Skip to main content

၂၀၂၁-၀၆-၁၄ အထွေထွေ

မိတ္ထီလာ NLD အမတ်ကို အမှုမစစ်ဘဲ ထောင်သုံးနှစ်ချဟု မိသားစုပြော

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်ကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။  

ပြီးခဲ့သည့် ဧပြီ ၂၈ ညက အသက် ၃၇ နှစ်အရွယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်သည် မြို့မှ ၁၀ မိုင်အကွာ မိတ္ထီလာစက်မှုဇုန်ရှိ ၎င်းနေအိမ်ရှိရာသို့ ခေတ္တပြန်လာစဉ် နာရီပိုင်းအတွင်း အဖမ်းခံရခြင်း ဖြစ်သည်။

ဦးလွင်မောင်မောင်ကို မိတ္ထီလာထောင်တွင် ချုပ်နှောင်ထားပြီးနောက် မိသားစုက ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း ပစ္စည်းပေးပို့ခွင့်သာ ရခဲ့ကာ ထောင်ဒဏ်ချမှတ်လိုက်သည်ကို ယင်းနေ့က ထောင်သို့ ပစ္စည်းပို့ပေးချိန်တွင် မိသားစုက သိရှိခဲ့ရခြင်း ဖြစ်သည်။ 

ဖမ်းဆီးပြီး ၁၄ ရက်အကြာ မေ ၁၂ တွင် ထောင် ၃ နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး မည်သည့်ပုဒ်မဖြင့် စွဲချက်တင်ခဲ့သည်ကို မသိရကြောင်း မိခင်ဖြစ်သူက ဆိုသည်။

၎င်းသည် မန္တလေးတိုင်းအတွင်းရှိ တပ်သိမ်းလယ်ယာမြေအရေးတွင် တောင်သူများဘက်မှ လိုက်ပါဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲမဝင်ရန် တားမြစ်နေသည့်ကြားမှ လယ်ယာမြေအရေးကို လွှတ်တော်တွင်း၌ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ မိခင်ထံမှ သိရသည်။

လာရောက်ဖမ်းဆီးစဉ်က စစ်ကား ၁၂ စီးအပြင် ရဲကားများဖြင့်ပါ အင်အားသုံး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေးက ပြောသည်။

“ဖမ်းချင်လို့ ဖမ်းတယ်။ ထောင်ချချင်လို့ ချတယ်။ ဒါပါပဲ။ NLD မို့လို့ပေါ့။ အမှန်က သူ (ဦးလွင်မောင်မောင်) ရှောင်ရင် အချိန်ရတယ်၊ မရှောင်တာ။ တကယ်လို့ သူရှောင်လိုက်ရင် အမေ့ကို ခေါ်သွားမှာ စိုးရိမ်တယ် ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

ဦးလွင်မောင်မောင်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဦးဆောင်သံဃာတစ်ပါးအဖြစ် ထင်ရှားခဲ့သူ အရှင်ဂမ္ဘီရခေါ် ဦးညီညီလွင်၏ ညီဖြစ်ပြီး အရှင်ဂမ္ဘီရသည် အဆိုပါလှုပ်ရှားမှုကြောင့် စစ်ကြောရေးတွင် အပြင်းအထန်ရိုက်နှက်စစ်ဆေးခံရပြီးနောက် န-အ-ဖ စစ်အစိုးရလက်ထက်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

ထိုသို့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းရှိသော မိသားစုအဖြစ် စစ်ကောင်စီဘက်က ယူဆကာ အမှုမစစ်ဘဲ ထောင်ချခြင်းလည်းဖြစ်နိုင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

“နိုင်ငံရေးနဲ့ ပတ်သက်ပြီး တစ်အိမ်လုံး ထောင်မကျဖူးတဲ့သူ မရှိတော့ ၈၈ ရော၊ ၂၀၀၇ ရော၊ ၂၀၂၁ ရော လိုင်စင်များဆွဲထားသလား အောက်မေ့ရတယ်”ဟု ကျောင်းဆရာမဟောင်းတစ်ဦးလည်းဖြစ်သူ ဒေါ်ရေးက ပြောသည်။  

အမှုမစစ်ဘဲ ထောင်ချသည်၊ ထောင်ချပြီးသော်လည်း လူချင်းတွေ့ခွင့်မရသေးဟူသော မိသားစု၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

တပ်စခန်းအများအပြားရှိသော မိတ္ထီလာခရိုင်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD က အနိုင်ရရှိခဲ့သည်။ 

ယင်းခရိုင်၌ NLD ပါတီမှ ဦးလွင်မောင်မောင်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဆင့်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘုန်းကျော်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ကြီးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ 

မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီ၏ ဥပဒေမဲ့ဖမ်းဆီးခြင်းများကြောင့် မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံခဲ့ရသော NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးသာမက NLD ပါတီဝန်းရံသူ မြို့မိမြို့ဖများပါ နေအိမ်တွင်မနေရဘဲ လုံခြုံသည့်နေရာသို့ တိမ်းရှောင်နေထိုင်နေရသည်ဟု မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီသည် NLD ပါတီဝင်များအပါအဝင် ၎င်းကို ဆန့်ကျင်သူများအား ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အရေးယူဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။




စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့  ဇွန် ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့် ရောက်လာပြီး ရွာတချို့တွင် နှိပ်စက်၊ လုယက်မှုကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်ကျောထောက်နောက်ခံပြု အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နာမည်ကျော်သည့် ပျူစောထီးအဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟု ကျော်စောသော မြို့မရွာရှိ ဦးစောအောင်၊ ဒေါ်အုန်းဆီတို့၏ နေအိမ် ဇွန် ၈ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ထို့နောက် အနီးရှိ ကြာပင်၊ ယင်းမာ၊ တောင်စာရေး၊ ပိက္ခယား၊ မြေနီရွာများသို့ ဝင်ရောက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များ၊ ဝန်းရံသူများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေကြသည်ဟု သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ မင်းကင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးအောင်ထွန်းလွင်နေထိုင်သည့် ပိက္ခယားရွာကို ဇွန် ၁၂ရက်က ဝင်ရောက်စီးနင်းချိန်တွင် ရွာတွင် မရှိသဖြင့် အဖမ်းမခံခဲ့ရကြောင်း ကာယကံရှင်က ပြောသည်။

ယင်းနေ့၌ပင် စစ်တပ်က အိမ်ခြေ ၅၀ကျော်ရှိသည့် ယင်းမာရွာကိုလည်း လာရောက်၍ နေအိမ်အများအပြားကို ဝင်ရောက်ရှာဖွေရာတွင် နိုင်ငံရေးစိတ်ဝင်စားလေ့မရှိသည့် အသက် ၃၅နှစ်အရွယ် တောင်သူတစ်ဦးကို ရိုက်နှက်ပြီးနောက် အိမ်အနီး နွားတင်းကုပ်တွင် ကြိုးတုပ်၍ ထားခဲ့သည်ဟု ရွေးကောက်ခံလွှတ်တော်အမတ်က ပြောသည်။

အဆိုပါနေ့တွင်ပင် စစ်တပ်က တောင်စာရေးရွာရှိ နေအိမ်ခြောက်လုံးအတွင်း သွားရောက်ရှာဖွေပြီး ဆိုင်ကယ်များကိုလည်း ရိုက်နှက်ဖျက်ဆီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်သုံးစီးကို ယူဆောင်သွားခဲ့ပြီး စက်ပျက်သွားသည့် အစုတ်တစ်စီးကိုသာ တောင်စာရေးနှင့် ဂုံညင်းရွာသွားသည့်လမ်းတွင် ထားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အတူ ဇွန် ၁၁ရက်၊ ညပိုင်းကလည်း မြေနီရွာအပြင်ဘက် မုံရွာ- ကလေးဝလမ်းမပေါ်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသူ အမျိုးသားလေးဦးကို ရိုက်နှက်ကန်ကျောက်ကာ ငွေကျပ်သုံးသိန်းခွဲ ယူဆောင်သွားသေးသည်ဟု မြေနီရွာခံတစ်ဦးကလည်း ပြောသည်။

“ဝမ်းလျားမှောက်ခိုင်းပြီး အရိုက်ခံရတယ်။ မျက်နှာတွေ အကန်ခံရတယ်လို့ သိရတယ်။ မနက်မှ သူတို့ပြောပြလို့ သိရတာ၊ ကျွန်တော်က သူတို့နဲ့ရင်းနှီးတော့။ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၀ ယောက်လောက်က မီးထွန်းထားတဲ့ အိမ်မို့ ဝင်ရှာတာတဲ့။ အကုန်လုံးတော့မဟုတ်ဘူး။ ရိုက်တဲ့သူတချို့က မူးနေတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ 

တောင်တွင်းဒေသတွင် ရွာပေါင်း ၃၆ ရွာရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြသည့် ပြည်သူတို့မှာ စစ်ကောင်စီတပ်ရောက်လာမည်စိုး၍ တိမ်းရှောင်နေရသည်ဟု တော်လှန်ရေးဆိုင်ရာ သတင်းအချက်အလက်များစုဆောင်းနေသူတစ်ဦးက ပြောသည်။

