Skip to main content

NUG ရိုဟင်ဂျာ ပေါ်လစီ ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထား

၃ ဇွန်လ ၂၀၂၁

အမျိုးသားညီညွတ်ရေးအစိုးရသည် လူ့အခွင့်အရေးနှင့် လူသားတို့၏ ဂုဏ်သိက္ခာကို လေးစား လိုက်နာပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ရှင်းလင်းစွာဖော်ပြထားသည့်အတိုင်း ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန် နိုင်ငံသူ ၊ နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်သော သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရန် ရည်ရွယ်သည်။  

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများတွင် ဖော်ပြထားသည့် အတိုင်း “ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည်” ဟု ခံယူသည်။  

ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရှိရမည်။ လူမျိုးတိုင်းသည် လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် ခံစားခွင့်ရှိသည့် တစ်သီးပုဂ္ဂလ အခွင့်အရေးများနှင့် လူမျိုးအလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများကို အပြည့်အဝခံစားပိုင်ခွင့်ရှိရမည်။ ပြည်ထောင်စု၏ နိုင်ငံသားတိုင်းသည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အပြည့်အဝခံစားခွင့် ရှိရမည်ဟု ခံယူသည်။  အမျိုးသားညီညွတ်ရေး အစိုးရသည် ခွဲခြားဆက်ဆံမှုမှန်သမျှကို လက်မခံပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရသည် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာပြည်သူများနှင့် ပတ်သက်သော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထက်ပါမူဝါဒများကို အခြေခံရမည်ဟု သဘောထားသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ပါဝင်ပတ်သက်သူများအားလုံး၏ သဘောထားများ၊ နောက်ခံသမိုင်းကြောင်း အဖြစ်အပျက်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို ထည့်သွင်းစဉ်းစားလျက် လူတိုင်း၏ လူ့အခွင့်အရေးကိုလေးစားသည့် အားလုံးလက်ခံနိုင်သော ဖြေရှင်းမှုများကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်။ 

 ယခုအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးသည် ပြည်သူအားလုံးအတွက် ဘုံဦးတည်ချက်တစ်ရပ်ဖြစ်လာပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွန်းလှန်နေသောအချိန်ဖြစ်ပါသည်။ ပြည်သူအားလုံး စည်းလုံးညီညွတ်မှု အရဆုံးအချိန် ဖြစ်ပါသည်။ စည်းလုံးညီညွတ်မှုဖြင့် ပြည်သူအားလုံးတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အနာဂတ် ပြည်ထောင်စုအား ပြန်လည်တည်ဆောက်နိုင်မည်ဟု မိမိတို့ ယုံကြည်သည်။

ရိုဟင်ဂျာအဖွဲ့အစည်းများနှင့် ဒုက္ခသည်စခန်းများ၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများစခန်းများမှ ကိုယ်စားလှယ်များအပါအဝင် ရခိုင်ပြည်နယ်ရှိ ပါဝင်ပတ်သက်သူများစွာနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်အပြီး  အမျိုးသားညီညွတ်ရေးအစိုးရသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအားလုံး၏ အကျိုးအတွက် အောက်ပါ မူဝါဒများကို ချမှတ်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ 

 အမျိုးသားညီညွတ်ရေးအစိုးရသည် ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအတွင်း အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာပြည်သူများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးများကို ရက်ရက်စက်စက်ချိုးဖောက်မှုများကြောင့် လူဦးရေ သောင်းပေါင်းများစွာ နေရပ်မှစွန့်ခွာ ထွက်ပြေးရခြင်း၏ ဘေးဒုက္ခများကို ကောင်းစွာသိရှိပြီး အထူးစိတ်မကောင်း ဖြစ်ရပါသည်။ ယခုအခါ အကြမ်းဖက် စစ်တပ်၏ ရမ်းကား ရက်စက်မှုများ၊ အကြမ်းဖက်မှုများကို ကိုယ်တွေ့ မျက်မြင်တွေ့ကြုံခံစားနေရသော မြန်မာပြည်သူတရပ်လုံးကလည်း ရိုဟင်ဂျာပြည်သူတို့၏ ဆိုးဝါးလှသည့်အဖြစ်ဆိုးအပေါ် စာနာနားလည် နေကြပါသည်။ 

