Skip to main content

၂၀၂၁-၀၆-၂၂ စစ်ရေး*

မန္တလေးတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား

ရန်ကုန်၊ ဇွန် ၂၂ 

မန္တလေးမြို့တွင်  အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် လတ်တလော အမည်မသိရှိရသေးသော လက်နက်ကိုင်တချို့ အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း  ဒေသခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သတင်းပေးပို့သည်။ 

"၅၃×၅၄လမ်း၊၁၁၁ လမ်း၊ထွန်တုံးဘက်မှာ အပြန် အလှန်ပစ်နေကြတယ်။ စစ်ခွေးတွေများတယ်။ဒလန်ကြောင့်လို့ကြားရတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

မန္တလေး ဒေသခံတစ်ဦးကမူ GZ များနှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။ 

မန္တလေး PDF ၏ လူမှုကွန်ရက်စာမျက်နှာတွင်  "ကျွန်တော်တို့စောင့်နေတဲ့နေ့ရောက်ပြီ။ မန္တလေး PDF ဒီနေ့စတင်တိုက်ပါပြီ"  မြို့ပြပျောက်ကျားတာဝန်ခံ၊ ဗိုလ်ထွန်းတောက်နိုင် ဟု ရေးသားထားသည်။

Update:

PDF တပ်စု နေရာကို သတင်းရလို့ ဝင်စီး
အိမ်ထဲမှာ ၆ ယောက်ခန့် ရှိ။ စကစ အရပ်ဝတ် တွေက သုံးနေရာကနေ ဝိုင်းပစ်။ အပြန်အလှန် ပစ်ခတ်မှု့ ဖြစ်ပွား။
PDF သုံးယောက်ကျ။ သုံးယောက် ဖမ်းမိ။ ဖမ်းမိ သုံးယောက် ကိုလည်း ပစ်သတ်သည်ဟု သတင်းထွက်။


ယနေ့ မနက်ပိုင်း မန္တလေးမြို့ မြင်ကွင်းအချို့

ယနေ့ မနက်ပိုင်း (၈) နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ မန္တလေး PDF ၏ ပျောက်ကြား တပ်ခွဲတစ်ခုအား ဝင်ရောက်စီးနင်းရာမှ အပြန်အလှန်ပစ်ခတ်မှူ များစတင်ခဲ့ကြောင်း မန္တလေး PDF မှ သတင်းထုတ်ပြန်ထားပါသည်။ 

အကြမ်းဖက်စစ်ကောင်စီမှ ၎င်းတို့၏ပုံမှန် နည်းလမ်းများဖြစ်သည့် တင့်ကားများ၊ စနိုက်ပါများအပြင်၊ အင်အားအလွန်အကျွံသုံး၍ တိုက်ခိုက်နေခြင်းဖြစ်သဖြင့်၊ ပြည်သူများမှ မြို့၏နေရာအချို့တွင် ကားတာယာများ မီးရှို့ကာ လမ်းပိတ်ဆို့ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရပါသည်။

အချို့သောရဲစခန်းများ အနီးတွင် ဗုံးပေါက်ခြင်းများလည်း ဖြစ်ပွါးခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိကြောင်း လည်း သိရပါသည်။ 

