Skip to main content

၂၀၂၁-၀၆-၁၉ အထွေထွေ ပန်းသပိတ်



မန္တလေး ကျုံးဘေးမှာ ပန်းသပိတ်ပြုလုပ်တဲ့ လူငယ်အချို့ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး

မဇ္စျိမ၊ဇွန်-၁၉

ဇွန်လ ၁၉ရက်၊ညနေပိုင်းက မန္တလေးမြို့၊ကျုံးဘေး၊၇၀လမ်း၊၂၆လမ်းထောင်းမှာ

"Stand for the true, your people,your dignity,your future, ASEAN.မင်းလူမျိုး၊မင်းဂုဏ်သိက္ခာနဲ့ မင်းရဲ့အနာဂတ်အတွက် အမှန်တရားဘက်က ရပ်တည်ပါ အာဆီယံ။"လို့ ရေးသားထားတဲ့ စာတန်းပါ ဆိုင်းဘုတ်နဲ့ပန်းသပိတ်ပြုလုပ်တဲ့ လူငယ်အချို့ကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပါတယ်။




မွေးနေ့မှာ နှင်းဆီပန်းဝေတဲ့ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ၁၀ ကျော် ဖမ်းဆီးခံရ

ပြင်ဦးလွင်- လားရှိုးလမ်းမကြီး စံပြကွေ့အနီးမှာတည်ရှိတဲ့ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ဆယ့်နှစ်ဦးကို နှင်းဆီပန်းသပိတ်ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ (ဇွန်လ ၁၉ ရက်) မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Café 99 ဆိုင်တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

Café 99 ကော်ဖီဆိုင်ရဲ့ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “အဲဒါကကျတော့ ကျနော်တို့ရဲ့ ဆိုင်ရှင်ပေါ့နော်။ အန်တီရဲ့မွေးနေ့။ သူတို့က ယတြာချေတယ်ပေါ့နော်။ ယတြာချေမယ်ဆိုပြီးတော့ ပန်းတွေနဲ့ အဲလိုလုပ်တာ။ အဲဒါကို သူတို့က ပန်းသပိတ်တို့ဘာတို့ဆိုပြီးတော့ စွပ်စွဲတာနေမှာပေါ့။ ကျနော်တို့က မွေးနေ့ကိတ်တွေ ဘာတွေတောင် ခွဲဖို့ပြင်ထားပြီးပြီ” လို့ ပြောပါတယ်။

Café 99 ကော်ဖီဆိုင်ပိုင်ရှင်က သူရဲ့ မွေးနေ့အလှူအဖြစ် ဒီမနက် ဆိုင်သို့လာရာက် စားသုံးသူတွေကို နှင်းဆီပန်းတစ်ပွင့်စီ လက်ဆောင်ပေးခဲ့တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီ ရဲနဲ့ စစ်တပ်က ဆိုင်သို့လာရောက် မေးမြန်းပြီး ဆိုင်ပိုင်ရှင် သုံးဦးနဲ့ ဝန်ထမ်း ကိုးဦး စုစုပေါင်း ဆယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ပန်းသပိတ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ Café 99 ဆိုင်ပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို အန္တရာယ်ကင်းကင်းနဲ့ ပြန်လွှတ်ပေးစေချင်တယ်လို့ Café 99 ဆိုင်တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်သူတွေက ခေါင်းမှာပန်းပန်ပြီး မွေးနေ့ဆုတောင်းစကားတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားကြသလို ပန်းသပိတ်တွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

နေပြည်တော် ဒုတိယ မြို့တော်ဝန်ဟောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ဦးရဲမင်းဦးသည် စစ်ကောင်စီ၏ စစ်ကြောရေးတွင် နံရိုးကျိုးခဲ့သော်လည်း ယခုအခါ အင်းစိန်ထောင်တွင် ရောက်ရှိနေပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ၎င်းကို စွပ်စွဲထားသည့် ပုဒ်မ ၄၀၉ ဖြင့် အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထုတ်သော် လည်း စစ်ဆေးခြင်း မရှိသေးဘဲ ယင်းအမှုကို ယာယီ ဆိုင်းငံထားကြောင်း၊ ထပ်မံ စွပ်စွဲထားသည့် အဂတိလိုက်စားမှုဖြင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ရှေနေ့ အသိုင်းအဝိုင်းမှ သိရသည်။

