ဒေါက်တာအောင်မိုးညိုကို ထောင်ဒဏ်နှစ်နှစ်ချပြီး အမှုတစ်ခု ထပ်ဖွင့်
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်ခဲ့ပြီး သဘာ၀ဘေးစီမံ နှင့်ဆိုင်သည့် အမှုတစ်ခု ထပ်တိုးဖွင့်လှစ်ခဲ့ကြောင်း ဒေါက်တာအောင်မိုးညိုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံထားရသည့် ဒေါက်တာအောင်မိုးညိုကို ယနေ့ ဇွန် ၇ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
“ အခုလေးပဲ ရုံးချိန်းပြီးသွားလို့စီရင်ချက်ချပြီးတာ။ အမိန့်ချလိုက်တာ ထောင်ဒဏ်နှစ်နှစ်။ ထောင်ဒဏ်နှစ်နှစ်ချပြီးတာနဲ့ တစ်ပြိုင်တည်း ပွင့်ဖြူတရားရုံးမှာသဘာ၀ဘေးစီမံနဲ့ အမှုတစ်ခု ထပ်ဖွင့်တယ်။ ဒီနေ့ပဲ ထပ်ဖွင့်တာ” ဟု ဝန်ကြီးချုပ်နှင့်နီးစပ်သူက ပြောသည်။
ဝန်ကြီးချုပ်ကို မကွေး ဒေါင်းသေထောင်၌ ထိမ်းသိမ်းထားကြောင်း၊ ဝန်ကြီးချုပ်၏ ကျန်းမာရေးအခြေအနေသည် အကောင်းမဟုတ်သကဲ့သို့ အဆိုးလည်းမဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်တပ်က အာဏာသိမ်းသည့်ဖေဖော်ဝါရီ ၁ ရက်နေ့၌ ဖမ်းဆီးခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ရက်ပိုင်းအကြာတွင် ထပ်မံ၍ ဖမ်းဆီးခေါ်ဆောင်ကာ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်အတွင်း မြို့လေးမြို့ရှိ အာဇာနည်ဗိမာန်များကို စစ်ကောင်စီက ညအချိန်ဖြိုဖျက်
ကရင်ပြည်နယ်အတွင်း ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြိမ်းနှင့် ကော့ကရိတ်မြို့များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရက တည်ဆောက်ခဲ့သည့် အာဇာနည်ဗိမာန်များကို အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ (ဇွန် ၆) ညပိုင်းတွင် တစ်ပြိုင်နက်တည်း ဖြိုဖျက်ခဲ့သည်။
မြဝတီမြို့ ရပ်ကွက်(၁)ရှိ အာဇာနည်ဗိမာန်ကို ဖြိုဖျက်ရန် စစ်ကောင်စီက လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းက ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကာ ဗိမာန်ကို ဘူဒိုဇာများဖြင့် ဖြိုဖျက်နေစဉ် ရပ်ကွက်အတွင်း မီးဖြတ်တောက်ထားသည်ဟု မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
“မဖြိုခင်နှစ်ရက်မှာ ည ၈ နာရီကျော်လို့ရှိရင် လမ်းပေါ်မှာရှိတဲ့သူတွေကို လှည့်ကင်းနဲ့တွေ့ရင် အကုန်ဖမ်းသွားတယ်။ အဲ့တော့ ည ၈ နာရီကျော်ရင် ကျနော်တို့က အပြင်မထွက်ရဲကြတော့ဘူး။ မနေ့ညက ဘယ်သူမှ အပြင်မထွက်ရဲတဲ့ အနေအထားမှာ ဖြိုသွားတာ" ဟု ၎င်းက ပြောသည်။
လွန်းခဲ့သည့်နှစ်ရက်အတွင်း မြဝတီမြို့တွင် ဖမ်းဆီးခံရသူပေါင်း ၁၃၀ ကျော်ရှိသည်ဟုလည်း အဆိုပါ မြိုခံက ပြောသည်။