ဇွန်လ (၂၂) ရက်

#Photo_Credit

#StayStrongMandalay

#HTY_Information


မန္တလေးတိုင်းဒေသကြီး၊ ချန်းမြသာစည်မြို့နယ်အတွင်း လက်နက်ကိုင်အကြမ်းဖက်သူတချို့အား လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်များနဲ့အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျှက်ရှိသော တပ်ဖွဲ့ဝင်များသည် မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများနဲအတူ အကြမ်းသူတချို့ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်စဉ် အကြမ်းဖက်သူများက လက်ပစ်ဗုံးများ၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခိုက်တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမဖက်သူများအဖွဲ့မှ သေဆုံးသူ ၄ ဦး၊ ဖမ်းဆီးရမိသူ ၈ ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့သည်။ တစ်ချိန်ထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၅၃ လမ်းပေါ်မှ စိစစ်ဆဲ ပါကျဲရိုးအဖြူရောင်မော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက် ထွက်ပြေးသွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့သဖြင့် ၅၆ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ ထရမ်စဖော်အား အရှိုန်ဖြင့် ဝင်တိုက်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်အား သေဆုံးလျှက်ရှိသော အကြမ်ဖက်သူ ၄ ဦးနှင့်အတူ သိမ်ဆည်းရမိခဲ့သည်။


မန္တလေးတွင် စစ်ကောင်စီစစ်ကြောင်းမှူးနှင့် စစ်သားတချို့ သေဆုံး

ယနေ့ (ဇွန် ၂၂) နံနက်ပိုင်း မန္တလေးမြို့ပစ်ခတ်မှုများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သည့်နည်းတူ စစ်ကောင်စီဘက်မှလည်း စစ်ကြောင်းမှူးတာဝန်ယူသည့် အရာရှိအပါအဝင် စစ်သားတချို့သေဆုံးကြောင်း မြို့ခံများက ဆိုသည်။  

ချမ်းမြသာစည်မြို့နယ်ရှိ PDF တပ်ဖွဲ့ဝင်တို့ ရှိသည့်နေရာကို နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

“စစ်ကြောင်းမှူးကျတယ်ပြောတယ်။ ဖြစ်တဲ့နေရာနဲ့ နှစ်ပြလောက်အကွာမှာ တပ်စွဲထားတဲ့အဖွဲ့ကလို့ ပြောတယ်” ဟု စစ်ကောင်စီလက်နက်ကိုင်များနှင့် နီးစပ်သည့် မန္တလေးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

အခြားမန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ယနေ့ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအရာရှိအပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရကြောင်း ပြောသည်။

မန္တလေးမြို့ပေါ်တိုက်ပွဲတွင် PDF လက်ချက်ဖြင့် သေဆုံးသွားသည့် စစ်ကောင်စီအရာရှိမှာ ဗိုလ်မှူးကြီးအောင်မျိုးကျော်ဖြစ်ပြီး ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၁ မှ ဖြစ်သည်ဟု အဆိုပါ အရာရှိနှင့် သိကျွမ်းသည့် မြို့ခံတစ်ဦးက Myanmar Now ကို ယနေ့ညပိုင်းတွင် အတည်ပြုသည်။ 

စစ်ကောင်စီက နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့ရာ၌ အပြန်အလှန်ပစ်ခတ်မှုအတွင်း တပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသော်လည်း အတိအကျဖော်ပြထားခြင်း မရှိပေ။ 

မန္တလေးမြို့ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်တစ်ခုကို သွားရောက်ရှာဖွေစစ်ဆေးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး PDF တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ ၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊ ၅၃ လမ်း၌ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့် မော်တော်ယာဉ်တစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာ အဆိုပါယာဉ်မှာ ၅၆ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ ထရန်စဖော်မာကို ဝင်တိုက်ပြီးနောက် ယာဉ်ပေါ်ပါ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ 

မန္တလေး PDF အဖွဲ့ကလည်း ၎င်းတို့တပ်ဖွဲ့ဝင်တချို့ရှိသည့်နေရာ စီးနင်းခံရစဉ်အတွင်း အခြားနေရာများမှ မိတ်ဖက်တပ်ဖွဲ့များလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ အတည်မပြုနိုင်သေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်ကမူ “ကျွန်တော်တို့ဘက်က ကျဆုံးတာ ၂ ယောက်ရှိတယ်။ အဖမ်းခံရတာက ၆ ယောက်ပါ။ DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်) က ၃ ယောက်ကျပါတယ်” ဟု Myanmar Now ကို ပြောသည်။

ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုနှင့် ပတ်သက်၍ စစ်ကောင်စီက လိုက်လံစစ်ဆေးရာမှတစ်ဆင့် PDF တပ်ဖွဲ့ဝင်တချို့ရှိရာနေရာကို ဝင်ရောက်စီးနင်းခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

“လေးမျက်နှာဘက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ သူတို့ရဲ့ အကြီးအကဲထဲက တစ်ယောက်သေသွားတယ်။ သူတို့ဘက်က အထိနာသွားတော့ ပတ်ဝန်းကျင်ကို စစ်တယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်တဲ့အခါမှာ ကျွန်တော်တို့လူက အစစ်မခံဘူး။ အစစ်ခံလို့လည်းမရဘူး။ လေးမျက်နှာနဲ့ ကျွန်တော်တို့ရုံးနဲ့က မဝေးဘူး။ အစစ်မခံတာကနေ အချေအတင်ဖြစ်ကြတာ” ဟု ၎င်းက ပြောသည်။

စစ်ကားနှင့် ရဲကား အစီးရေ ၂၀ ခန့်ပါဝင်သည့် အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ဝင်ရောက်စီးနင်းစဉ် PDF တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်သည့်နည်းတူ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးဖြင့်ပါ ပစ်ခတ်သည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

ထိုသို့ ဝင်ရောက်စီးနင်းခံရပြီးနောက် အင်အားချင်းမမျှသောကြောင့် ထိုနေရာကို လက်လွှတ်ခဲ့ရကြောင်း ဗိုလ်ထွန်းတောက်နိုင်က ပြောသည်။

“ဖြစ်သွားတာက တအားကို မြန်တယ်။ ရှောင်လို့မရတဲ့ အနေအထားဖြစ်သွားတာ။ ပိတ်မိသွားတယ်။ သတင်းက သူတို့ရောက်ပြီးမှ သတင်းရတာ။ ကျွန်တော်တို့ နောက်ကျသွားတယ်လို့ ပြောလို့ရတယ်။ သူတို့ ဝိုင်းထားတဲ့အချိန်မှာ ကျွန်တော်တို့က အပြင်ကနေ ပြန်ဝိုက်ထားပြီးသား။ အထဲကလူတွေကို ပြန်ကယ်ထုတ်လို့မရတဲ့ အနေအထားမို့သာ။ ကျွန်တော်တို့ဝင်လိုက်ရင် အသက်ရှင်မှာမဟုတ်တော့လို့ လွှတ်ပေးလိုက်ရတဲ့ အနေအထားပါ” ဟု ၎င်းက ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီး ရှိနေစဉ် ဦးခေါင်းထိ အမျိုးသမီးငယ်၊ ကျောထိ အမျိုးသားတစ်ဦးတို့ကို ကုသမှုပေးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအသင်းတစ်ခုထံမှ သိရသည်။ 

ပစ်ခတ်မှုများအပြီး မြို့ပေါ်ရှိ နေရာတချို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များကို ဟန့်တားရန် လမ်းပေါ်၌ ကားတာယာများမီးရှို့ကြကြောင်း မြို့ခံများက ဆိုသည်။ 

ညနေ ၃ နာရီခွဲ အချိန်ခန့်က ၆၆ လမ်းရှိ မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးရှေ့မှ ရဲများကို ဆိုင်ကယ်သမားက သွားရောက်ပစ်ခတ်သဖြင့် ရဲတစ်ဦးသေဆုံးကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကားလျက် မဇ္စျိမသတင်းဌာနက ရေးသားထားသည်။

စစ်ကောင်စီက ပိတ်ဆို့ရှာဖွေခဲ့သည့်အပြင် ယနေ့ညနေပိုင်းတွင် မြို့အဝင်အထွက်နေရာများ၊ မြို့တွင်းနေအိမ်များတွင် ရှာဖွေစစ်ဆေးကြောင်း၊ သေနတ်သံများလည်း ကြားရကြောင်း မြို့ခံများက Myanmar Now ကို ပြောသည်။