၎င်းစွပ်စွဲခံထားရသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ မှာ“ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည် ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု” ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တ သက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ဦးရဲမင်းဦးသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လရောင်တော စီမံကိန်း မြေနေရာ ချထားပေးမှု တွင် လုပ်ထုံးလုပ်နည်းစည်းကမ်းများ ဖောက်ဖျက်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က အဂတိ လိုက်စားမှု ပုဒ်မ ၅၅/၆၃ ဖြင့် ထပ်မံ အမှုဖွင့်ခြင်း ခံထားရသည်။

“သူ(ဦးရဲမင်းဦး)ကတော့ ကျန်းမာရေး ကောင်းတယ်။ သားသတ်လွတ်သမားလည်း ဖြစ်တော့ အခုတော့ အဆင်ပြေနေပြီ။ အရင် နံရိုးထိတဲ့ ဒဏ်ရာကိုတော့ ကုပေးတယ်လို့ သိရတယ်။ အင်းစိန်ထောင်ကို ရောက်လာတော့ ကောင်းသွားပြီ။ နံရိုး ထိတာ ဟုတ်တယ်လို့ သူကိုယ်တိုင် ပြောတယ်”ဟု ၎င်း၏ ရှေ့နေတဦးက ပြောသည်။

၎င်းက ဆက်၍ “သူရဲ့ ၄၀၉ အမှုက ဒီတိုင်းပဲ Pending လုပ်ထားတယ်။ ရုံးကတော့ နှစ်ပတ်တခါ ပုံမှန်ထုတ်တယ်။ အမှု တော့ မစစ်ဘူး။ ဘာမှ မလုပ်သေးဘူး။ ၄၀၉ ကတော့ ဒဂုံမြို့နယ် တရားရုံးကနေ အဆွဲခံရတာပါ”ဟု ရှင်းပြသည်။

ဦးရဲမင်းဦးနှင့်အတူ အခြား NLD ခေါင်းဆောင်များ ဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဦးနိုင်ငံလင်း၊ ဦးစိုး လေး၊ ဦးဘမျိုးသိမ်းနှင့် NLD လူငယ် မမိုးဆန်းစုကြည်တို့လည်း အင်းစိန်ထောင်ထဲတွင် ရောက်ရှိနေကြပြီး အင်းစိန် ထောင် အထူးတရားရုံးများတွင် ရုံးထုတ်စစ်ဆေးခံနေရသည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ပဲခူးမြို့ တွင် အဖမ်းခံခဲ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီ မေမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့လည်း အင်းစိန်ထောင်ထဲတွင် ရောက်ရှိနေသည်။

ဒေါ်နီနီမေမြင့်၏ အမျိုးသား ကိုလင်းနိုင်က“ကျနော် အမျိုးသမီးလည်း အင်းစိန်ထောင်မှာပဲလို့ သိရတယ်။ ပြီးခဲ့တဲ့ ၅ ရက် လောက်က လှိုင်သာယာ တရားရုံးကနေ ထောင် ၃ နှစ် ချလိုက်တယ်။ ဘာပုဒ်မလဲတောင် မသိရဘူး။ အမိန့်ချတဲ့နေ့က တွေ့ ဖို့ စကားပြောခွင့်ရဖို့ ကြိုးစားတာလည်း မရလိုက်ပါဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် မေလဆန်းက ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ရှိနေစဉ် အဖမ်းခံခဲ့ရသည့် အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးဘမျိုးသိန်း၊ ရခိုင်ပြည်နယ် NLD ဒု-ဥက္ကဌ ဦးစိုးလေး (ခ)ဦးစိုးဝင်းတို့မှာလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံရပြီး အင်းစိန်ထောင်တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကိုလည်း ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ထားပြီး အင်းစိန် ထောင်ထဲတွင် အမှုဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။

ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရပြီး အင်းစိန်ထောင်ထဲတွင်ပင် ရုံးထုတ်စစ်ဆေးခံရမည့် သူများမှာ NLD ပါတီ အတွင်း ရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဗဟိုအလုပ်မှုဆောင် ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဒေါက်တာ မျိုးညွှန့်နှင့် ရန်ကုန်မြို့ စည်ပင် သာယာရေး ကော်မတီဝင်ဟောင်း ဒေါ်သန်းမြင့်အောင်တို့ ဖြစ်ကြောင်း သိရသည်။

NLD ပါတီ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်၊ မကွေးတိုင်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သူ ဒေါက်တာ အောင်မိုးညိုကို ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ပုဒ်မ ၅၀၅ (ခ)ဖြင့် မကွေးမြို့ အကျဉ်းထောင်ရှိ အထူးတရားရုံးက အလုပ် နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