“အရင်က ပေါက်ကွဲမှုတွေဘာတွေဖြစ်ရင်တော့ ဖမ်းတယ်။ ကျန်တဲ့အချိန်တွေတော့ မဖမ်းဘူး။ ရဲစခန်းရှေ့မှာ ဖြတ်လို့ရှိရင် စစ်ဆေးတာလောက်ပဲ ခံရတယ်။ ကောင်းကောင်းမွန်မွန်ပြောရင်တော့ မဖမ်းဘူး။ မဖြိုခင်နှစ်ရက်မှာတော့ လမ်းပေါ်တွေ့တာနဲ့ ကားပေါ်ကောက်တင်ပြီးဖမ်းတော့ လူတွေက သိပ်မထွက်ရဲတော့ဘူး" ဟုလည်း ၎င်းက ပြောသည်။
ထို့အတူ အာဏာသိမ်းစစ်ကောင်စီက ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့များရှိ လွတ်လပ်ရေးရအောင် ကြိုးပမ်းရင်း ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးတည်ဆောက်ထားသည့် ဗိမာန်များကို ယနေ့ညပိုင်း၌ ဖြိုချဖျက်ဆီးခဲ့သည်။
ကော့ကရိတ်တွင် ဖြိုဖျက်ပြီးသည့် အုတ်ပုံအပိုင်းအစများကို စစ်ကောင်စီတပ်များက ညတွင်းချင်း မြေသယ်ကားများဖြင့် သိမ်းဆည်းသွားသည်ဟု ဒေသခံများမှ အတည်ပြုပြောကြားခဲ့ပြီး အခြားမြို့များတွင်မူ သိမ်းဆည်းသွားခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။
ထိုသို့ အာဇာနည်ဗိမာန်များ ဖြိုဖျက်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးက “စိတ်မကောင်းဘူး။ မြို့ခံတွေအားလုံးကတော့ မကျေမနပ်ဖြစ်ကြတယ်။ စိတ်မကောင်းဘူးပေါ့။ ပြင်ပရုပ်ဝတ္တုတွေကိုပဲ ဖြိုလို့ရမယ်၊ လူတွေရဲ့ ရင်ထဲမှာရှိတဲ့ သူရဲကောင်းတွေကိုတော့ ဘယ်လိုမှ ဖြိုဖျက်လို့မရဘူး” ဟု မြဝတီမြို့ခံက ပြောသည်။
ဖမ်းဆီးခံထားရသည့် စစ်ဆေးရုံဆောက်လုပ်ရေးလုပ်သား ငါးဦးနှိပ်စက်ခံရ၊ တစ်ဦးသေဆုံး
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် စစ်တပ်က ဆောက်လုပ်နေသည့် ကုတင် ၁၀၀၀ စစ်ဆေးရုံစီမံကိန်းမှ ဆောက်လုပ်ရေးလုပ်သား ငါးဦးမှာ ဇွန် ၂ ရက်က ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် အလုပ်သမားတစ်ဦး သေဆုံးခဲ့ကာ အခြားသူတစ်ဦးမှာလည်း ဆေးရုံတက်ရသည်အထိ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
စစ်ဆေးရုံဆောက်လုပ်ရေး၌ သံချည်သံကွေး နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေကြသော ကိုဖိုးဇော်၊ ကိုရဲနိုင်၊ ကိုကေဇော်၊ ကိုကျော်စိုးလင်းနှင့် ကိုမျိုးဇော်ဇော်တို့ဖြစ်ပြီး ဇွန် ၂ ရက် ညနေပိုင်းက ၎င်းတို့နေထိုင်ရာ ရွှေပြည်သာမြို့နယ် အပြန်လမ်းတွင် စစ်ကောင်စီ၏ ရဲနှင့် စစ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“တစ်ယောက်က လမ်းမှာလာနေတဲ့ ရဲကားကို ဆဲလိုက်တယ်တဲ့။ အဲဒီမှာ ရဲကားက ကြားသွားတော့ ရပ်ပြီး သူတို့ငါးယောက်စလုံးကို ထိုးနှက်ပြီးမေးတာ။ အဲဒီမှာ ဆဲတဲ့သူက ဝန်ခံတော့ ဝန်ခံတဲ့သူကို ကျန်တဲ့လေးယောက်က ဝိုင်းထိုးဖို့ ခိုင်းတယ်။ အချင်းချင်းဆိုတော့ နာအောင် ဘယ်ထိုးမလဲ။ အဲဒါကို အားထည့်မထိုးလို့ဆိုပြီး စစ်သား (ရဲများနှင့်အတူ ပါလာသူ) က ထိုးတယ်တဲ့။ အဲဒီလို ထိုးပြီး ဖမ်းသွားတာ”ဟု ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် သေဆုံးခဲ့သူ ကိုမျိုးဇော်ဇော်၏ ညီဖြစ်သူက ပြောသည်။
