ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီပိုင်ဆိုင်သောမြေယာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သိမ်းပိုက်ထားပြီဖြစ်သောကြောင့် လက်ရှိထိုမြေနေရာများတွင် စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများအတွက် မြေယာ ဦးယူပိုင်ဆိုင်ခြင်း မပြုရန် KIO အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးရုံးက ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။
ဝါရာဇွပ်ကျေးရွာအုပ်စု ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို KIA က ပြီးခဲ့သည့် ဧပြီလနှင့် မေလတွင် ၂ကြိမ် မီးရှို့ဖျက်ဆီး သိမ်းယူမှုများပြုလုပ်ခဲ့ပြီးနောက် ထိုနေရာတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ချို့က မိမိတို့ ကိုယ်ကျိုးစီးပွားရေးအတွက် မြေယာဦးယူမှုများရှိလာသောကြောင့် သတိပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။
ယုဇနကုမ္ပဏီ ထွက်ခွာသွားပြီးနောက် ဒေသခံများကြား မြေယာခွဲဝေမှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုမရှိစေရန်နှင့် လုပ်ငန်းရှင်များထံမှ ကာကွယ်ပေးရန် KIO တပ်ရင်း၊ တပ်မဟာ နှင့် ဗဟိုအထိ စာတင်ပြတောင်းဆိုမှုများပြုလုပ်ထားကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက KNG ကို ပြောပြသည်။
“KIO/KIA ကနေ အခုလို ယုဇနကုမ္ပဏီကို မောင်းထုတ်ပြီး မြေယာတွေ ပြန်လည်သိမ်းယူ လိုက်တယ်။ ဒါကို တစ်ချို့ ငွေကြေးတတ်နိုင်တဲ့ သူတွေ၊ အာဏာရတဲ့သူတွေက ပြန်ပြီး လွှမ်းမိုးလာတယ်။ ဦးပိုင်အဖြစ် မြေယာတွေ ပြန်ယူလာတယ်။ ဒေသခံတွေက အခုချိန်ထိ တစ်ခုမှမယူရသေးဘူး။ ကျနော်တို့ဒေသခံတွေက ဒါကို KIA က တာဝန်ယူ အမြန်ဖြေရှင်ပေးဖို့တောင်းဆိုခဲ့ကြတာ ဟုတ်တယ်” ဟု ပြောဆိုသည်။
ထုတ်ပြန်ချက်တွင် ယခင်က ယုဇနကုမ္ပဏီသိမ်းယူခဲ့သည့် လယ်ယာမြေများကို လက်ရှိ KIO က ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ မြေယာခွဲဝေမှုပြုလုပ်ပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယုဇနကုမ္ပဏီဝင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကို မိမိကျေးရွာဒေသအတွင်း နေထိုင်ခွင့်နှင့် အကာအကွယ်ပေးသည့် လုပ်ရပ်မှုများ ရှောင်ကျဉ်ကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားသည်။
ယုဇနကုမ္ပဏီဝင်းအတွင်းရှိ ဂိုဒေါင်များ၊ အုပ်နံရံများနှင့် ဝန်ထမ်းဆောင်များကို KIA က မီးရှို့ဖျက်ဆီးပေးခဲ့ပြီးနောက် ၎င်း ကုမ္ပဏီဝင်းတွင် နေထိုင်သည့်သူများက ဧပြီလအတွင်းမှာ ပြင် ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂၀၀၆ ခုနှစ် ဦးသန်းရွှေ စစ်ခေါင်းဆောင်လက်ထက်က ဟူးကောင်းဒေသခံဌာနေသားများ၏ မြေဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီက သိမ်းယူကာ လုပ်ကိုင်ခဲ့ပြီး ၎င်းတို့က လီဒိုလမ်းတစ်လျှောက် အာဏာသိမ်းစစ်တပ်ရင်းများနှင့် ပြည်သူ့စစ်များက ကာကွယ်မှု ပေးခဲ့ကြကြောင်း သိရသည်။