ဖားကန့်ဝန်းကျင် စစ်ကောင်စီတပ်များကို KIA တိုက်ခိုက်

-----------------------------------------------

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး ယမန်နေ့ (ဇွန် ၂၂) တွင်  အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း  ကချင်လွတ်မြောက်​ရေးတပ်မ​တော်(KIA) က အတည်ပြု​သည်။


အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း၊ ရှမ်းပြည်နယ်ရှိ တပ်များနှင့်လည်းဟု KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်​ပြောသည်။


“ဖားကန့်ဘက် မှာ တပ်မဟာ(၉)၊ တပ်ရင်း(၆)ဘက်မှာ တိုက်ပွဲတွေတော့  မရှိပါဘူး၊ ဒါပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာတော့ရှိပါတယ်။ တပ်ရင်း ၂၆ဘက်မှာတော့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ ရှိတယ်ဆိုတာ သတင်းတက်ပါတယ်။ တပ်ရင်းကတော့ ၂၆၊ နေရာဒေသက ဆယ်ဇင်း” ဟု ဗိုလ်မှူးကြီးနော်ဘူက ဇွန် ၂၂ တွင် ပြောသည်။


“ရှမ်းမြောက်ဘက် ကွတ်ခိုင်ဘက်မှာလည်း မနေ့(ဇွန်လ ၂၁ရက်)က တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ အသေးစိတ် အောက်ခြေသတင်းတွေကိုတော့ မကြားသိရသေးပါဘူး”


ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်သည့် အဆိုပါ ဆယ်ဇင်းကျေးရွာသည် စစ်တပ်အာဏာသိမ်းပြီးနောက် KIA က  ပထမဆုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းရှိရာ ဒေသဖြစ်သည်။


ကချင်ဒေသအခြေစိုက် သတင်းဌာနများကမူ ဖားကန့်မြို့နယ်တွင် KIA က စစ်ကောင်စီတပ်ယာဉ်တန်းကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။


Kachin Waves သတင်းဌာန၏ ဖော်ပြချက်တွင် ဇွန်လ ၂၂ရက်တွင် အင်းတော်ဘက်မှ ဖားကန့်ဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တာမခန်တွင် KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူများရှိသည်ဟု ဖော်ပြထားသည်။ ဇွန်လ ၂၁ရက်ကလည်း တာမခန်၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့် ယာဉ် ၄စီးကို KIA က တိုက်ခိုက်ကာ တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ​ဖော်ပြထားသည်။ 


The 74 Media က ဇွန်လ ၂၁ရက် တိုက်ပွဲသတင်းဖော်ပြခဲ့ရာ ဖားကန့်မြို့နယ် တာမခန်မြို့သစ်ကျေးရွာနှင့် ဆယ်ဇင်းကျေးရွာကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ကားတစ်စီး မီးလောင်ပျက်စီးပြီး ထိခိုက်သေဆုံးသူများရှိသည်ဟု ဆိုသည်။


ယာဉ်အချို့ ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးသည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက အောက်ခြေတပ်ပိုင်းဆိုင်ရာ သတင်းတက်မလာသေး၍ မသိရသေးဟု ပြောသည်။


စစ်တပ်အာဏာသိမ်းပြီးနောက် KIA လှုပ်ရှားနယ်မြေများရှိ  စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းနှင့် ရဲတပ်ရင်းများကို KIA က မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။


ယခုတစ်ပတ်အတွင်း၌ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်၊ မချမ်းဘော့၊ မိုးမောက်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသခံက ပြောသည်။


အနယ်နယ်တွင် တိုက်ခိုက်မှု၊ အံတုမှုတို့နှင့် ရင်ဆိုင်နေရသော စစ်ကောင်စီက ကချင်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။




Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...