ထိုသို့ ရက်စက် ရမ်းကားမှုများ၊ အကြမ်းဖက်မှုများကို ကျူးလွန်သူများအား တရားဥပဒေအရ အရေးယူ အပြစ်ပေးခံရရန် ကြိုးပမ်းခြင်းသည် တရား မျှတမှုကိုဖော်ဆောင်ခြင်းသာမက ထိုသို့သော အဖြစ်အပျက်မျိုး နောက်နောင်တွင် ထပ်မံဖြစ်ပွားခြင်းမရှိစေရန် ကြိုတင်ကာကွယ်ခြင်းလည်း ဖြစ်သောကြောင့် ဦးစားပေးအလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်အဖြစ် ခံယူပါသည်။ ရိုဟင်ဂျာများနှင့် အခြားပြည်သူတို့အပေါ် သမိုင်းတလျောက် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ အပြစ်ရှိသည့် စစ်တပ်၏ တာဝန်ခံမှုများဖော်ဆောင်နိုင်ရန်နှင့် တရားမျှတမှုနှင့် ဆုံးရူံးနစ်နာခဲ့ရမှုများအတွက် ကုစားမှုများကို လူတိုင်းရရှိခံစားနိုင်ရန်အတွက် အထူးလုပ်ဆောင် သွားမည်ဖြစ်သည်။ အနာဂတ်ဖက်ဒရယ်ဒီမို‌ကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင်လည်း ပြန်လည်ကုစား‌ရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးတို့ပါဝင်လာစေရန် သေချာစွာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ရိုဟင်ဂျာများနှင့် အခြားပြည်သူတို့အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး၏ စီရင်ပိုင်ခွင့်ကို အသုံးပြုနိုင်ရန် အစပျိုးလုပ်ဆောင်နေပါသည်။ 

ဒေါက်တာကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သော အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက် (၈၈) ချက်သည် ရခိုင်ပြည်နယ် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း မိမိတို့မှတ်ယူပါသည်။  ထိုအကြံပြုချက်များသည် အကြမ်းဖက်မှုများ၏အကြောင်းရင်းများအတွက် အ‌ဖြေရှာမှုများအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။  သို့သော် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ်၏အခြေအနေမှာ ယင်းဒေသရှိ ပြည်သူအားလုံးအတွက် ပိုမိုဆိုးရွားလာခဲ့သည်။ ထို့ကြောင့် အဆိုပါ အကြံပြုချက်များနှင့် အခြားသက်ဆိုင်ရာအကြံပြုချက်များကို သုံးသပ်စရာအချက်များအဖြစ် မှတ်ယူ၍ ဒီမိုကရေစီနည်းလမ်းတကျ လူတိုင်းပူးပေါင်းနိုင်သည့် သာယာဝပြောသော အနာဂတ်ကို ဦးတည်သော စာမျက်နှာသစ်ကို ရခိုင်ပြည်နယ်ရှိ ပြည်သူများအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း မိမိတို့ အလေးအနက်ယုံကြည်ပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ ပြဿနာကို ဖြေရှင်းရာတွင် ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များ၏ အရေး ကြီးမှုကိုလည်း မီးမောင်းထိုးပြလိုပါသည်။  ၂၀၀၈ အခြေခံဥပဒေ၏ ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်မည့် အခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲရာတွင် တစ်နိုင်ငံလုံး အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထု၏ အတွေးအမြင်များ၊ သဘောထားများကိုလည်း ရယူမည်ဖြစ်သည်။ အားလုံး၏ အမြင်များနှင့် မျှော်မှန်းချက်များက ဤလုပ်ငန်းစဉ်ကို အကျိုးပြုနိုင်မည်ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ပါဝင်ပတ်သက်သူများ အားလုံးနှင့် တိုင်းပြည်တစ်ဝှမ်းရှိ ပြည်သူလူထုအားလုံးကို အဆိုပါ အခြေခံဥပဒေရေးဆွဲရေး ဖြစ်စဉ်တွင် ပါဝင်ကြရန် ဖိတ်ခေါ်ပါသည်။ ထိုသို့ပါဝင်လုပ်ဆောင်ခြင်းသည် အားလုံးကမျှော်မှန်းသည့် နိုင်ငံ၏အနာဂတ်ဖော်ဆောင်ရေးအတွက် မရှိမဖြစ်လိုအပ်လှပါသည်။ 

