Skip to main content

ကျုံပျော်

ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒေသခံသုံးဦးသေဆုံး 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ ယနေ့ (ဇွန် ၅) နံနက်ပိုင်းက လှေဆွဲရွာတွင် ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦးကို ကယ်တင်ရန် ကြိုးပမ်းရာမှ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံသုံးဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကျုံပျော်မြို့ အရှေ့မြောက်ဘက် သုံးမိုင်အကွာရှိ လှေဆွဲရွာမှ ဦးကျေးဆိုသူကို လက်နက်တင်ပို့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၆၀ ကျော်အရွယ် ဦးကျေးသည် ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာထွက် ငှက်ပျောသီးများကို ရန်ကုန်သို့ တင်ပို့ရောင်းချနေသူဖြစ်သည်။ 

ဦးကျေးဖမ်းဆီးခံရသည်ဆိုသော သတင်းကြောင့် လှေဆွဲရွာအပါအဝင် အနီးရှိရွာများမှ ရွာသား ၈၀ ခန့်က လှေဆွဲရွာထိပ်တွင်စောင့်ကာ ပြန်လည်ကယ်ယူရန် ကြိုးပမ်းစဉ် နံနက် ၈ နာရီခွဲခန့်တွင် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီဘက်ကလဲ ရွာထဲဝင်တဲ့အချိန်မှာ ရွာထိပ်မှာ ကင်းထားခဲ့တာကိုး။ အဲ့ကင်းနဲ့ ကျနော်တို့ ထိပ်တိုက်တွေ့တာပေါ့။ သူတို့က ကျနော်တို့ကို တွေ့သွားတော့ သူတို့ကအရင် စပစ်တာပေါ့” ဟု အထက်ပါ ဒေသခံရွာသားက ပြောသည်။ 

စစ်ကောင်စီတပ်များသည် ဆိုင်ကယ်ခြောက်စီး၊ ကားတစ်စီးဖြင့် လာရောက်ခြင်းဖြစ်ပြီး အင်အား ၂၀ ကျော်ရှိသည်ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က စတင်ပစ်ခတ်တိုက်ခိုက်သောကြောင့် ရွာသားများက လက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်ဟု ဆိုသည်။ 

“ကျနော်တို့ဆီမှာက လက်လုပ်တဲ့ ဂတ်စ်သေနတ်လေးတွေရှိတယ်။ အပြန်အလှန်ပစ်တယ်ဆိုပေမယ့် ကျနော်တို့သေနတ်တွေက ဘာမှမထိရောက်ဘူးလေ။ ပေ ၂၀၀ လောက်ပဲသွားတာ။ သေနတ်သံကလည်း ဒီဘက်မှာ မကြားဖူးသေးတော့ လန့်ကုန်တာပေါ့။ (စစ်တပ်) အဆက်မပြတ်ပစ်တာ။ သေနတ်သံတွေကို အဆက်မပြတ်ကိုကြားရတာ” ဟု ၎င်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသားသုံးဦး သေနတ်ကျည်ဆန်ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့သည်ဟု သိရသည်။ 

“ကျနော်တို့က သုံးဖွဲ့ထားထားတာပေါ့။ ရှေ့ဆုံးတစ်ဖွဲ့၊ အလယ်တစ်ဖွဲ့၊ နောက်ဆုံးကတစ်ဖွဲ့ပေါ့။ ရှေ့ဆုံးက အဖွဲ့က ကုလားဆိုတဲ့ကောင်လေးကို အရင်မှန်တာ။ အသက်က ၂၀ ကျော်လောက်ရှိတယ်။ နောက်တစ်ယောက်က သူ့အဖေ။ သူ့သားကိုထိတော့ ငါ့သားကို မထားခဲ့နဲ့ဆိုပြီး ခေါင်းထောင်လိုက်တာ ပုခုံးကို အရင်မှန်တယ်။ ပြီးတော့မှ ခေါင်းကို ထပ်မှန်တယ်“ ဟု အထက်ပါလှေဆွဲရွာသားက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူနောက်တစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် အကြီးကောင်ဆိုသူ အမျိုးသားဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကားသုံးစီးဖြင့် ထပ်မံရောက်ရှိလာကာ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု သိရသဖြင့် ရွာသားများဘက်မှ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။ 

လှေဆွဲရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသောကြောင့် အနီးရှိရွာများဖြစ်သော ပျဉ်းကတိုးကုန်း၊ ဒေါင်းအိုင်၊ ဇရစ်ရိုးကြီး၊ ဇရစ်ရိုးလေး၊ ကမ်းနား၊ တူးမြောင်း၊ ထန်းတောနှင့် ကုန်းသာရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဒေသခံများကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးနှိပ်စက်နေသဖြင့် မခံမရပ်နိုင်ဖြစ်လာသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် ဒေသခံများက ရိုးရာတူမီးသေနတ်များ၊ လက်လုပ်သေနတ်များ စသဖြင့် ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ပထမဆုံးအကြိမ် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာတွင် ယမန်နေ့ (ဇွန် ၅) က အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် ဒေသခံရွာသားများ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရွာသားသုံးဦးသေဆုံးခဲ့ရာ သားတစ်ဦးဆုံးရှုံးခဲ့သူ လှေဆွဲရွာသားတစ်ဦးကို ယနေ့ (ဇွန် ၆) တွင် Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး − လှေဆွဲရွာမှာ မနေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ အဓိကအကြောင်းအရင်းက ဘာကြောင့်ပါလဲ။

ဖြေ − သူတို့ (စစ်တပ်) မနက် ၄ နာရီမှာ ရွာထဲကို ဝိုင်းစီးနင်းပြီး တစ်အိမ်ဆင်းတစ်အိမ်တက်ရှာတယ်။ ကျွန်တော်တို့ ရှောင်တဲ့သူလည်းရှောင်တယ်။ အဲဒီမှာ ကျွန်တော်တို့ ရွာသားနှစ်ယောက်ကို ဖမ်းသွားတယ်။ ဖမ်းသွားတော့ ခါတိုင်းဆိုရင် ကျွန်တော်တို့က သူတို့တွေလာရင် ရွာက ကင်းပုံမှန်စောင့်တဲ့ ကလေးတွေက ရှောင်ပြီး ကင်းပုန်းဝတ်ကြတယ်။ အဲဒီမနက် ကျွန်တော်တို့ရွာက လူနှစ်ယောက်ကို ဖမ်းခေါ်သွားတဲ့အချိန်မှာ သူတို့ကားတွေ ထွက်သွားတဲ့အချိန် ကျွန်တော်တို့ အဖွဲ့တွေ မတ်တပ်ရပ် စကားပြောတဲ့အချိန် ဒလန်သတင်းပေးမှုကြောင့် ကျွန်တော်တို့ကို လာဝိုင်းတယ်။ လာဝိုင်းတဲ့အချိန်မှာ သူတို့က မပြေးနဲ့ဆိုပြီးတော့ ဖမ်းဖို့ဆီးဖို့လုပ်တော့ ပြေးတဲ့သူလည်းပြေးတယ် ဝပ်တဲ့သူလည်းဝပ်တယ်။ 

အဲဒီမှာ သူတို့ကပစ်တော့ သူပစ်ကိုယ်ပစ် ပစ်တယ်။ ပစ်ပေမယ့် ကျွန်တော်တို့မှာက လက်နက်ကောင်းကောင်း ဘာမှမရှိဘူး။ သရေဂွ (လောက်လေးဂွ) နဲ့ ဂက်စ်ဂန်းပဲရှိတာ။ အဲဒါနဲ့ပစ်ကြခတ်ကြတယ်ပေါ့ဗျာ။ ကျွန်တော်တို့ကို လာဝိုင်းတာက ဆိုင်ကယ်သုံးစီးနဲ့ခြောက်ယောက်။ နောက် သေနတ်သံတွေကြားတော့ နောက်တစ်ဖက်က ဝင်လာပြီး ကျွန်တော်တို့ကို တိုက်ပစ်တော့ ကျွန်တော်တို့လည်း မခံနိုင်ဘူး။ အဲဒီမှာ ကျွန်တော်တို့ ဆုတ်ရင်းနဲ့ ထိကြတယ်၊ ကျကြတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဆုတ်ပြီးတော့ ပြေးတယ်။ အခု ကျွန်တော်တို့ ရှောင်နေကြတယ်။ မိသားစုလိုက်ရှောင်နေကြတယ်။ တစ်ရွာလုံးရှောင်နေရတယ်။ ရွာမှာ ကျန်တာက ဒလန်ပဲကျန်တယ်။