ထိုသို့ရှာဖွေစီးနင်းမှုများတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တချို့ပါဝင်သည်ဟုလည်း ရွေးကောက်ခံအမတ် ဦးအောင်ထွန်းလွင်က ပြောသည်။

၎င်းနေထိုင်သည့် ပိက္ခယားရွာကို ဝင်ရောက်ရှာဖွေရာ၌ ဦးဆောင်လမ်းပြသူများထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် တောင်စာရေးရွာသား ဦးဝင်းအောင်၊ ဦးဆန်းမောင်၊ မိုင်တရာရွာသား ဦးကျော်မင်းဦးတို့ပါဝင်ပြီး စစ်ဝတ်စုံများဝတ်ဆင်ထားကြောင်း ဒေသခံတချို့က ပြောသည်။  

“ဝင်းအောင်ဆိုရင် သူငယ်ချင်းတွေပဲ။ သူ့အမျိုးသမီးနဲ့ဆို တစ်တန်းတည်း တစ်ဆောင်တည်း တက်ခဲ့ကြတဲ့သူတွေ။ သူတို့က ကြံ့ခိုင်ရေးအမာခံတွေ။ ရွာတွေဆိုတာ ကျယ်ပြန့်တာလည်းမဟုတ်တော့ တစ်ရွာနဲ့တစ်ရွာက စပ်ရင် ဆွေမျိုးတွေပဲဆိုတော့ ဘယ်သူကဘာလဲ သိတာပေါ့ဗျာ”ဟု တောင်တွင်းဒေသခံ အသက် ၄၈ နှစ်အရွယ် ဦးအောင်ထွန်းလွင်က ပြောသည်။

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကလည်း စစ်ကောင်စီဘက်မှ ပါဝင်လှုပ်ရှားနေသည့် ပြည်ခိုင်ဖြိုးပါတီဝင်များကို စစ်ဝတ်စုံဖြင့် တွေ့ရသည်ဟု ဇွန် ၁၂ ရက်က သတင်းထုတ်ပြန်ထားသည်။ ယင်းပါတီကို အကြမ်းဖက်အုပ်စုဝင်အဖြစ် သတ်မှတ်ကာ ပါတီဝင်များ၏ အသက်အန္တရာယ်ကို အာမမခံနိုင်ကြောင်း ပြောထားသည်။ 

ဦးအောင်ထွန်းလွင်၊ မင်းကင်း PDF တို့၏ ပြောဆိုထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ၏ တုန့်ပြန်ချက်ရရန် ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ထိုဒေသတွင် နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့လည်း ရှိနေပြီး ပျူစောထီးအဖွဲ့ကို ပစ်မှတ်ထားမည်ဟု ဆိုသည်။ 

တောင်တွင်းဒေသအတွင်း စစ်ကောင်စီလာရောက်တပ်စွဲရသည့် အဓိကအကြောင်းဖြစ်သော မြို့မရွာရှိ ဦးစောအောင်၏နေအိမ် တိုက်ခိုက်ခံရမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မိုးကြိုးမုန်တိုင်းအဖွဲ့က ဇွန် ၈ရက်တွင် ကြေညာထားသည်။ သို့သော်လည်း ကားတစ်စီးနှင့် နေအိမ်ခြံဝင်းမီးလောင်မှုသာ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု ဆိုသည်။

"ခြောက်လန့်တဲ့သဘောမျိုး ပစ်ခတ်သွားတာ” ဟု မြို့မရွာခံတစ်ဦးက ပြောသည်။

တောင်တွင်းဒေသကို စစ်တပ်ဝင်ရောက်စီးနင်းမှုများအတွင်း ဖမ်းဆီးခံရသူရှိမရှိ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မန္တလေးတွင် NUG အား ဆန့်ကျင်သည့် ဆိုင်ကယ်သပိတ်သည် ရဲနှင့် စစ်သားများ ပြုလုပ်သည့် သပိတ်ဖြစ်ကြောင်းကို ငှင်းတို့ စီးနင်းလာသည့် ဆိုင်ကယ်များ ကြောင့် ခွဲခြားနိုင်ခဲ့သည်။ ဆိုင်ကယ် အများသည် မတရား သိမ်းဆည်း ခြင်း ဖမ်းခြင်းခြင်း ခိုးယူခြင်း ခံခဲ့ရသည့် ဆိုင်ကယ်များ ဖြစ်ပြီး ပိုင်ရှင်များက ကောင်းစွာမှတ်မိကြသည်။





