Skip to main content

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။

"တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။

ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်သားက ရွာထဲဝင်လာတာတွေ့တော့ သူကထွက်ပြေးမှာပေါ့နော်။ စစ်သားတွေက လိုက်ပစ်တာ” ဟု သေဆုံးသူ၏ ဆွေမျိုးတစ်ဦးက ပြောသည်။

စစ်တပ်က လိုက်လံပစ်ခတ်သဖြင့် သေဆုံးခဲ့သူ၏ အမည်မှာ ဦးမေးလာဖြစ်ပြီး ည ၇ နာရီခန့်တွင်မှ အလောင်းပြန်သယ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ထိုးစစ်အတွင်း သေဆုံးရသူ နောက်ထပ်ဒေသခံနှစ်ဦးမှာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဒေါဆိုကလောရွာသား အသက်၂၀အရွယ် ခွန်းဘဲဘဲနှင့် ဒီးမော့ဆိုမြို့နှင့် ကိုးမိုင်ကျော်အကွာတွင်ရှိသည့် ထီးဖိုးကလိုးရွာအနီးတွင် လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခံ့ရသည့် အမည်မသိရသေးသူ လူငယ်တစ်ဦးဖြစ်သည်ဟု ဒေသခံများက အတည်ပြုသည်။

“နှစ်ယောက်ထိတာ တစ်ယောက်ကျသွားတယ်။ ထီးဖိုးကလိုးရွာနားလောက်ထိ ရောက်တယ် လက်နက်ကြီးတွေကျတာ” ဟု ထီးဖိုးကလိုးရွာသားတစ်ဦးက ပြောသည်။

စစ်တပ်၏ ထိုးစစ်ကြောင့် လက်ရှိတွင် ဒီးမော့ဆိုမြို့ပေါ်တွင် နေထိုင်သူများအပါအဝင် အရှေ့ဘက်တစ်ကြောတွင်နေထိုင်သည့် လူဦးရေတစ်သောင်းခွဲခန့် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“အများကြီးပဲ ၁၀ ရွာကျော်တယ်၊ အခုဆို ဘယ်ပြေးလို့ပြေးရမှန်းမသိဘူး။ အစကတည်းက ဒီဖက်ကရွာ (မြို့နှင့်ဝေးသည့်ရွာ)တွေမှာ စစ်ဘေးရှောင်တွေအများကြီးပဲ။ ဒီးမော့ဆိုမြို့ပေါ်ကလူတွေ ဒီမှာပဲလာပြီး ရှောင်နေကြတာ။ လုံခြုံတဲ့နေရာ မရောက်သေးဘူး။ စစ်ဖြစ်တဲ့နေရာနဲ့ ဝေးတဲ့နေရာမှာတော့ ခဏရှောင်နေရတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်ပိုင် Mytel မှအပ အခြားဆက်သွယ်ရေးအော်ပရေတာလိုင်းများကို သုံးမရတော့သလို လျှပ်စစ်မီးဖြတ်တောက်ခံထားရသည်မှာလည်း ၁၀ ရက်ခန့်ရှိနေပြီဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

“ကြာလာရင်တော့ ဒုက္ခရောက်နိုင်တာပေါ့။ အခုထပ်ပြေးလာတဲ့သူတွေက ဆန်တောင်ပါမလာဘူး။ ကိုယ့်ဘာသာကိုယ် ချက်စားကြတာ။ ချက်စားဖို့အိုးမပါတဲ့သူတွေကျတော့ နှစ်မိသားစု၊ သုံးမိသားစု ပေါင်းပြီး ချက်ကြတာ” ဟု ၎င်းက ပြောပြီး စစ်ဘေးရှောင်များယာယီခိုအောင်းနေရသည့် နေရာများတွင်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်နေသည်ဟု အသိပေးသည်။

ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက အရပ်လေးမျက်နှာမှ စစ်မျက်နှာဖွင့်မည့် အရိပ်အယောင်ရှိကြောင်း KNDF က ဇွန် ၉ ရက်ကတည်းက ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့၏ အရှေ့ဘက် စံပြ ၆ မိုင်နှင့် အနီးအနားကျေးရွာအုပ်စုများ၊ အနောက်ဘက် လိုဘာခိုကျေးရွာအုပ်စု၊ မြောက်ဘက် နန်းဖယ်ခုံမြို့အနီး အိုကေကျေးရွာတို့မှတစ်ဆင့် စစ်ကြောင်းချီလာခြင်း၊ တောင်ဘက် ထွီလီးဘီလာနှင့် ဆိုဒဲခူရွာများတွင် တပ်စွဲထားခြင်းတို့အပေါ် အခြေခံ၍ KNDF က သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်တွင် မေလ ၂၁ ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အကျအဆုံးများသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်မပြုနိုင်ခြင်း မရှိသေးပါ။

စကစတပိများ ဖေါက်ထွင်း လုယက်ခံရသည့် အိမ်များ





Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...