Skip to main content

၂၀၂၁-၀၆-၁၃ အထွေထွေ


အင်းစိန်ထောင်ရောက် ကျောင်းသားလူငယ် ၇ ဦး ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံနေရ

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရပြီးနောက် ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ကျောင်းသားလူငယ် ၇ ဦးမှာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံနေရသည်ဟု မိသားစုဝင်များက ဆိုသည်။

ကျောင်းသားလူငယ် ၅ ဦးနှင့် အလွတ်တန်းသတင်းထောက်နှစ်ဦးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေစဉ်၊ သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရသူများဖြစ်ကာ အင်းစိန်ထောင်၌ တစ်လကျော်ကြာ တိုက်ပိတ်ခံရပြီးနောက် တစ်ဦးချင်းစီခွဲကာ ရာဇဝတ်မှုဖြင့် ထောင်ကျနေသော အကျဉ်းသားနှင့် ရောနှောထားသဖြင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။

"သူတို့ကို နိုင်ငံရေးအကျဉ်းသားတွေလို မဆက်ဆံပဲ ရာဇဝတ်သားတွေလို ဆက်ဆံနေတယ်။ နေရတာက အဆင်မပြေဘူး။ စိတ်ရော၊ လူရော ပင်ပန်းတယ်ပေါ့"ဟု ဆန္ဒပြစဉ် ဖမ်းဆီးခံရသူ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုကျောင်းသားလူငယ် ၇ ဦးအနက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ပန်းပုဘာသာရပ် ပထမနှစ်သင်တန်းကို တက်ရောက်နေသူ ကိုဝေယံဖြိုးမိုးလည်း ပါဝင်သည်။ 

အခြားသူများမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သုတေသနရေးရာတာဝန်ခံ ကိုအောင်ဖုန်းမော် (နောက်ဆုံးနှစ်၊ သင်္ချာဘာသာရပ်)၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုး (တတိယနှစ်၊ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ)၊ ကိုသုတစိုး(ရန်ကင်းပညာရေးကောလိပ်) နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် သတင်းယူရင်းဖမ်းဆီးခံရသော အလွတ်တန်းသတင်းထောက်များဖြစ်ကြသည့် ကိုစိုးရာဇာထွန်းနှင့် ကိုဗညားဦးတို့ဖြစ်သည်။

“သူတို့ကတော့ အမှန်တရားအတွက် လုပ်နေတာပေါ့။ သူတို့လိုကျောင်းသားခေါင်းဆောင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်နေတယ်။ သူတို့ကို မဆန့်ကျင်ရဲတော့အောင် ဖိနှိပ်နေတဲ့သဘောပဲ။ ငါတို့ကို ဆန့်ကျင်ရင် မင်းတို့ဒီလိုမျိုးပဲခံရမယ်ဆိုတဲ့ ပုံစံနဲ့ ဖိနှိပ်နေတာ။ နိုင်ငံရေးအရ ဖိနှိပ်နေတာပဲ”ဟု ကိုဘုန်းထက်နောင်၏ မိသားစုဝင်က မှတ်ချက်ပြုသည်။

ကိုဝေယံဖြိုးမိုးနှင့် ကိုဘုန်းထက်နောင်၏ ရှေ့နေဖြစ်သူ ဦးသက်နောင်ကလည်း ၎င်း၏အမှုသည်များအပါအဝင် ၇ ဦးအကြား အချင်းချင်းစကားပြောသည်ကိုပင် ထောင်အာဏာပိုင်များက မနှစ်မြို့ဟု ကြားသိရကြောင်း ပြောသည်။

"ရာဇဝတ်သားတွေနဲ့ နေရတာဖြစ်တဲ့အတွက် သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်တယ်လို့ (ရုံးချိန်းတစ်ခုတွင်) ကျွန်တော့်ကို ပြောသွားတယ်” ဟု ကိုသက်နောင်က ပြောသည်။

