ဒီမော့ဆိုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပရဟိတလုပ်ကိုင်သူ ဦးအေးရွှေ ကျဆုံး
Knitthit
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပရဟိတလုပ်ကိုင်သူ ဦးအေးရွှေ လက်နက်ကြီးကျည်ထိမှန်၍ ကျဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရှိရသည်။
ဦးအေးရွှေသည် ထျေးဘျားညီ နှစ်ခြင်းခရစ်ယန်အသင်းတော်နှင့်အတူ လူမှုအကျိုးပြု လုပ်ငန်းများ ပူးတွဲဆောင်ရွက်နေသူ ပရဟိတသမားတစ်ဦးဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့ ညနေ ၃ နာရီ ဒေါတမငယ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
"မနေ့ ညနေက ဒီမော့ဆို အရှေ့ခြမ်း ဒေါတမငယ်ကျေးရွာ ပါဒေါဒူကျေးရွာ ဒေါခူလီကျေးရွာ အဲဒီ သုံးရွာကို စစ်တပ်ရဲ့ ငွေတောင် ၁၀၂ အမှတ်တပ်ရင်းကနေ လက်နက်ကြီးအချက်ပေါင်းများ ပစ်တယ်။ အဲဒီမှာ ကိုအေးရွှေက လက်နက်ကြီးထိပြီး ဆုံးသွားတယ်။ သူရှိနေတဲ့ ကျေးရွာဒေါတမငယ်ကျေးရွာမှာ ဆုံးတာ။ ဒေါတမငယ်ကျေးရွာက ဒီးမော့ဆိုမြို့မဈေးကျော်ပြီးရင် ရောက်တဲ့ ရွာလေးပေါ့" ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်ခြင်း၊ ပြည်သူပိုင်အိမ်များကို ဖျက်ဆီးခြင်း အပါအဝင် အရပ်သားပြည်သူများကို ဦးတည်သော စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
ကြံ့ခိုင်ရေးပါတီဝင်များ တိုက်ပွဲဝင်စစ်ဝတ်စုံဝတ်ဆင်၍ ပြည်သူ့နေအိမ်များကို ဖျက်ဆီးပြီး စစ်ပွဲပါဝင်လာ၍ ပစ်မှတ်ထားတိုက်ခိုက်မည်ဟု စစ်ကိုင်းPDF ကြေညာ
ရန်ကုန်၊ ဇွန် ၁၂
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်များက အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ပွဲဝင် စစ်ဝတ်စုံဝတ်ဆင်၍ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးပြီး စစ်ပွဲတွင် ပါဝင်လာ၍ ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်း စစ်ကိုင်းPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တရားဝင် ထုတ်ပြန်ကြေညာသည်။
ဇွန်လ ၁၂ ရက်နေ့ တောင်တွင်းဒေသ ယင်းမာ၊ တောင်စာရေး၊ ကြာပင်၊ ပိက္ခရား၊ မြေနီရွာများရှိ NLD လွှတ်တော်ကိုယ်စားလှယ်နှင့်ပါတီဝင်များ၊ အားပေးထောက်ခံသူအိမ်များနှင့်နေအိမ်များကိုလူသတ် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များက ဖျက်ဆီးရာတွင် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြသော တောင်စာရေးရွာမှဝင်းအောင်၊ ဆန်းမောင်နှင့် မိုင်တစ်ရာရွာမှကျော်မင်းဦးတို့သည် တိုက်ပွဲဝင် စစ်ဝတ်စုံများဝတ်ဆင်လျက်ပါဝင်ခဲ့သည်ကိုတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် လူသတ်အကြမ်းဖက်စစ် ကောင်စီ၏အကြမ်းဖက်လုပ်ငန်းများတွင် ကြံ့ခိုင်ရေးပါတီဝင်များက