ချင်းပြည်နယ်၊ မင်းတပ်မြို့မှ စစ်​ဘေး​ရှောင် အမယ်အို၊ မိခင်နှင့် က​လေးများ မိုးထဲ​​လေထဲ ကယ်ကူသူမဲ့​နေ

ရန်ကုန်၊ ဇွန် ၁၄ 

ချင်းပြည်နယ်၊ မင်းတပ်မြို့မှ စစ်​ဘေး​ရှောင် အမယ်အို၊ မိခင် ၊ အမျိုးသမီးများ၊ က​​လေးငယ်များမှာ မိုးထဲ​လေထဲတွင် ​​ရွှေ့​ပြောင်းရင်း ကယ်ကူသူမဲ့​နေသည့်မြင်ကွင်းများဖြစ်သည်။


ကယားပြည်နယ်ရဲ့စစ်ဘေးအနိဌာရုံ
ဒီးမော့ဆိုလမ်းဒီနေ့တရက်ဖွင့်ပေးတယ်ဆိုလို့အလံဖြူလေးလွှင့်ပြီးသွားကြည့်ဖြစ်တယ်
လမ်းတလျှောက်သွေးပျက်စရာကောင်းအောင်တိတ်ဆိတ်နေတာပဲ ရွာလုံးကျွတ်စစ်ဘေးရှောင်ကြတာမို့ တချို့အိမ်တွေဆိုဖျက်ဆီးခံထားရတယ် လက်နက်ကြီးကျလို့ပျက်ဆီးနေတာတွေလဲတွေ့ခဲ့တယ် Storeတွေ ဖုန်းဆိုင်တွေဆိုအကုန်ဖောက်ခံထားရတာများတယ် ရုံးတွေဆိုလဲ မီးရှို့ခံထားရတာခပ်များများပဲ 
ပြည်မတွေမှာသာအေးချမ်းသယောင်ရှိနေပေမယ့် တိုင်းရင်းသားဒေသတွေမှာ ဒီလိုတွေဖြစ်ပျက်နေပါတယ် မစာနာပေးနိုင်ရင်တောင် ပျော်ရွှင်စွာသွားလာစားသောက်မနေကြဖို့ မေတ္တာရပ်ခံပါတယ်

သံဃာတော် ဦးဇ၀နကို ဒကာဟန်ဆောင် ဖုန်းဆက်ပင့်ပြီး ရိုက်နှက်ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၄

မန္တလေး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ရှေ့တန်းမှ ကြွချီပါဝင်နေသည့် မန္တလေး ဘုရားကြီးတိုက်ဝင်း၊ အာသောကရာမတိုက် ကံသာကျောင်းမှ ဆရာတော် ဦးဇဝနကို ၎င်း၏ ဒကာတစ်ဦးကို ဖုန်းဆက်ပင့်ဆောင်ခိုင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက လူမြင်ကွင်းတွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မန္တလေး မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို ကားဖြင့်တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း စသည့် ရက်စက်သော ဖြိုခွင်းမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ သပိတ်တွင်ပါဝင်သော ဆရာတော် ဦးဇ၀နသည် ဖြိုခွင်းခံရမှုမှ လွတ်မြောက်သွားသော်လည်း ဒကာတစ်ဦးက ဖုန်းဆက်၍ သွားရောက်ရာမှ အကြမ်းဖက်စစ်ကောင်စီတပ်များက ထောင်ချောက်ဆင် ရိုက်နှက်ဖမ်းဆီးသွား သည်ဟု မျက်မြင်တွေ့ရှိရသူများက ဆိုသည်။

"ဆရာတော်က သပိတ်ဖြိုခွင်းခံလိုက်ရချိန်မှာ လွတ်မြောက်သွားခဲ့ပေမယ့် ဦးဇင်းနဲ့ရင်းနီးတဲ့ အဖမ်းခံလိုက်ရသူဒကာတဦးက ဖုန်းလှမ်းဆက်ခေါ်လို့ လွတ်မြောက်နေရာမှ ပြန်အသွားမှာ
စစ် ကောင်စီတပ်များရောက်လာပြီး ဦးဇင်းကို ဝိုင်းပီးရိုက်တယ်။ အနားကို ဘယ်သူမှမလာနဲ့ပြောပြီး ဆရာတော်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်"ဟု မန္တလေးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကဆိုသည်။

ဘုရားသားတော် ရဟန်းတစ်ပါးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ရိုက်နှက် ဖမ်းဆီးခြင်းသည် ရိုင်းစိုင်းသော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုသည်။