အဆိုပါ လူငယ် ၇ ဦးမှာ ထောင်အာဏာပိုင်များ၏ ထောင်စည်းကမ်းများဖတ်ရန်ခိုင်းစေမှုကို ငြင်းဆန်ခဲ့သဖြင့် ဧပြီ ၂၂ ရက်မှစကာ သီးသန့်ခွဲကာ တစ်ပတ်ကြာတိုက်ပိတ်ခဲ့သည်ဟု ကိုဝေယံဖြိုးမိုး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျပ်ကျပ်သပ်သပ်နေရတယ်"ဟု ၎င်းက ပြောသည်။

ယင်းနောက် ၎င်းတို့ ၇ ဦးကို အင်းစိန်ထောင်အတွင်း နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရာဇဝတ်သားအများအပြားရှိရာ အဆောင်သို့ ပို့ဆောင်ခံခဲ့ရပြီး အကျပ်ကိုင်ငွေတောင်းခံရခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်းနှင့် အသက်အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ခြိမ်းခြောက်မှုများပင် ကြုံတွေခဲ့ရသဖြင့် ထောင်အာဏာပိုင်ပင် လာရောက်ဖြေရှင်းခဲ့ရသည်ဟု မိသားစုဝင်များက ဆိုသည်။ 

နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူများနှင့်အတူ ထားပေးရန် တောင်းဆိုမှုကို ထောင်အာဏာပိုင်များက လျစ်လျူရှုခဲ့ပြီး ရာဇဝတ်အကျဉ်းသားများရှိရာအဆောင်သို့ တစ်ဦးချင်းစီခွဲကာ ပို့ဆောင်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

“ရာဇဝတ်သား ၁၀၀ ကျော်လောက်နဲ့ တစ်ခန်းတည်းအတူနေနေရတယ်။ ခိုးဆိုးလုနှိုက်သူတွေ အခြား ဆိုးသွမ်းတဲ့ ရာဇဝတ်သား၊ နှစ်ကြီးသမားတွေနဲ့ အတူနေနေရတယ်။ အခုထိ သူတို့ ၇ ယောက်က တစ်ယောက်တစ်နေရာစီမှာပဲ။ မတွေ့ရတော့ဘူး"ဟု ကိုဘုန်းထက်နောင်၏ မိသားစုဝင်က ပြောသည်။

အဆိုပါ လူငယ် ၇ ဦးလုံးကို အာဏာသိမ်းစစ်ကောင်စီက ထောင်သုံးနှစ်အထိချနိုင်သည့် မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့်ကာ အင်းစိန်ထောင်အတွင်း ဖွင့်လှစ်ထားသည့် အထူးတရားရုံးဖြင့် စစ်ဆေးနေပြီး မိသားစုဝင်များအနေဖြင့် တွေ့ခွင့်မရသေးပေ။ 

Myanmar Now က အဆက်အသွယ်ရခဲ့သည့် ကိုဝေယံဖြိုးမိုး၊ ကိုဘုန်းထက်နောင်၊ ကိုလေပြေစိုးမိုးတို့၏ မိသားစုဝင်များက အကျဉ်းကျနေသည့် ကာယကံရှင်များသည် ကြုံလာသမျှအရာများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မည်မှာ သေချာကြောင်းပြောကြသည်။

“စစ်တပ်ကလဲ သူတို့ကို ဆန့်ကျင်နေတဲ့သူတွေကို ထောင်ထဲထည့်ပြီး အသက်မသေတာပဲရှိတယ်၊ သူတို့ရဲ့ဘဝတွေကို အသေသတ်နေတာပဲ။ သူ့အသတ်သေတဲ့အထိကို သူက တော်လှန်နေမှာဆိုတာကို ယုံကြည်တယ်။ သူက စိတ်ဓါတ်မာသလို ရပ်တည်ချက်လဲ ခိုင်မာတယ်။ အသတ်သေသည်ထိ သူက အသေခံပြီး တိုက်သွားမယ်လို့ ကျမယုံတယ်”ဟု ကိုဝေယံဖြိုးမိုး၏ မိခင်ဖြစ်သူက ပြောသည်။