ဖမ်းဆီးထားသူများကို ရွှေပြည်သာရဲစခန်းအချုပ်တွင် တစ်ညချုပ်နှောင်ထားပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၃၂ နှစ်အရွယ် ကိုမျိုးဇော်ဇော်မှာမူ ရင်ခွဲထားသည့် ရုပ်အလောင်းကိုသာ မိသားစုက ပြန်ရခဲ့ခြင်းဖြစ်သည်။
ကိုမျိုးဇော်ဇော်ကို ချုပ်နှောင်ထားစဉ် ဗိုက်အောင့်သဖြင့် ဆေးရုံပို့သော်လည်း အသက်မမီဘဲ သေဆုံးသွားသည်ဆိုသော ရဲတပ်ဖွဲ့၏ အကြောင်းပြချက်ကို အယုံအကြည်မရှိဟု ညီဖြစ်သူက ပြောသည်။
“ဗိုက်အောင့်ရုံနဲ့တော့ ကျွန်တော့်အကို မသေနိုင်ပါဘူး။ သူ ပြင်းပြင်းထန်ထန်ခံထားရလို့သာ ကျွန်တော့်အကို သေသွားရတာ” ဟု ၎င်းက ပြောသည်။
မိသားစုဝင်တစ်ဦး ရဲအချုပ်အတွင်း သေဆုံးခဲ့ရ၍ တရားမျှတမှုကို တောင့်တသော်လည်း စစ်အာဏာသိမ်းထားသည့် နိုင်ငံရေးအခြေအနေအရ မည်သို့မျှမတတ်နိုင်ဟုလည်း ၎င်းက ဆိုသည်။
“အိမ်က အမေနဲ့အဖေ ငိုရင်တောင် ဒီအတိုင်း ရိုးရိုးသားပဲ ငိုကြပါ။ ဘာကြောင့်၊ ညာကြောင့်ဆိုတာ ထည့်မပြောကြပါနဲ့လို့ လိုက်တားထားရတယ်ဗျာ” ဟု သေဆုံးသူ ကိုမျိုးဇော်ဇော်၏ ညီက ပြောသည်။
ကိုမျိုးဇော်ဇော်၏ နာရေးကို ယမန်နေ့ (ဇွန်၆)တွင် ရွှေပြည်သာ၊ လိန်ကုန်းသုဿာန်တွင် ပြုလုပ်ခဲ့ပြီး ၎င်းတွင် ကိုယ်ဝန်ခြောက်လရှိ ဇနီးသည်နှင့် အသက် ၄ နှစ်အရွယ်သားတစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။
ကိုမျိုးဇော်ဇော်နှင့်အတူ ဖမ်းဆီးခံရသူများအနက် ရဲကားကို ဆဲဆိုသည်ဟု စွပ်စွဲခံရသော ကိုဖိုးဇော်ဆိုသူမှာ ရဲစခန်းတွင် သီးခြားခွဲ၍ ချုပ်နှောင်ခံရပြီး ပြန်လွတ်လာချိန်တွင် ဦးခေါင်းကွဲဒဏ်ရာနှင့် ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ကန်ကျောက်ခံရသည့် ဒဏ်များဖြင့် ဆေးရုံတက်ကုသနေရသည်ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။
မန္တလေးမြို့ ဗကသများအဖွဲ့ချုပ်အပါအဝင် အမရပူရမြို့နယ်ကျောင်းသားများသမဂ္ဂနှင့်ပြည်သူများက လုံခြုံရေးတင်းကျပ်သည့်ကြားမှ စစ်အာဏာရှင်ဖြုတ်ချရေးကြွေးကြော်သံများနှင့်အတူပျောက်ကြားသပိတ် ယနေ့ (ဇွန် ၇) မွန်းလွဲပိုင်းက ဆင်နွှဲခဲ့သည်။ (ဓာတ်ပုံ - CJ)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများသည် "မုံရွာမြို့ လုံးဝ အုပ်ချုပ်၍ မရစေရ" ပါစာတန်းကိုင်ဆောင်၍ ယနေ့ (ဇွန် ၇) နေ့လယ်ပိုင်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Photos-CJ
