Skip to main content

စစ်အုပ်ချုပ်ရေး အောက်က မင်းတပ်မြို့

Source: Myanmar Now

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခံထားရသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) တို့ကြား တိုက်ပွဲများရှိနေဆဲဖြစ်သည်။ 

နှစ်ဘက်ဆွေးနွေးညှိနှိုင်းမှု ပျက်ပြယ်ပြီးနောက် မေ ၁၂ တွင် တိုက်ပွဲများ တစ်ကျော့ပြန်စတင်ခဲ့ပြီး နောက်တစ်နေ့တွင် မင်းတပ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် မင်းတပ်သည် “သရဲခြောက်သည့်မြို့” ကဲ့သို့ ဖြစ်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ 

“စျေး ဘယ်သူမှ မရောင်း၊ ဆိုင်ဘယ်သူမှ မဖွင့်။ လမ်းပေါ်မှာ ဝက်တွေ၊ ခွေးတွေ သွားလာနေကြတာပေါ့။ လူတွေက အိမ်မွေးတိရိစ္ဆာန်တွေပါ ထားခဲ့ပြီး ပြေးရတာကိုး။ ဝက်ခြံတွေပါ ချိုးဖျက်ထွက်လာပြီး လမ်းပေါ်မှာ သွားသွားလာလာနဲ့ စားစရာရှာစားတဲ့အဆင့် ရောက်နေတာ” ဟု သူက ဆိုသည်။ 

နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် မင်းတပ်ဒေသခံ တစ်သောင်းဝန်းကျင်ရှိပြီး အများစုမှာ နီးစပ်ရာကျေးရွာများနှင့် တောတောင်များတွင် ခိုလှုံနေရကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ အချက်အလက်များအရ သိရသည်။ 

အရှိန်မလျော့သေးသည့် တိုက်ပွဲများ

မင်းတပ်မြို့ပေါ်ရှိ အချက်အချာကျသည့် နေရာများနှင့် လမ်းများတွင် စစ်တပ်က အင်အားအများအပြား နေရာယူကာ စစ်ဆေးမေးမြန်းနေသောကြောင့် ထွက်မပြေးဘဲ ကျန်နေခဲ့သူများလည်း အိမ်ပြင်သို့ မထွက်ရဲသည့် အခြေအနေဖြစ်နေသည်။

“စစ်ဆေးတာတော့ အရမ်းတင်းကျပ်တော့ မသွားရဲ၊ မလာရဲကြဘူး။ လူငယ်တွေဆိုရင် ပိုသံသယရှိတာပေါ့။ အခု (တိုက်ပွဲ) ဖြစ်နေတာက လူငယ်တွေနဲ့ဖြစ်နေတာဆိုတော့။ မြို့ခံလား၊ ဘယ်ကလဲ။ မှတ်ပုံတင်တို့၊ ဖုန်းတို့ကအစ စစ်ဆေးတာပေါ့ ” ဟု မင်းတပ်မြို့ပေါ်တွင် ဆက်နေထိုင်နေသူတစ်ဦးက ပြောသည်။

ချင်းတောင်တန်းပေါ်မှ မင်းတပ်သည် အခြားမြို့များနည်းတူ ဖေဖော်၀ါရီ ၁ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ လမ်းပေါ်ထွက်ဆန့်ကျင်ကန့်ကွက်သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်သတ်ရာမှ ပြည်သူလူထုက ခုခံစစ်ဆင်ရာ မင်းတပ်သည် စာနယ်ဇင်းသတင်းများတွင် မကြာခဏဖော်ပြခံရသည့် မြို့တစ်မြို့ဖြစ်လာသည်။

စစ်တပ်၏ ဖိနှိပ်မှုများကို လက်နက်ကိုင်ခုခံခဲ့သည့် ဒေသများအနက် ချင်းပြည်နယ်တွင် မင်းတပ်မြို့သည် အစောဆုံးဖြစ်သည်။ 

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို ပြန်လွှတ်ပေးရန် ဒေသခံ CDF က တောင်းဆိုနေစဉ်မှာပင် မင်းတပ်မြို့တွင်  ဧပြီ ၂၃ မှစတင်ကာ  ၄ ရက်ကြာ တိုက်ပွဲပြန်ဖြစ်ခဲ့သည်။