စမ်းချောင်း ကျွန်းတောလမ်းတွင် အုပ်ချုပ်ရေးမှူးကား ဗုံးပေါက်

ယနေ့ (ဇွန်လ ၁၃ ရက်) နေ့လယ် ၂နာရီခန့်က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း ဝေဋဝန်မြောက်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးကား ဗုံးပေါက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

" အုပ်ချုပ်ရေးမှူးကား ဗုံးပေါက်တာ ဟုတ်ပါတယ်။ ကားအောက်ကနေ ထပေါက်တာပါ။ လူတော့ ထိခိုက်မှု ရှိတာ မတွေ့ရဘူး။ ကားတော့ ပျက်စီးသွားပါတယ်။ အခုတော့ စစ်သားတွေရော ရဲနဲ့ အရပ်ဝတ်အချို့ရော လာစစ်ဆေးနေတာ တွေ့ပါတယ် " ဟု ၄င်းက ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးကား ဗုံးပေါက်မှုအပြီး၌ ကျွန်းတောလမ်းတစ်လျှောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လမ်းပိတ်ဆို့ကာ ဖြတ်သန်းသွားသည့် ကားများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်သူအချို့က ပြောသည်။



ကန့်ဘလူမြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့တွင် ယမန်နေ့ (ဇွန် ၁၂) ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ရာ ဒုရဲအုပ်တစ်ဦး ရင်ဘတ်ကျည်ထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့သူ ဒုရဲအုပ်သန့်ဇင်ဦးမှာ အဆုတ်တွင် ကျည်ဆန်ထိမှန်ထားကြောင်း ကန့်ဘလူဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြုသည်။ 


ကန့်ဘလူခရိုင်ရဲစခန်းတွင် တပ်ကူရောက်ရှိနေသော ကျွန်းလှမြို့နယ်မှ ရဲများ အရက်မူးကာ အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်သည်အထင်ဖြင့် အခြားနေရာများရှိ ရဲစခန်းနှင့် စစ်တပ်ကလည်း ခြောက်လန့်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

"ကျွန်းလှကရဲနဲ့ ဒီကရဲတွေ အချင်းချင်း သောက်ရင်းစားရင်း ပစ်ကြတယ်လို့ ကြားတယ်။ အသံကြားတော့ အနီးနားမှာရှိတဲ့တပ်ကလည်း ပစ်တာ။ မြို့ထဲကရဲစခန်းကလည်း ခြောက်လန့်ပစ်တာတွေရှိတယ်။ အချင်းချင်းဖြစ်တာကနေ ပစ်ခတ်သံကြားလို့ ပစ်နေကြတာ" ဟု ၎င်းမြို့ခံက ပြောသည်။ 

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲအုပ်ခင်မောင်ဆင့်ဆိုသူမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယနေ့ (ဇွန် ၁၃) မွန်းလွဲပိုင်းတွင် လာရောက်အဖမ်းခံခဲ့သည်ဟု ကန့်ဘလူရဲစခန်းနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။

“အချင်းချင်းစကားများပြီး သေနတ်နဲ့ပစ် ထွက်ပြေးတာပါ။ အခြားပစ်ခတ်တာတွေက ခြောက်လှန့်တဲ့သဘောပါ။ ဒီနေ့ လာအဖမ်းခံပါတယ်" ဟု ၎င်းက ပြောသည်။

ကန့်ဘလူခရိုင်ရဲစခန်းတွင် ထိုသို့ပစ်ခတ်မှုဖြစ်ပွားစဉ် အနီးအနားရှိ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်းကလည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

"ည ၉ နာရီကျော်ကျော်လောက်မှာ ပစ်တာ။ တစ်မြို့လုံးဆူညံသွားတာပဲ။ အချက်ရေ ၆၀ လောက်ရှိတယ်။ တိုက်ပွဲတွေဖြစ်နေတာထင်လို့ အကုန်ကြောက်လန့်ကုန်တာ" ဟု ပစ်ခတ်မှုဖြစ်ပွားရာ အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