မေး − သူတို့ (စစ်ကေင်စီတပ်) ရွာထဲဝင်လာတဲ့အကြောင်းအရင်းက ဒလန်က သတင်းပေးလို့ဆိုတာမျိုး ကြားရပါတယ် ဟုတ်ပါသလား။

ဖြေ − အဲဒါက ကျွန်တော်တို့ရွာမှာ ရန်ကုန်ကို ငှက်ပျောပို့တဲ့ ကားသမားရှိတယ်။ ဒလန်တစ်ယောက်ရဲ့ သတင်းပေးမှားမှုကြောင့် အဲဒီကားမှာ လက်နက်တွေတင်လာတယ်ဆိုပြီး လာရှာတယ်။ ဒါပေမဲ့ အဲဒီလူက ရိုးရိုးသားသားပဲ။ ကျွန်တော်တို့ရွာမှာ ရပ်မိရပ်ဖ ရွာ့မျက်နှာဖုံးပဲ။ သူသည် ဘယ်ဘက်မှလည်း မနေဘူး အစိမ်း၊ အနီဆိုပြီး သူ့မှာမရှိဘူး။ ရပ်ရေးရွာရေး ဘာသာရေး သာသနာရေး အကုန်လုံးလုပ်တယ်။ အဲဒီလိုလူကို ဆွဲ(ဖမ်း)တဲ့အခါကျတော့ ကျွန်တော်တို့ရွာသားတွေက ကိုယ့်ရွာသားကို ဆွဲရမလားဆိုပြီး မကျေနပ်ကြဘူး။ ဘလိုင်းကြီးလာဆွဲတာလေ။ သူများပြောတိုင်းယုံရအောင် သူတို့က ဦးနှောက်မရှိတဲ့လူတွေမို့လို့လား။ သတင်းကို စိစစ်လေ။ သူတို့လည်း အကုန်လုံးရှာဖွေပြီးသွားပြီ၊ ဘာမှလည်း မတွေ့ဘူးလေ။ အဲဒါကြီးကို ဖမ်းဆီးခေါ်သွားတဲ့အခါ ရွာသားတွေက ဒေါကန်တယ်။ အဲဒီလိုမျိုးနဲ့ အဲဒီဖြစ်စဉ်တွေဖြစ်တာပဲ။

မေး − ပစ်ခတ်မှုမှာ ရွာသားတွေဘက်က ဘယ်နှစ်ဦး ကျဆုံးပါသလဲ။

ဖြေ − သားအဖနှစ်ယောက်ရယ်၊ ကျွန်တော့်သားရယ်။ တစ်ရွာလုံးမှာ သုံးယောက်ကျတယ်။ ဒဏ်ရာက နှစ်ယောက်လောက်ရှိတယ်။ နောက်တစ်ဖွဲ့ဝင်လာပြီး တိုက်ပစ်တဲ့အချိန်မှာ ထိတာ။ မနေ့က လမ်းမှာ ဆိုင်ကယ်နဲ့သွားတဲ့တစ်ယောက် ပစ်သတ်ခံရတာလည်းရှိတယ်။ အဲဒါက သူ့ဘာသာသူ သွားရင်းလာရင်းနဲ့ အပစ်ခံရတာ။ အားလုံးပေါင်း လေးယောက်ပေါ့။

မေး − ကျသွားတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကရော ဘယ်လိုလုပ်ပါသလဲ။

ဖြေ − မြို့နယ်ဆေးရုံကို လူနာတင်ယာဉ်နဲ့ အကုန်ယူသွားတယ်။ ရင်ခွဲရုံမှာ သူတို့ထားတယ်။ အခုမနက် ထုတ်ပေးတယ်။ ဒါပေမဲ့ လက်မှတ်ထိုးခိုင်းပြီး မြို့ပေါ်က သုဿန်မှာ မီးသဂြိုလ်တယ်။ အဲဒီကိုသွားဖို့ အခွင့်အလမ်းမရှိဘူး။ ကျွန်တော်တို့သွားရင် ကျွန်တော်တို့ကို ဖမ်းမှာ။ အခုလိုအချိန်မှာတော့ ကျွန်​တော်တို့တွေက သားသမီးအတွက် ဆွမ်းကျွေးလေးတောင် မလုပ်ပေးနိုင်တဲ့အနေအထား။