Source: Irrawaddy 


ကလေးမြို့မှ ၄ ဦးကို လက်နက်ကိုင်တို့ ပစ်သတ်ပြီး ပစ္စည်းလုယက်

ဇွန် ၁၉ ၊ ည ၈ နာရီခွဲဝန်းကျင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်တွင် နေအိမ်တစ်အိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ယူနီဖောင်းဝတ် ၁၀ ဦးခန့်က အိမ်ထဲမှ ထွက်လာသည့်  ဦးဝင်းဇော်ဦးနှင့် သားဖြစ်သူကို  ပစ်ခတ်ခဲ့ပြီး နေအိမ်အတွင်း ဝင်ကာ ၎င်း၏ ဇနီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးကိုလည်း ပစ်သတ်ခဲ့သည်။  

ထိုသို့ ပစ်ခတ်ပြီး နာရီဝက်ခန့်အကြာ Mark II တစ်စီး၊ Surf တစ်စီးနှင့် စစ်ကား (FAW ကား) တစ်စီးအပါအဝင် ကား ၆ စီး ရောက်ရှိလာပြီး ရုပ်အလောင်းများ၊ ပစ္စည်းများကို ခေါက်တုံ့ခေါက်ပြန်သယ်ယူခဲ့ကာ ည ၁၂ နာရီခွဲဝန်းကျင်တွင် ထွက်ခွာသွားကြကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

“ ၈ နာရီခွဲလောက်မှာ ဖြစ်စဉ်ဖြစ်ပြီး နာရီဝက်လောက်ပဲကြာတယ် ထင်တယ်။ ကားတွေရောက်လာတော့တာ။ ကားတွေနဲ့ အလောင်းတွေရယ်၊ ဆန်အိတ်တို့၊ စားအုန်းဆီတို့၊ ပရိဘောဂတွေတချို့တဝက်ယူသွားတယ်။ CCTV နဲ့ ကင်မရာတွေ အကုန်ရိုက်ခွဲဖျက်ဆီးထားတယ်” ဟု ညောင်ပင်သာရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။ 

”လည်ပင်းမှာ ချည်ထားတဲ့ အစအမှတ်အသားတွေရယ်၊ စစ်အဝတ်အစားရယ်၊ နောက်လာတဲ့အဖွဲ့နဲ့ ပူးပေါင်းတာကို ကြည့်ခြင်းအားဖြင့် စစ်တပ်ကလို့ ပြောလို့ရတယ်” 

သို့သော်လည်း စစ်ကောင်စီကမူ ထိုလုပ်ရပ်သည် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့၀င်များ၏ လက်ချက်ဟု နောက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

ဇွန် ၂၁ ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွင်မူ ဦးဝင်းဇော်ဦးတို့မိသားစုကို NLD ပါတီထောက်ခံသူများနှင့် ဆူပူအကြမ်းဖက်သမားများက လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ 

အသက် ၅၀ အရွယ် ဦးဝင်းဇော်ဦးသည် နေအိမ်ရှေ့လမ်းဘေးတွင် ဝဲဘက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဇနီး အသက် ၄၈ နှစ်အရွယ် ဒေါ်စန်းစန်းမော်၊ သားဖြစ်သူ အသက် ၂၃ ဝန်းကျင် ကိုသီဟအောင်နှင့် ယောက်ဖဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုဇော်ဇော်တို့မှာ မျက်နှာ၊ နောက်ကျော၊ ရင်အုံတို့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သမီးဖြစ်သူ မစန်းရွှေဦးတွင် ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာ၊ မျက်ခုံးဖူးယောင်ဒဏ်ရာများ ရရှိထားပြီး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း ပါရှိသည်။

ဒေသခံများကမူ အဆိုပါမိသားစုသည် သစ်ခွဲစက်လုပ်ငန်းလုပ်ကိုင်သူများဖြစ်ပြီး ကလေးမြို့ပေါ်ရှိ စစ်ကောင်စီအာဏာပိုင်များနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်နေသူများဖြစ်သော်လည်း ရပ်ကွက်နှင့် အဆင်ပြေကြသူများဖြစ်ကြောင်း ပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် မိသားစုဝင်လေးဦး၏ ရုပ်အလောင်းများကို ဇွန် ၂၀ မနက် ၁၀ နာရီဝန်းကျင်၌ နေအိမ်သို့ ပြန်လည်သယ်ယူကာ ယင်းနေ့ညနေမှာပင် ကလေးမြို့၊ ဒိုးဝိုင်းချောင်သုဿာန်တွင် သင်္ဂြိုဟ်သည်။




Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...