၁၉၈၂ နိုင်ငံသားဥပဒေအပါအဝင် တခြားဖိနှိပ်သည့်ဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ပြဌာန်းခြင်းလုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲအပြီး လုပ်ဆောင်ခြင်းသည် အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ပါသည်။ ယင်းဥပဒေသစ်အရ မြန်မာနိုင်ငံသားဖြစ်မှုသည် မြန်မာနိုင်ငံတွင်းမွေးဖွားခြင်း သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ မြန်မာနိုင်ငံသားမိဘများမှ မွေးဖွားသူဖြစ်ခြင်းကို အခြေခံစေရမည်။ 

ရိုဟင်ဂျာနှင့် အခြားလူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ပွားစေသည့် နိုင်ငံသားစိစစ်‌ရေးကဒ်များ ပြဌာန်းလုပ်ဆောင်ခြင်းလုပ်ငန်းစဉ်များကို ပယ်ဖျက်မည်။  ရိုဟင်ဂျာပြည်သူများသည် အခြေခံ လူ့အခွင့်အရေးစံနှုန်းများ၊ ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူများနှင့် ကိုက်ညီသော ဥပဒေများ အတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားဖြစ်သူတိုင်းလည်း အခြားနိုင်ငံသားများနှင့် တန်းတူပြည်သူရေးရာအခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ရမည်။ 

 အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်မှ အိမ်နီးချင်းနိုင်ငံများသို့ နေရပ် ပြောင်းရွှေ့ နေထိုင်နေကြရသော ရိုဟင်ဂျာပြည်သူများ မိမိတို့ နေရပ်သို့ မိမိကိုယ်ပိုင်ဆန္ဒသဘောဖြင့်၊ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးသည် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် အိမ်နီးချင်း နိုင်ငံများနှင့် ချုပ်ဆိုထားသော သဘောတူညီချက်များကို ဆက်လက်သဘောတူ လက်ခံကြောင်း ထပ်လောင်း အတည်ပြုပါသည်။ ထိုသို့ ပြန်လည်အခြေချနိုင်ရေးအတွက် အထူးအစီအစဉ်တရပ်ကို သက်ဆိုင်ရာအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါသည်။ ရိုဟင်ဂျာပြည်သူများ မိမိတို့ နေရပ်သို့ မိမိကိုယ်ပိုင်ဆန္ဒသဘောဖြင့်၊ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးကို လုပ်‌ဆောင်နိုင်သည့်အခြေအနေရောက်ရှိသည်နှင့်တပြိုင်နက် လုပ်ဆောင်သွားမည်ဟု ခိုင်မာစွာ ပြောကြားလိုပါသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် အဓိကတာဝန်ယူနေသည့် ကြားကာလအစိုးရဖြစ်ပါသည်။  ထိုတာဝန်ကို အဓိကထားထမ်းဆောင်နေသည့်အပြင် အနာဂတ်အတွက်ကိုလည်း ပြင်ဆင်လျက်ရှိပါသည်။ အကျိုးသက်ဆိုင်သူအားလုံး၏ အသံများကို နားထောင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အကျိုးဖြစ်စေမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာပြည်သူများ အနေဖြင့်လည်း စစ်အာဏာရှင် တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးတွင် အခြားသော ပြည်သူများနှင့် အတူတကွ ဖြစ်နိုင်သောနည်းလမ်းများဖြင့် ပူးပေါင်း ပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတွင် ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းဖြင့် မဖြေရှင်းနိုင်သည့် ပြဿနာရှိမည်မဟုတ်ပါ။









Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...