မေး − သူတို့တွေ ဝင်ရောက်စီးနင်းပစ်ခတ်တဲ့အခါ အင်အားတွေအလုံးအရင်းသုံးတယ်လို့ ပြောကြပါတယ်။ အဲဒီအခြေအနေကို ပြောပြပေးပါလား။

ဖြေ − ဖြစ်နိုင်ခြေရှိတယ်။ နောက်တစ်ဖွဲ့ဝင်လာတာ အင်အားဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ မခန့်မှန်းတတ်ဘူး။ ပထမတော့ခြောက်ယောက်။ နောက်တစ်ဖွဲ့ဝင်လာတဲ့အခါ အင်အား တော်တော်များလောက်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ တရစပ်ပစ်တဲ့ကျည်က မိုးရွာသလိုဗျ။ ကျွန်တော်တို့မှာက ဘာမှမှမရှိတာ။ ဘာမှမရှိပေမဲ့ ကျွန်တော်တို့က ဒါကို မကျေနပ်လို့ ထလုပ်တဲ့ပုံစံမျိုးပဲရှိတယ်။ အဲဒါကို သူတို့က စစ်ဆင်ရေးပုံစံနဲ့ မဲမဲမြင်ရာ အကုန်ပစ်တာ။

မေး − ပစ်ခတ်မှုတွေဖြစ်တော့ ရွာသူရွာသားတွေ ရှောင်တိမ်းရတဲ့အခြေအနေက ဘယ်လိုရှိပါသလဲ။ လက်ရှိ ရွာသူရွာသားတွေ စားသောက်နေထိုင်ရေးကရော ဘယ်လိုရှိပါသလဲ။

ဖြေ − ရွာသားတွေက အဲဒီဖြစ်ပြီဆိုကတည်းက အကုန်ရှောင်ကြတာ။ ရွာက အိမ်ခြေ ၂၀၀ လောက်ရှိတယ်။ ရွာသူရွာသားတွေက အိမ်မပြန်ဝံ့ဘူး။ နီးစပ်ရာကျေးရွာတွေမှာ ကျေးရွာတွေက အခုလောလောဆယ် ကျွေးထားတာပေါ့။ ဒါပေမဲ့ မိုးရာသီဖြစ်တဲ့အခါကျတော့ နေရေးထိုင်ရေးက ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။

မေး − စစ်ကောင်စီတပ်တွေကရော ရွာမှာရှိနေဆဲပဲလား။ 

ဖြေ − ရှိနေတယ်ခင်ဗျ။ ရွာနဲ့မနီးမဝေးမှာ တပ်စွဲထားပါတယ်။ ကျွန်တော်တို့ကတော့ ပြန်ချင်တယ်။ လောလောဆယ်တော့ ရှောင်တိမ်းနေရတာပေါ့။

မေး − ရွာသူရွာသားတွေ ရွာပြန်နေနိုင်ဖို့ ဘယ်လိုအ​ခြေအ​နေ လိုအပ်ပါသလဲ။

ဖြေ − ကျွန်တော်တို့က တောင်းဆိုတော့လည်း ဘယ်သူက လာလုပ်ပေးနိုင်မှာလဲဗျာ။ သူတို့ ပြန်ထွက်သွားရင်တော့ ရွာသူရွာသားတွေ ရွာပြန်နေရမှာပေါ့။ သူတို့ ဒီလိုပဲ ဒလန်တွေက သတင်းပေးလိုက် သူတို့ကလာလိုက်၊ ဒလန်တွေက သတင်းပေးလိုက် သူတို့ကလာလိုက်ဆိုရင်တော့ သံသရာဒီလိုပဲရှည်နေမှာပဲ။

မေး − အခုဖြစ်ရပ်အပေါ် ဘာပြောလိုပါသလဲ။

ဖြေ − ပြောချင်တာက အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေက စစ်အာဏာရှင်ကိုမကြိုက်လို့ ဒီလို ကျွန်တော်တို့တွန်းလှန်တယ်။ ဒီသဘောပါပဲ။ ကျွန်တော်က ရွာက ဒလန်တွေကို ပြောချင်တယ်။ ကျွန်တော်တို့ရပ်ရွာကို ကောင်းအောင် မလုပ်နိုင်ရင်နေပါ၊ မဖျက်ဆီးပါနဲ့လို့။

Source: Myanmar Now


Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...