အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများ၏နေအိမ်များကို ဖျက်ဆီး၊ ရပ်ကွက်များတွင် မိုင်းများထောင်၊ တိုက်ပွဲများ ပြင်းထန်
ရန်ကုန်၊ ဇွန် ၈
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ် ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်များက အများပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးမီးရှို့ခြင်း၊ လူမရှိသည့် ရပ်ကွက်နှင့်ကျေးရွာများတွင် မိုင်းများ ထောင်ခဲ့ခြင်းများ လုပ် ဆောင် နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
"လက်နက်ကြီးတွေနဲ့ကတော့ တစ်ချိန်လုံးပစ်နေတာပဲ။ တ၀ုန်း၀ုန်းနဲ့ကို ပစ်နေတာ၊ ဒီမော့ဆိုမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ အိမ်တွေကို မီးရှို့တာတို့၊ လူမရှိတဲ့ ရပ်ကွက်နဲ့ အိမ်တွေမှာ အဝင်အထွက်လမ်းတွေမှာ စစ်ကောင်စီဘက်က မိုင်းတွေ ထောင်တာတွေ လုပ်နေတယ်လို့ ပြန်သိရတယ်" ဟု ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါးမှ ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ဒီမော့ဆိုမြို့နယ်၊ ဆူဒဲခူရွာ အကြမ်းဖက်စစ်ကောင်စီအင်အား ၈၀ နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု သိရှိရသည်။
Photo Credit - CJ/FBR Karenni
Source: KhitThit