တိုက်ပွဲဝင်စစ်ဝတ်စုံများဖြင့် ပြောင်ကျကျပေါ်ပေါ်ထင်ထင်ပါဝင်လာပြီဖြစ်၍ နိုင်ငံတကာစံသတ်မှတ်ချက်များအရ ကြံ့ခိုင်ရေးပါတီအားအကြမ်းဖက်အုပ်စုဝင်အဖြစ် မိမိတို့တပ်ဖွဲ့မှသတ်မှတ်လိုက်ကြောင်း၊ မင်းကင်းတွင် လူသတ်အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များအပြင် မင်းကင်းမြို့နယ်အတွင်း အမာခံကြံ့ခိုင်ရေးပါတီဝင်များအား ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ပြီး သာမန်ပါတီဝင်များ၏အသက်အန္တရာယ်ကိုလည်း အာမမခံနိုင်ကြောင်း စစ်ကိုင်း PDF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မင်းတပ်မြို့ စစ်ဘေးရှောင်များ သောက်သုံးရေ ၊ အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်
- မင်းတပ် မြို့ ဒုတိယကျော့ တိုက်ပွဲအစတွင် CDF လူငယ်များ တူမီး ကျည်ကုန်၍ စစ်ကောင်စီတပ်များကို ကျောက်ခဲ၊ မြေခဲလုံး များ သစ်ခြောက်တုံးများ ဖြင့် ပစ်ပေါက် အနိုင်ယူခဲ့။ တစ်ရက်တည်းတွင် စစ်ကား ၆ စီးကျော်နှင့် လက်နက်များ သိမ်းဆည်းရမိခဲ့။
- စစ်ဘက်ပြေး များဟု ယူဆရသည့် ဗမာစကားပြောသော သူများကို CDF လူငယ်များမှ ထိန်းသိမ်းထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ထား ၊ တစ်ဦးလျှင် ငွေ ၅သောင်းစီ ပေး၍ ၎င်းတို့ နေရပ်ပြန်နိုင်ရန် လွှတ်ပေးလိုက်သော်လည်း မပြန်သေးဘဲ စစ်ဘေးရှောင် ပြည်သူများနှင့် အတူရှိနေဆဲ။
- စစ်ကောင်စီ တပ်များ မင်းတပ်မြို့နယ် အမှတ် ၁ ၊၂ ဒေသ တကြောရှိ ကျေးရွာအားလုံးနီးပါး တွင် ရောက်ရှိနေပြီး၊ ရွာသူရွာသားများ၏ အိမ်မွေးတိရစ္ဆာန်များ သတ်ဖြတ် စားသောက်။ ခေါင်ရည်အိုးများ ဖောက်ထုတ်၍ သောက်၊ သောက်ပြီးလျှင် အိုးများ ခွဲပစ်ခဲ့။ နေအိမ်များ ဗုံးခွဲ၍ ဖျက်ဆီးခဲ့။
- ၅၆ မိုင်ရှိ တောင်တန်းသာသနာပြုအမည်ခံ (မ.ဘ.သ) ဘုန်းတော်ကြီးတစ်ပါး သေဆုံး ကြောင်း သတင်းများထွက်ပေါ်။ (အတည်မပြုနိုင်သေး)
- ၂ ဘက် အပစ်အခတ်မရှိဘဲ အခြေအနေ တည်ငြိမ်နေသော်လည်း စစ်ကောင်စီမှ ရွာများလှည့်ပတ်၍ ငွေကြေးနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်းများ ခိုးဆိုးလုယက်ခြင်း ဆက်တိုက်လုပ်ဆောင်နေ။
- မိုးသည်းထန်စွာ ရွာသွန်းနေဆဲ၊ ရွှေ့ပြောင်းထွက်ပြေးနေသည့် ပြည်သူများ သွားလာရ ခက်ခဲပြီး ကျန်းမာရေး ထိခိုက်မှုများ ရှိနေ။
- သောက်သုံးရေ ၊ အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိ။
- မင်းတပ် စစ်ဘေးရှောင်ပြည်သူများနှင့် လူနာများကို မကွေးတိုင်း ကြက်ခြေနီအသင်းမှ ကူညီပေး။(မင်းတပ်ကြက်ခြေနီ အသင်းဦးဆောင်သူ နယ်ခံအများစုမှာ ကြံ့ခိုင်ရေး မိသားစုဝင်များဖြစ်)
- UNHRC & ICRC စသည့်နိုင်ငံတကာ အကူညီများ အရေးပေါ်လို အပ်လျက်ရှိ။