"သံဃာကို သံဃာလို့မြင်ရင် ရိုက်ပီးဖမ်းစရာမလိုသလို သူတို့ဖမ်းလို့မမိလို့ လွတ်သွားတဲ့ သံဃာတော်တစ်ပါး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတာ အခုလိုထောင် ဖမ်းစရာလည်း မလိုဘူး" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၁ ရက်နေ့ကလည်း မန္တလေး မစိုးရိမ်တိုက်သစ်တွင် ပရိတ်ရွတ်ဖတ်သည့် သံဃာတော်များကို ဆဲဆိုခြင်း၊ သေနတ်ဖြင့် ပစ်ခြင်း၊ ရမ်းကားခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဓာတ်ပုံ- မန္တလေး မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှ ဆရာတော် ဦးဇ၀န။ 
.
Khit Thit Media


တောင်သာအမျိုးသမီးအမှုတွင် အဖမ်းခံရသူတစ်ဦး ၂၄ နာရီအတွင်း သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ဒလန်ဟု ယူဆရသည့်အမျိုးသမီး သေနတ်ပစ်ခံရမှုနှင့် ဆက်စပ်၍ စွပ်စွဲဖမ်းဆီးခံရသူ အမျိုးသားတစ်ဦး စစ်ကြောရေးတွင် ယနေ့ (ဇွန် ၁၄) သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

သေဆုံးသူမှာ အင်းတဲကျေးရွာမှ အင်ဂျင်စက်ပြင်လုပ်ငန်းဖြင့် အသက်မွေးသည့် အသက် ၃၈ နှစ်အရွယ် ဦးမျိုးမြင့်သန်းဆိုသူဖြစ်ပြီး ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ စစ်ကြောရေး၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ဇွန် ၁၃ မွန်းလွဲပိုင်း၌ တောင်သာမြို့နယ် အရှေ့စျေးမှ ယွန်းယွန်းလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသမီးကို လူငယ်နှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့၍ ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး မိတ္တီလာစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။ 

၎င်းအမျိုးသမီးသည် ပြည်ခိုင်ဖြိုးပါတီဝင်၊ ဒလန်၊ စစ်တပ်သတင်းပေးဖြစ်သည်ဟူသော ဒေသခံတချို့၏ ပြောဆိုချက်များကို Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။ 

သို့သော်လည်း ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်နေသည်။

ယင်းနေ့မှာပင် ဈေးအနီး လူငယ် ၂ ဦးကို ဖမ်းလိုက်သည်။ ညနေပိုင်းတွင် တောင်သာမြို့ အနောက်ဘက် ကျေးရွာ ၅ ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေပြီး ဦးမျိုးမြင့်သန်းအပါအဝင် ၄ ဦးကို သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့ (ဇွန် ၁၄) မွန်းတည့် ၁ နာရီဝန်းကျင်တွင် ဦးမျိုးမြင့်သန်း သေဆုံးသွားပြီဖြစ်ကြောင်း စစ်ကောင်စီခန့်ထားသည့် အင်းတဲကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။ 

သေဆုံးခဲ့ရသည့်အကြောင်းရင်းနှင့် ပတ်သက်ပြီး မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ဇနီးသည်၊ မိဘ နှစ်ပါး၊ ဦးဇင်းတစ်ပါးတို့သာ  ဦးမျိုးမြင့်သန်း၏ ရုပ်အလောင်းကို ကြည့်ရှုခွင့်ရခဲ့သည်ဟု နီးစပ်သူများက ပြောသည်။ 

“လာကြည့်ရုံကြည့်ခိုင်းတယ်။ အကြောင်းပြချက်လည်းမပေးဘူး။ မျက်နှာတွေကတော့ စုတ်ပြတ်ထွက်နေတာပဲ" ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တောင်သာမြို့ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဦးမျိုးမြင့်သန်း၏ ရုပ်အလောင်းကို တောင်သာမြို့သုဿန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

 ဦးမျိုးမြင့်သန်း သေဆုံးသဖြင့် ဇနီးဖြစ်သူနှင့် အသက် ၈ နှစ်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့သည်။

ဒလန်ဟု ယူဆရသူအမျိုးသမီး သေနတ်ပစ်ခံရမှုနှင့် ပတ်သက်ပြီး တောင်သာမြို့ပြောက်ကျားလူငယ်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ပြီး ဖမ်းဆီးခံရသူ ၆ ဦးနှင့် ပတ်သက်မှုမရှိကြောင်း Myanmar Now ကို ဖြေကြားထားသည်။

 ဦးမျိုးမြင့်သန်း ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ သေဆုံးခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက ကြေညာခြင်းမပြုသေးသလို စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...