တအာင်းဒေသအတွင်းရှိ non-CDM ဝန်ထမ်းများကို အရေးယူမှုတွေ ပြုလုပ်မည်ဟု တအာင်း(ပလောင်) ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေးထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲမြို့များတွင် CRPH ၏ လမ်းညွှန်ချက်များနှင့်အညီ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး အဆိုပါဒေသများအတွင်းမှ non-CDM ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ နေရပ်ဇာတိသို့ ပြန်ကြရန်နှင့် လုံခြုံရေးကိစ္စ တစုံတရာဖြစ်လာပါက ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ရွှေပြည်သာမှာ မြို့နယ်ကိုဗစ်ကော်မတီက Quarantine Center အတွက် ပြင်ဆင်
ရန်ကုန်မှာ ရွှေပြည်သာမြို့နယ်ကိုဗစ်ကော်မတီက ကိုဗစ်လူနာတွေ များလာတဲ့အခါနဲ့ ထိတွေ့မှု ရှိသူတွေကို ထားနိုင်တဲ့ Quarantine Center ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။
မြို့နယ်ကိုဗစ်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ ပြင်ဆင်နေတာဖြစ်ပြီး ရန်ကုန်မှာ ကိုဗစ်ဖြစ်ပွားမှုတွေအတွက် စေတနာရှင် လုပ်အားပေးတွေ၊ ကြက်ခြေနီတွေနဲ့အတူ ကြိုတင်ပြင်ဆင်တာလို့လည်းမြို့နယ်ကိုဗစ်ကော်မတီဘက်က ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် လူနာ ၁၄၄,၈၇၆ ဦး ရှိနေပြီး သေဆုံးသူ ၃,၂၃၇ ဦး ရှိပါတယ်။
Photo Credit-CJ
တောင်တွင်းကြီးမြို့က ဓာတ်ပုံဆရာတစ်ဦးကို အကြမ်း ဖက်စစ်ကောင်စီက ဖမ်းဆီးသွား
တောင်တွင်းကြီးမြို့မှာ ဇွန်လ ၁၀ ရက် နေ့ညဦးပိုင်း ဓာတ်ပုံဆရာကိုမျိုးဝင်းအောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
''မနေ့က ည ၇ နာရီ ကျော်လောက်က သူ့အိမ်ကို စစ်သား တွေနဲ့ရဲ တွေလာ ခေါ်သွားတာ။ စစ်ဆေးစရာရှိလို့တဲ့လေ။ ဘာကြောင့်မှန်းမသိဘူး။ ဘယ်ခေါ်သွားမှန်းလည်း မသိဘူး'' လို့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူမှာ ကိုမျိုးဝင်းအောင် (ခေါ်) ကိုမျိုး ဖြစ်ပြီး ကိုယ်ပိုင်ဓာတ်ပုံဆိုင်ဖွင့်လှစ်ထားကာ တောင်တွင်းကြီးမြို့၊ တောင်ပြင် (၁) ရပ်ကွက်၊ နှင်းဆီလမ်းက နေအိမ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီက တောင်တွင်းကြီးမြို့နယ်ခန်းမတွင် တပ်စွဲထားပြီး ဖမ်းဆီးလာသူများကို အဆိုပါမြို့နယ်ခန်းမအတွင်း၌ စစ်ကြောရေးပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါတယ်။
ရေနံချောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက တက္ကသိုလ်ကျောင်းသားအသက် ၁၉ နှစ်အရွယ် မောင်ချစ်ကိုဝင်းကို ပစ်သတ်