မင်းတပ် အေးစခန်းရွာမှာ အကြမ်းဖက်သမားတွေ ဘုရားငွေပါမကျန်ခိုးယူ
မင်းတပ်မြို့နယ် အေးစခန်းရွာတွင် အကြမ်းဖက်သမားတွေက အိမ်တိုင်းကိုဖောက်ထွင်းပြီး ဘုရားကျောင်းကိုထည့်ဝင်မယ့် ၁၀ဖို့ ၁ ဖို့အပါအဝင် သိန်း ၃၀ ဝန်းကျင်ခိုးယူသွားကြပါတယ်။
အေးစခန်းရွာတွင် အိမ်ခြေ ၄၅ အိမ်ရှိပြီး အိမ်အားလုံးလိုလိုဖောက်ထွင်းခံရတယ်။ ဒီအဖြသ်အပျက်ဟာ ဇွန် ၁ ရက်နေ့နဲ့ ၇ ရက်ကြားမှာဖြစ်ခဲ့တာပါ။
စစ်ဘေးရှောင်တွေက ဘုရားကျောင်းဝန်းအတွင်းမှာ အလံဖြူထောင်ပြီး မိုးကာတဲထိုးထားတာလဲ အကုန်ဖျက်ယူကြတယ်လို့ ဒေသခံတွေထံမှာသိရတယ်။
ဖလမ်းမြို့နယ်က ခရစ်ယာန်အမှုတော်ဆောင်တစ်ပါး ကိုဗစ်ရောဂါနဲ့ ကွယ်လွန်
ဖလမ်းမြို့နယ် ရမ်ထလို(Ramthlo)ကျေးရွာက အေဂျီအသင်းတော် သင်းအုပ်ဆရာတော် Rev. ပြန်ဘိတ်ဟာ ဒီမနက် ၄ နာရီတွင် ကိုဗစ်ရောဂါနဲ့ ဟားခါးဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
အလောင်းကို ရွာသို့ ပြန်သယ်လာကာ ချက်ချင်းမြေမြုပ်သဂြိုလ်ကြပါတယ်။
ခုဆိုရင် ဖလမ်းမြို့နယ်ကနေ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးရှိပါတယ်။ ခုချိန်ထိ ချင်းပြည်နယ်တွင် ကိုဗစ်နဲ့သေဆုံးသူ ၁၃ ယောက်ရှိပါပြီ။
ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် ရန်ကုန်-မန္တလေးမီးရထားသံလမ်း ဗုံးပေါက်ကွဲမှုအပြီး လူငယ် ၁၀ ဦးထက်မနည်း ရိုက်နှက်ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။
ကညွတ်ကွင်းမြို့နယ် ဂုံးတဲရွာအဝင်၊ ဖိုးလောင်းတံတားပေါ်တွင် ဇွန် ၈ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သုံးရက်အကြာ ဇွန် ၁၁ ရက် ညပိုင်းမှစတင်ကာ စစ်ကောင်စီ၏ တပ်နှင့် ရဲတို့က ကညွတ်ကွင်းမြို့ပေါ်ရှိနေအိမ်များကိုပါမချန် ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူအများစုမှာ အသက် ၂၀ ဝန်းကျင်လူငယ်များဖြစ်ပြီး ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုမူ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။
အချို့သော ဖမ်းဆီးမှုများအတွင်း စစ်ကောင်စီက လက်နက်ကိုင်အင်အား ၅၀ နီးပါးခန့်သုံးပြီး အိမ်တံခါးကို ရိုက်ချိုးဖျက်ဆီး၍ ဝင်ရောက်ခြင်း၊ သေနတ်ပစ်ဖောက်စီးနင်းခြင်းများ ပြုမူခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။
“(ဇွန် ၁၁ ရက်) ညဦးပိုင်းကတည်းက ဟိုအိမ်ဝင်ဖမ်း၊ ဒီအိမ်ဝင်ဖမ်းနဲ့ ဖမ်းတာ"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကညွတ်ကွင်းဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ ၂၄ နာရီကျော်သည်အထိ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်ဟုလည်း မိသားစုဝင်အချို့က Myanmar Now ကို ပြောသည်။
