ်ဘက် သတင်းရင်းမြစ်တဦးက “တပတ် ဆယ်ရက်လောက်တောင် ရှိပါပြီ။ ဒါပေမယ့် သိပ်ရှေ့ မထွက်ဖို့နဲ့ အေးအေးဆေးဆေးပဲနေဖို့ မှာလိုက်ပုံမျိုးတော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် အပြင်ပြန်ရောက်လာတာ ကောင်းပါတယ်၊ အလုပ်တာဝန်ကလည်း အငြိမ်းစားပေးလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း NLD အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ထိန်းသိမ်းခံရကြောင်း သတင်းများထွက်ပေါ် ခဲ့သလို၊ စစ်ကောင်စီက မူလတာဝန်များကို ဆက်လက် ပေးအပ်သော်လည်း ရုံးတရက်သာ တက်ပြီး နုတ်ထွက်စာတင်သဖြင့် စစ်ကောင်စီက မကျေနပ်၍ အကျယ်ချုပ် ခေါ်ယူထိန်းသိမ်းခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ညွှန်ချုပ်အဆင့် အစိုးရ အရာရှိကြီးများ နေထိုင်သည့် နေပြည်တော် လွှတ်တော်အနီးရှိ ရပ်ကွက်ကို အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်တပ်များက ပိတ်ဆို့ထားပြီးနောက် ၎င်း၏ အိမ်ရှေ့တွင်လည်း စစ်ကားများ၊ တင့်ကားများ မြင်တွေ့ခဲ့ရသည်။

ဦးဇော်ဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ မှ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ထက်တွင် နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခံရသူ ဗိုလ်ချုပ်ကြီးစိုးဝင်း အစိုးရအဖွဲ့ရုံးသို့ ပြောင်းရွှေ့လာသည့်အခါ ထိုစဉ်က ဗိုလ်မှူးဇော်ဌေးမှာ အစိုးရ အရာရှိတဦးအဖြစ် အရပ်ဘက်သို့ လိုက်ပါခဲ့သည်။

ဦးဇော်ဌေးနှင့် အပတ်စဉ်တူ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ မှ လက်ရှိ စစ်ကောင်စီထံတွင် အလုပ်လုပ်နေသူများမှာ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်း လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် မင်းသူတို့ ဖြစ်သည်။

စစ်ဘက်အငြိမ်စား အရာရှိ ဦးဇော်ဌေးသည် မြန်မာပြည်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အရပ်သား အစိုးရတပိုင်း ဖြစ်သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း သမ္မတရုံး ညွှန်ကြားရေးမှူးနှင့် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရသည့်အခါ သမ္မတဖြစ်ခွင့်မရှိသူ ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီးချုပ် အဆင့်ရှိသည့် ရာထူးတခုဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ဖန်တီးလိုက်ပြီးနောက် ၎င်းကို အထောက်အကူပြုရန် ဖွဲ့စည်းထားသော နိုင်ငံတော်အတိုင်ပင်ခံရုံးတွင် ဦးဇော်ဌေးသည် ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။

အစိုးရအဆက်ဆက် နိုင်ငံတော်အဆင့် လူကြီးများနှင့် အနီးကပ် ဆက်ဆံခံခဲ့ရသူ ဦးဇော်ဌေးသည် ဒေါ်အောင်ဆန်းစုကြည်ထံတွင်လည်း နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရပြီး NLD အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင်အရေးကိစ္စရပ်များတွင် အစိုးရ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရသည်။ 

ထို့ပြင် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တဦးလည်းဖြစ်သူ ဦးဇော်ဌေးသည် NLD အစိုးရ၏ သဘောထား၊ အာဘော်များကို လစဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး ရှင်းလင်းပြောဆိုပေးရသူ တဦးလည်း ဖြစ်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲကာလ နိုင်ငံရေးအရ ယှဉ်ပြိုင်မှုများ ပြင်းထန်နေစဉ်နှင့် ရွေးကောက်ပွဲရလဒ်အပေါ် ပြောဆိုကန့်ကွက်နေသည့် တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကို အစိုးရကိုယ်စား တုံ့ပြန်ရသည့် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတချို့၌ ဦးဇော်ဌေး ပြောဆိုချက်များက စစ်တပ်က ဘဝင်မကျစရာများ ဖြစ်ခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပေါ်ပြူလာဂျာနယ်တို့ ပြုလုပ်သည့် အင်တာဗျူး တခုတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်တွင် လုပ်မှားကိုင်မှားများ ရှိပါက အစိုးရက တာ ဝန်ယူရမည်ဆိုသော ပြောဆိုချက်အပေါ် ဦးဇော်ဌေးက ၂၀၂၀ နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲ၌ ပြန်လည် တုံ့ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်သည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတခု ဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေဘဲ စိုးရိမ်မှုနှင့် မတည်ငြိမ်မှုများ ဖြစ်စေရေးကိုသာ အားပေးရာရောက်ကြောင်း ဦးဇော်ဌေးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီနှင့် နီးစပ်သူ တဦးက “အာဏာမသိမ်းမီ နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတာတွေကို တပ်ချုပ်က တော်တော် စိတ်ဆိုးတယ်လို့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲရလဒ်ကို ဝေဖန်တဲ့လူတွေ၊ အဖွဲ့အစည်းတွေက Political Suicide နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်မယ်ဆိုပြီး ပြောတာ။ သူက အစိုးရ ပြောခွင့်ရသူအနေနဲ့ မဟုတ်ဘဲ ပါတီတခုရဲ့ ပြောခွင့်ရသူပုံစံမျိုး ဖြစ်သွားတယ်ဆိုပြီး ဒီဘက်က တော်တော်တင်းသွားတာ” ဟု ပြောပြသည်။ 

အဆိုပါ သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၁၊ ဇန်နဝါရီလ ၈ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲအရှုံး လက်မခံဘဲ မဟုတ်မမှန် ဝေဖန်ပြောကြားနေသည့် အဖွဲ့များ၊ ပုဂ္ဂိုလ်များအနေဖြင့် “ကိုယ့်နိုင်ငံရေးကိုယ် ပြန်သတ်သည့် နိုင်ငံရေး ဆွဲကြိုးချခြင်း” ဖြစ်လိမ့်မည်ဟု ဦးဇော်ဌေးက ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ယင်းနောက်ပိုင်းတွင် အစိုးရနှင့် တပ်မတော်ကြား ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ပေါ်ပေါက်လာသည့် နိုင်ငံရေး အကျပ်အတည်းကို ကျော်ဖြတ်ရန် တွေ့ဆုံဆွေးနွေးမှုတချို့ ရှိခဲ့ရာ အစောပိုင်း ဆွေးနွေးမှုများ၌ အစိုးရဘက်မှ ကိုယ်စား လှယ်အဖြစ် ဦးဇော်ဌေးလည်း ပါဝင်ခဲ့သည်။

ဦးဇော်ဌေးသည် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်နေ့ ညတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်သီဆိုလေ့ရှိသော ကွယ်လွန်သူ တေးသံရှင် ခင်မောင်တိုး၏ “ခွန်အားဖြည့်မိငယ်” သီချင်းကို ဂစ်တာတီးပြီး ခံစားချက်အပြည့်နှင့် သီဆိုသွားခဲ့သေးကြောင်း ၎င်းနှင့်နီးစပ်သူတချို့ထံမှ သိရှိရသည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...