Skip to main content

၂၀၂၁-၀၆-၂၂ အထွေထွေ

ဒုသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတအဖြစ် CRPH အတည်ပြု

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ဒုတိယသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတ (Acting President) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်အသုံးပြုရေးအတွက် အတည်ပြုပေးခဲ့သည်။

CRPH ၏ ယနေ့(ဇွန် ၂၂)ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပြည်ထောင်စုဝန်ကြီးချုပ်မှ ဇွန် ၁၆ ရက်စွဲဖြင့် ဒုတိယသမ္မတကို ယာယီသမ္မတအဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲရေး သဝဏ်လွှာပေးပို့ခဲ့သည်။


ထိုကြောင့် CRPH အနေဖြင့် လက်ရှိသမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက အကြမ်းဖက် မတရား ဖမ်းဆီးထားသည့်အတွက် ဒုသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတအဖြစ် ခေါ်ဝေါ်သုံးစွဲရေး အတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မုံရွာ၊ လယ်ဇင်ရွာ ရက်ပိုင်းအတွင်း နှစ်ကြိမ်ဝင်စီးခံရ


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ လယ်ဇင်ရွာကို စစ်ကောင်စီက ရက်ပိုင်းအတွင်း နှစ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိကာ ယင်းတို့အနက် ဆေးမင်ကြောင်ထိုးထားသူ ၁ ဦးမှာ စစ်ကြောရေးတွင် ၂၄ နာရီမပြည့်မီ၌ပင် သေဆုံးခဲ့ရသည်။ 


“သေသွားတဲ့လူက ဘယ်ထဲမှ မပါပါဘူးဗျာ။ ဒါပေမယ့် အမေစုဓာတ်ပုံတို့၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတို့ကို တက်တူးတွေ ထိုးထားတာရှိတယ်ဗျ" ဟု ရွာသားတစ်ဦးက ပြောသည်။ 


စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သေဆုံးသူမှာ လက်သမားအဖြစ် အသက်မွေးနေသူ အသက် ၃၃ နှစ်အရွယ် ကိုဇေယျာလင်းဆိုသူဖြစ်သည်။ ၎င်းသည် ဇွန် ၂၁တွင် စစ်ကောင်စီတပ် ပထမအကြိမ်စီးနင်းစဉ် ဖမ်းဆီးခံရသူခြောက်ဦးထဲတွင် ပါဝင်သူဖြစ်သည်။ 


ဖမ်းသွားပြီး ၂၄ နာရီပင်မပြည့်မီ နောက်တစ်နေ့(ဇွန်၂၂)နံနက်ခင်းတွင် မိသားစုက အလောင်းသာ ပြန်လည်ရရှိခဲ့သည်။ 


“နောက်အုပ်ဆက်ပွင့်သွားတယ်။ ပါးတို့၊မေးတို့၊ နဖူးတို့ အဲဒီမှာတော့ လက်သုံးဆစ်လောက် အအာကြီးတွေ(ကွဲအက်ဒဏ်ရာ) တွေ့ရတယ်”ဟု ယခုအခါ တိမ်းရှောင်နေရသည့် အထက်ပါ ဒေသခံကပင် ပြောသည်။


စစ်ကောင်စီကမူ စာသင်ကျောင်းမီးလောင်မှုကို စစ်ဆေးရန် လယ်ဇင်ရွာသို့သွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသားခြောက်ဦးကို လက်နက်များနှင့်အတူ ဖမ်းမိသည်ဟု ဇွန် ၂၃တွင် သတင်းထုတ်ပြန်သည်။


ဖမ်းဆီးထားသူများမှာ ကျော်နန္ဒ၊ အောင်အောင်၊ ကျော်မျိုးထွေး၊ ဆန်းမင်းထက်၊ ဘချစ်(ခ) ချစ်ထွန်းနိုင်နှင့် ဇေယျာလင်းတို့ဖြစ်ကြောင်း စစ်ကောင်စီက ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ မှတ်တမ်းဓာတ်ပုံတွင် ကိုဇေယျာလင်း၌ သေစေလောက်သည့် ဒဏ်ရာရှိသည်ကို မတွေ့ရပေ။