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အသက် ၁၉ နှစ်အရွယ် မောင်ချစ်သဲ(ခ) ချစ်ကိုဝင်းကို ယမန်နေ့ည ၈ နာရီကျော်အချိန်တွင် ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရေနံချောင်းမြို့နယ်၊ နဂါးကုန်းရပ်ကွက်နေ ဦးတင်ဝင်း +ဒေါ်ခင်မှီ(နဂါးကုန်း )တို့၏သား မောင်ချစ်သဲ(ခ)ချစ်ကိုဝင်းသည် ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီကျော် ဆိုင်ကယ်ဖြင့် ရေနံချောင်း GTI ကျောင်းရှေ့မှ ဖြတ်သန်းစဉ် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
" သိရသလောက်ကတော့ သူတို့ ရှိနေတဲ့ GTI ကျောင်းရှေ့ ဆိုင်ကယ်နဲ့ ဖြတ်လို့ ပစ်တာ။ အဲဒါပွဲချင်းပြီးဆုံးတယ်။ အခုတော့ အလောင်းက ရွှေဘုံသာ သုသာန် ဇရပ်ပေါ်ရောက်နေပြီ။ ဘယ်လိုခေါ်မလဲဆိုတော့ ဘာမှ အမေးအမြန်းမရှိဘဲ ပစ်သတ်တာ။ ဆုံးတဲ့ကလေးက တက္ကသိုလ်ကျောင်းသားလို့လည်းသိရတယ်။ ဒီလိုမျိုး ပြည်သူတွေကို လူတွေကို လက်လွတ်စပယ် ပစ်သတ်ခွင့်ရှိသလားပေါ့။ လက်နက်အားကိုးနဲ့ ပြည်သူကို သတ်ဖြတ်တဲ့ ယုတ်မာတဲ့လုပ်ရပ်ပါ" ဟု ရေနံချောင်းမြို့ခံတစ်ဦးက ပြောသည်။
မောင်ချစ်ကိုဝင်းသည် အဝေးသင်တက္ကသိုလ် သမိုင်းမေဂျာဖြင့် တက်ရောက် ပညာသင်ယူနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။
ဒေါ်အောဆင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ လယ်ဝေးမြို့နယ်ထဲက ညီညီဆိုသူရဲ့ အိမ်မှာ ဗုံးပေါက်ကွဲ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ပုဒ်မနဲ့ တရားစွဲဆိုထားတဲ့ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဟေမန်ကျေးရွာက ညီညီဆိုသူရဲ့ နေအိမ်မှာ မနေ့ညက ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ည ၁၁ နာရီလောက်မှာ ဟေမာန်ရွာက ဒလန်ညီညီ ဆိုသူအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာပါ။ ဗုံးမပေါက်ခင် သူ့အိမ်ထဲကနေ အော်ဟစ်အကူညီတောင်းသံကြားပြီး သိပ်မကြာဘူး ဗုံးပေါက်ကွဲတာပဲ၊ ဗုံးပေါက်တာနဲ့ ရွာသားတွေ တုတ်တွေဓားတွေ လှံတွေနဲ့ ထွက်လာပီး ဗုံးထောင်တဲ့အဖွဲ့ထင်တယ် သူတို့နောက်လိုက်တော့ ဟိုဘက်က သေနတ်နဲ့ လေးငါးချက်လောက် ပြန်ပစ်တာ ရွာသတဦးလည်း ခြေထောက်ကို သေနတ်မှန်ပြီး ဆေးရုံပို့ထားရတယ် " လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ ညီညီဆိုသူက ပြီးခဲ့တဲ့မေလ ပထမပတ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒက္ခိဏခရိုင်တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မနဲ့ တရားစွဲဆိုခဲ့သူဖြစ်ပြီး၊ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ အမာခံထောက်ခံသူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
"သူ့ကိုတိုက်ခိုက်ခံရတာ ဒါတတိယအကြိမ်မြောက်ဖြစ်တယ်။ မေလထဲမှာပဲ ပထမတခါ ဗုံးနဲ့တိုက်ခိုက်ခံရတယ်။ ဒုတိယတခါ သေနတ်နဲ့ တိုက်ခိုက်ခံရတယ်။ အခု တတိယလည်း ဗုံးနဲ့ တိုက်ခိုက်ခံရတာပါ။ အခုသူ့ကို လယ်ဝေးမြို့နယ် သာဝတ္တိနယ်မြေရဲစခန်းမှာ ခေါ်ထားပါတယ်တဲ့။ နည်းနည်းပဲ ထိထားတယ်လို့ပြောတယ်" လို့ အဆိုပါဒေသခံက ဆိုပါတယ်။
#မြေလတ်အသံ