ရန်ကုန်တိုင်း၊အလုံမြို့နယ်၊ အလုံစျေးအနီးတွင် ဇွန်လ ၇ ရက် နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအနေဖြင့် လူငယ်များက ဆက်လက်ဆန္ဒပြခဲ့ကြသည်။
ယခုဆန္ဒပြမှုကို ပြောက်ကျားဆန္ဒပြမှုအနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး၊ပစ်ခတ်မှုများ တရကြမ်းရှိနေသည့်ကြားက လူငယ်များရာနှင့်ချီစုစည်းကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့ (ဇွန် ၇) နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ Photos-CJ
တနင်္သာရီတိုင်း ထားဝယ်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများသည် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့ (ဇွန် ၇) နေ့လည်ပိုင်းတွင် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထားဝယ်မြို့သားများသည် ယနေ့ နံနက်ပိုင်းကလည်း အာဏာသိမ်းစစ်ကောင်စီကို ဆိုင်ကယ်များဖြင့် လှည့်လည်ဆန္ဒပြခဲ့ကြသည်။ Photos-CJ
မကွေးတိုင်း မြိုင်မြို့နယ်၌ စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့ (ဇွန် ၇) နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Photos-CJ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်မြို့သစ်၌ အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ပြည်သူများသည် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ယနေ့ (ဇွန် ၇) တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ လက်ရှိအချိန်ထိ တာမခန်မြို့သစ်၌ ကျောင်းအပ်နှံထားသည့် ကျောင်းသားတစ်ဦးပင်မရှိသေးပေ။ Photos-CJ
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌရဲ့ နေအိမ် ဝင်ရောက်စီးနင်းဖျက်ဆီးခံရ
မင်္ဂလာဒုံမြို့နယ်ရှိ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်၏ နေအိမ်သို့
ဇွန်လ (၇) ရက်နေ့၊ ည (၁၀) နာရီအချိန်ခန့်တွင်
စစ်ကား (၅) စီးခန့်၊ စစ်သားအင်အား (၈၀) ခန့်ရှိသော စစစ်ကောင်စီတပ်များမှ ဝိုင်းဝန်းပိတ်ဆို့ စီးနင်းပြီး တစ်အိမ်လုံးအား ရိုက်ခွဲဖျက်ဆီးသွားသည်ဟု သိရသည်။
ထို့အပြင် ဥက္ကဋ္ဌ ကိုမင်းဟန်ထက် နှင့် ပတ်သက်သည့် ပစ္စည်းများ၊ စာရွက်စာတမ်းများ အားလုံးကို ယူဆောင်သွားကြောင်းလည်း သိရသည်။
နေအိမ်တွင် ကိုမင်းဟန်ထက်အပါအဝင် မိသားစုဝင်များ ရှိမနေသည့်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဥ်မျိုး မရှိခဲ့ကြောင်းလည်း သိရပါသည်။