ကညွတ်ကွင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ အာရုဏ်ဦးသပိတ်များ ယခင်က ပြုလုပ်ခဲ့သော်လည်း ဆန္ဒပြပွဲများရပ်နားထားသည်မှာ တစ်လနီးပါးခန့်ရှိလာချိန်တွင် ပထမဆုံးအကြိမ်အဖြစ် လူငယ်အများအပြား ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခံရခြင်းလည်းဖြစ်သည်။
“စိတ်အေးလက်အေးနဲ့ အိပ်လို့မရတဲ့ ဘဝကိုရောက်သွားတာ။ အရင်တုန်းကတော့ ကိုယ့်အိမ်မှာကိုယ် ရဲရဲဝံ့ဝံ့ အိပ်ရဲကြတယ်။ အခုတော့ နိုင်ငံရေးထဲမှာ မပါတဲ့သူတောင်မှ ကိုယ့်အိမ်မှာကိုယ်အိပ်တာ မလုံခြုံတော့သလို ဖြစ်ကုန်ပြီ။ ဘယ်အချိန် ကိုယ့်အိမ်ကိုလာပြီး ဘာပုဒ်မမှန်းမသိ၊ ဘာမှန်းညာမှန်းမသိ အဖမ်းခံရမယ့်ဘဝမျိုးဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်-မန္တလေး မီးရထားလမ်းဗုံးပေါက်ကွဲမှုကြောင့် ရထားတွဲတစ်တွဲ လမ်းချော်သွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌မူ ထိုအကြောင်းဖော်ပြထားသည်ကို မတွေ့ရပေ။
ဒေသခံတို့၏အဆိုအရ ကညွတ်ကွင်းမြို့နယ်အတွင်း ပြီးခဲ့သည့်လကုန်ပိုင်းမှစတင်ကာ ဗုံးပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုမှာ ရန်ကုန် -မန္တလေးမီးရထားလမ်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဇွန် ၄ ရက်နေ့က ကညွတ်ကွင်းမြို့နယ် မြောက်ခုံးကျော်တံတားအနီး ပေါက်ကွဲမှုတွင် စစ်ကောင်စီဘက်က တစ်ဦးဒဏ်ရာရသည်ဟု ဒေသခံတို့ကပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစတင်ကာ ဇွန် ၁၁ ရက်အထိ အရပ်သားပြည်သူ ၄၈၀၀ ကျော် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၁၇၆ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်သည်။
AAPP သည် တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ပြောဆိုထားသည့် စစ်ကောင်စီကမူ ၎င်းတို့ဖမ်းဆီးထားသည့် အရပ်သားပြည်သူအရေအတွက်ကို အမြဲတစေထုတ်ပြန်လေ့ မရှိပေ။
အလုံကမ်းနားလမ်း ကား Showroom ရှေ့ဗုံးပေါက်
ရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်း AYA Bank နဲ့ မျက်နှာချင်းဆိုင် ကား Showroom တစ်ခုရှေ့တွင် ဇွန်လ ၁၂ရက်နေ့ ညနေ ၃နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးပြီး Taxi နှစ်စင်း အနောက်ဖက်ကားမှန်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပေါက်ကွဲသံက တော်တော်ကျယ်တယ်၊ လူတွေတော့မထိဘူး CNG တန်းစီနေတဲ့ Taxi နှစ်စင်းတော့ နောက်မှန်တွေ ကွဲသွားတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။
အလုံမြို့နယ်မှာ ဇွန်လ ၁၁ရက်နေ့ကလဲ ကွင်းချောင်းလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့သေးတယ်။