ထို့အပြင် ၎င်းတို့ဖမ်းသွားပြီး ၂၄ နာရီမပြည့်မီ သေဆုံးခဲ့ရသူ ကိုဇေယျာလင်း၏ အကြောင်းကိုမူ စစ်ကောင်စီက ထိမ်ချန်သည်။


ရွာသားများကမူ လယ်ဇင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဇွန်၂၁တွင် မီးလန့်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။


အဆိုပါဖြစ်စဉ်ကို အကြောင်းပြု၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ခန့် ကျေးရွာသို့ ပထမအကြိမ်ရောက်ရှိလာခြင်းဖြစ်ကာ ဝင်လာသည်နှင့် ရွာလမ်းတစ်လျှောက် တွေ့သမျှသူအားလုံးကို ရိုက်နှက်ဖမ်းဆီးသည်အထိ ပြုမူခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။


"ကျွန်တော်တို့ရွာက ဒလန်တွေက မဖြစ်စလောက် အိမ်မွှေးတဲ့မီးတောက်လေး(မီးဖိုမီးကဲ့သို့) ကို မီးလောင်တယ်ဆိုပြီး မလာလာအောင် ခေါ်လိုက်တာ။ မီးတောက်တောင် မမြင်လိုက်ရဘူး"ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။


ပထမအကြိမ်စီးနင်းစဉ် ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရသူ ၁၅ဦးခန့်ရှိပြီး ယင်းတို့အနက် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ 


“ လက်တွေ မကျိုးဘူးဗျ။ မည်းပုပ်နေတာပေါ့။ ကျောမှာ ရိုက်ခံရတဲ့ တစ်ယောက်ဆို ဖင်တို့၊ တင်ပဆုံတို့ မည်းပုပ်ပြီးတော့ကို တော်တော်လေးကို ဆိုးတယ်။ ပြောရရင် ပက်လက်တောင် မအိပ်နိုင်ဘူး။ ကုန်းကုန်းကြီးတွေ အိပ်ရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါဖြစ်စဉ်အပြီး ဇွန် ၂၃တွင် စစ်ကောင်စီတပ်များ လယ်ဇင်ရွာကို ဒုတိယအကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားလေးဦးကို ထပ်မံဖမ်းဆီးခဲ့ပြန်သည်ဟု ဒေသခံများက ပြောသည်။


“ရွာအဝင်မှာလည်း သေနတ်အချက်ပေါင်းများစွာ ပစ်သတဲ့။ ရွာအဝင်တကျောမှာ။ ရိုက်စရာနှက်စရာကတော့ တစ်ရွာလုံးက လူမကျန်လောက်အောင် ထွက်ပြေးကြတာ"ဟု ဒေသခံတစ်ဦးကပြောသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။


လယ်ဇင်ရွာကို ဝင်စီးပြီးနောက် ဇွန် ၂၃ တွင် သတင်းပေး(ဒလန်) ဟု ရပ်ရွာအတွင်းကျော်ကြားသူ၏ နေအိမ်ကို “နယ်စည်းမခြားမိုးကြိုးမုန်တိုင်း"အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်က ဒုတိယအကြိမ်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။


ပစ်ခတ်မှုကြောင့် ဒလန်ဟု ယူဆထားသူ ထိခိုက်မှုမရှိသော်လည်း ၎င်း၏ သမီးကို ထိမှန်ခဲ့ပြီး သေဆုံးသွားသည်။ ထိုဖြစ်ရပ်အပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်း တတိယအကြိမ်ဝင်ရောက်စီးနင်းစဉ် ဖမ်းခံရသူရွာသားအချို့ရှိကြောင်း အဆိုပါအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။

သို့သော် နောက်ဆက်တွဲအခြေအနေနှင့် ဖြစ်စဉ်အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။


Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...