ချင်းမိုင်တွင် ဖမ်းဆီးခံခဲ့ရသော DVB အဖွဲ့ဝင် ၅ ဦး တတိယနိုင်ငံတစ်ခုသို့ လုံခြုံဘေးကင်းစွာ ရောက်ရှိသွားပြီဟု DVB ကြေညာ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော DVB သတင်းထောက် ၃ ဦးအပါအဝင် အဖွဲ့ဝင် ၅ ဦးသည် ထိုင်းနိုင်ငံမှ ထွက်ခွာပြီး လုံခြုံဘေးကင်းသော တတိယနိုင်ငံတစ်ခုဆီသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း DVB က တရားဝင် ထုတ်ပြန်ကြေညာသည်။
ချင်းမိုင်တရားရုံးက မေလ ၂၈ ရက်နေ့တွင် DVB အဖွဲ့ဝင် ၅ ဦးကို ထောင်ဒဏ် ၇ လ ချမှတ်ခဲ့သော်လည်း ဆိုင်းငံ့ထောင်ဒဏ်အဖြစ် သတ်မှတ်ကြောင်း၊ DVB အယ်ဒီတာချုပ်အနေဖြင့် ၀ိုင်းဝန်းကူညီသူများအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထွက်ခွာသွားသည့် တတိယနိုင်ငံကိုမူ လုံခြုံရေးနှင့် ထိရှလွယ်၍ ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။
ဇွန်လ ၄ ရက်နေ့ ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစားများ၌ "လုံခြုံရေးတပ်ဖွဲ့ဝင်များက မစိုးရိမ်တိုက်သစ် သံဃာတော်များအား ဖြိုခွင်းပစ်ခတ်မှု၊ ဆဲဆိုမှုများ မပြုလုပ်ခဲ့"ဟု ဖော်ပြထားချက်မှာ တကယ့်ဖြစ်ရပ်နှင့် လွဲချော်နေသည့်အပြင် သတင်းမှန်ဖော်ပြသူတို့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်သည်ဟု မစိုးရိမ်တိုက်သစ် နာယကအဖွဲ့က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁ ရက် ည ၈ နာရီကျော်တွင် ညပရိတ်ရွတ်နေသော မစိုးရိမ်တိုက်သစ် သံဃာတော်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကားလေးစီးဖြင့်လာရောက် ဖြိုခွင်းခဲ့ကြောင်း၊ ဖမ်းဆီးရန် ကြိုးစားကြောင်း၊ ပရိတ်ရွတ်သံဃာများသာမက တိုက်တွင်းရှိ ရဟန်းတော်များကိုပါ ဝင်ရောက်ဆဲဆို ကြိမ်းမောင်းကြောင်း၊ ရဟန်းတော်တစ်ပါးမှာ ပြေးလွှားပုန်းရှောင်ပြီး ဒဏ်ရာရခဲ့ကြောင်း မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ သတင်းကို ရန်ကုန်ခေတ်သစ်မီဒီယာမှ ဇွန်လ ၁ ရက် ည ၁၁ နာရီတွင် ဖော်ပြခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ဇွန်လ ၄ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာတွင်မူ ခေတ်သစ်မီဒီယာက မဟုတ်မမှန် လုပ်ကြံရေးသားကြောင်း တုံ့ပြန်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီ၏ သတင်းမှားဖော်ပြခြင်းအပါအဝင် မစိုးရိမ်တိုက်သစ်ကို အဂါရဝဖြစ်စေသော လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း မစိုးရိမ်တိုက်သစ် နာယကအဖွဲ့မှ ထုတ်ပြန်ထားသည်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒီ ဦးဇင်၀ိုင်း ယနေ့ အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွတ် မြောက်လာကြောင်း အနုပညာရှင်အသိုင်းအ၀ိုင်းနှင့် သားဖြစ်သူ မင်းမော်ကွန်း၏ လူမှုကွန်ရက်တွင် ရေးသားချက်အရ သိရှိရသည်။
ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ပြီး ဦးဇင်၀ိုင်းကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။
ချင်းတောင်တန်း သာသနာပြုဆရာတော် အရှင်ပညာဇောတသည် မင်းတပ်မြို့မှထွက်ခွာစဉ် ချင်းပြည်သူ့ကာကွယ်ရေးတပ်များက သတ်ဖြတ်သည်ဟု ရေရာမှုမရှိသော လူမှုကွန်ရက်သတင်း ကို စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက ထပ်ဆင့်ဖော်ပြ၍ သတင်းမှားထုတ်ပြန်ထားကြောင်း ဆရာတော်နှင့် အဆက် အသွယ်ရရှိခဲ့သည့် သံဃာတော်တချို့ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက အရှင်ပညာဇောတသည် ဇွန်လ ၇ ရက်နေ့ ဟားခါးတွင် ကျင်းပမည့် သာသနာဆိုင်ရာ စာမေးပွဲဖြေဆိုရန်အတွက် ဇွန်လ ၄ ရက်နေ့ မွန်း တည့် ၁၂ နာရီ ကားဖြင့် ထွက်လာပြီး လမ်းတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု သတင်းများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာမှုကို အခြေခံကာ စစ်ကောင်စီဝါဒဖြန့် သတင်းစာက ယင်းသို့ ပြန်လည် ဖော်ပြနေခြင်းဖြစ်သည်။
"ဆရာတော်နဲ့ မနေ့က အဆက်အသွယ်ရတယ်။ သူဘာမှ မဖြစ်ဘူးဆိုတာလည်း သိရပါတယ်။ အခုက စစ်တပ်ဘက်က ဒီလို သတင်းထုတ်ပြန်တော့ ဆရာတော် လုံခြုံရေးတောင် စိုးရိမ်မိတယ်။ လူမှုကွန်ရက်တွေမှာ အသတ်ခံရတယ်၊ မီးရှို့ခံရတယ်ဆိုတာ မဟုတ်ပါဘူး" ဟု ဆရာတော်နှင့် အဆက်အသွယ်ရရှိခဲ့သည့် ဦးဇင်းတစ်ပါး မိန့်ကြားသည်။ ဦးဇင်းက သူ၏ လုံခြုံရေးအတွက် ဘွဲ့တော်အမည်နာမကို မဖော်ပြရန်နှင့် အသုံးမပြုရန်လည်း ပန်ကြားသည်။
မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိမလကလည်း ချင်းသာသနာပြု ဆရာတော် ပြန်လည် လွတ်မြောက်လာသည်ဟု သိရှိထားကြောင်း လူမှုကွန်ရက်တွင် ရေးသားထားပြီး တော်လှန်ရေးကို ဘာသာရေး ပဋ္ဋိပက္ခအသွင်ကူးပြောင်းရန် ကြိုးပမ်းနေမှုအဖြစ် မှတ်ချက်ပြုထားသည်။
"တော်သေးရဲ့။ ချင်းက အသတ်ခံရတယ် သတင်းထွက်လာတဲ့ ဦးဇင်းကို ပြန်လွှတ်လိုက်တယ် ကြားရ။ တော်လှန်ရေးကနေ ဘာသာရေးပဋိပက္ခအသွင် ဖြစ်မှာ စိုးတယ်။ ဟိုတလောပိုင်း တောဘက်ရောက် ကိုယ်နဲ့ ရင်းနှီးတဲ့ ဦးဇင်းတွေကိုတော့ လှမ်းပြီး စကားစမြည် ပြောကြည့်ရတယ်။ "အနေအထိုင်မှ တတ်ကြပါစ"စိုးရိမ်လို့။ နိုင်ငံရေးမှာ သွေးနွေးရာကနေ သွေးပူ သွေးဆူပြီဆိုရင် ဘယ်သူကမှ ဘယ်သူ့ကိုမှ ကယ်မရ, တားမရဘူး" ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။