ဇွန် ၂ ရက်က ကန့်ဘလူမြို့အရှေ့ဖက် ၁၀ မိုင်အကွာရှိ ဝါးညိုတောင်အဆင်းတွင် ရဲနှင့် စစ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို ဒေသခံအချို့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့သည်။


တောင်ကြီးတွင် NLD ပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မဲခေါင်၊ ဇွန် ၁၃

တောင်ကြီးမြို့နယ်၊ မောက်စံကျေးရွာ‌တွင် ယမန်နေ့ (ဇွန်လ ၁၂ ရက်)၊ ညနေ ၃ နာရီဝန်းကျင်က NLD ပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ​ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသူ ဦးထွက်မောင်သည် မောက်စံကျေးရွာ‌တွင် နေထိုင်သူဖြစ်ပြီး NLD ပါတီဝင်တစ်ဦးဖြစ်ကာ ၎င်း၏ ဆန်စက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူများက သေဆုံးသူ၏ ရုပ်အလောင်းကို ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရပြီး ယင်းနယ်မြေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အထူးဒေသ (၆) နယ်မြေအတွင်း တည်ရှိသည်။

ခိုင်ကြီး

#MeKongNews


တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း ဖမ်းဆီးခံရ


ရန်ကုန်၊ဇွန်၁၃

CDM လုပ်ဆောင်နေသည့်  တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း ဖမ်းဆီးခံလိုက်ရပြီဟု သိရသည်။

ဇွန် ၁၀ ရက်က ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်၊ နဝဒေးလမ်းအနီးတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

နစက က ဒေါက်တာထားထားလင်းကို ပါမောက္ခဒေါက်တာဇော်ဝေစိုး၏ ကွပ်ကဲမှုအောက်တွင် ရှိသော Public Health Team အဖွဲ့ခေါင်းဆောင်ဟု ပြောဆိုထားသည်။

ဒေါက်တာ ထားထားလင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ စ၍ နစကကျန်းမာရေးဝန်ကြီးဌာနနှင့် အဆက်အသွယ်ဖြတ်ကာ CDM လုပ်ဆောင်နေသူဖြစ်သည်။

နစက က ဒေါက်တာထားထားလင်းအား တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၁ ဒသမ ၁၉၈ သန်းအား ငွေစာရင်း ရှင်းလင်းခြင်းမရှိဘဲ CDM ဝန်ထမ်းအဖြစ် ခံယူသွားခဲ့သူဟု စွပ်စွဲထားကာ ဖေဖော်ဝါရီလ ၂၀ ရက်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမတွင်  (ပ)၁၁/၂၀၂၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ထားသည်ဟုသိရသည်။

ယင်းကဲ့သို့ နစက ဘက်က သူမအား အမှုဖွင့်ခြင်းနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ဖေဖော်ဝါရီလအတွင်း လူမှုကွန်ယက်မှတဆင့်အများပြည်သူကိုသိရှိစေဖို့ဟုဆိုကာ ပန်ကြားချက်တစ်စောင်ထုတ်ပြန်ထားခဲ့ဖူးသည်။

ယင်းပန်ကြားချက်ထဲ သူမ အမှုဆင် ခံရခြင်းဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားသည်ကိုတွေ့ရသည်။



ကလေးမြို့တွင် ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါး ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

ကလေးမြို့ တောင်ဇလပ်ရပ်ကွက်မှာနေထိုင်တဲ့ တော်ဖီလာအေဂျီအသင်းတော်က ဆရာတော် Rev. France (၅၃နှစ်)ဟာ ဒီနေ့ဇွန်၁၃ နေ့လည် ၁ နာရီခွဲအချိန်တွင် ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

အလောင်းကို ဆေးရုံကနေ သချိုင်းသို့တခါထဲ မြေမြုပ်သဂြိုလ်ကြပါတယ်။

ဒီနေ့ ကလေးမြို့တွင် ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၂ ယောက်ရှိပါတယ်။





Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...