အထိနာသွားသည့် စစ်တပ်က ဆွေးနွေးညှိနှိုင်းမှုများလုပ်ရန် ဦးစွာကမ်းလှမ်းခဲ့သည်။

၁၀ ရက်နီးပါးဆွေးနွေးခဲ့သော်လည်း အပြန်အလှန်ဘုံသဘောတူညီချက်မရဘဲ အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ကာ မေ ၁၂ ညနေပိုင်းတွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း စစ်တပ်က လေကြောင်းဖြင့် စစ်ကူအင်အားဖြည့်တင်းကာ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ဖြိုခွဲသည့်အတွက် ဒေသသုံး တူမီးသေနတ်များသာ ကိုင်ထားသူတို့မှာ မေ ၁၅ ညနေပိုင်းတွင် မင်းတပ်မြို့မှ ဆုတ်ခွာခဲ့ရသည်။

ကယားပြည်နယ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်များက လူနေရပ်ကွက်အတွင်း ကျရောက်ခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ဒေသခံတို့ကိုသာ အပြစ်ပုံချထားသည်။

ဘုရားကျောင်းထဲတွင် လက်နက်ကိုင်များပုန်းနေသည့် အထောက်အထားတွေ့ခဲ့ရသည့်အပြင် လူနေအိမ်၊ ရုံး၊ ဘာသာရေးအဆောက်အဦတို့ကို အကာအကွယ်ယူပြီး မြို့တွင်းတိုက်ပွဲအသွင် လုပ်ဆောင်နေသော်လည်း ကိုယ့်ကိုယ်ကိုယ်ခုခံပိုင်ခွင့် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီက မေ၂၆ တွင် သတင်းထုတ်ပြန်ထားသည်။

မင်းတပ်နှင့် ပတ်သက်ပြီး လတ်တလော သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ သတင်းသမားတို့၏ ဆက်သွယ်မေးမြန်းမှုကို စစ်ကောင်စီအရာရှိတို့က ပြန်လည်ဖြေကြားခြင်း မရှိပေ။

မင်းတပ်မြို့၌ လုံခြုံရေးယာဉ်တန်းကို ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧပြီ ၂၆ စစ်တပ်သတင်းထုတ်ပြန်ချက်က ဆိုသည်။

ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ကြောင်း မေ ၁၇ တွင် ထုတ်ပြန်သည်။ 

သို့သော်လည်း တိုက်ပွဲကြောင့် အရပ်သားများ နေရပ်စွန့်ရပုံကို သတင်းအမှောင်ချထားသည်။

မင်းတပ်မြို့ကို စစ်တပ်က အခြေချတပ်စွဲလိုက်ပြီးနောက် မြို့တွင်းတိုက်ပွဲများ နည်းသွားသော်လည်း မေတတိယပတ်မှစတင်ကာ မြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ပစ်ခတ်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်လာသည်။

စစ်ဘေးရှောင်တို့ ခိုလှုံနေသည့် ကျေးရွာများအား ပစ်မှတ်ထားပြီး စစ်တပ်က လိုက်လံပစ်ခတ်နေသည်။

မေ ၂၁ တွင် စစ်ဘေးရှောင်များခိုလှုံနေသည့် ပူကွန်းရွာအနီး အရပ်ဝတ်များဝတ်ဆင်ကာ ချဉ်းကပ်လာသည့် စစ်သားများကို CDF က သွားရောက်တိုက်ခိုက်ခဲ့သည်။  

ထို့အပြင် မေ ၃၀ နေ့ကလည်း ဧစခန်းကျေးရွာရှိ အလံဖြူထောင်ထားသည့် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍  ဒေသခံများမှာ ဘေးလွတ်ရာသို့ ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အမည်မဖော်လိုသည့် စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။ 

“စစ်ဘေးရှောင်တွေ ရောက်လာတဲ့ဆိုတဲ့ သတင်းကြားတာနဲ့ ထိုးစစ်ဆင်လာတော့ စစ်ဘေးရှောင်တွေ၊ ပြည်သူတွေ ထွက်ပြေးတဲ့နေရာတိုင်းကို စစ်ကောင်စီက လိုက်ပြီးတော့ တိုက်ပွဲတွေလုပ်နေတယ်။ တိုက်ခိုက်နေတယ်ဆိုတာကတော့ သိသာနေတာပေါ့။ CDF က မတိုက်ဘဲနဲ့ သူတို့က ထိုးစစ်ဆင်လာတာကတော့ ပြည်သူတွေကို ချေမှုန်းချင်တဲ့ဆန္ဒ သူတို့မှာ ရှိတယ်”ဟု ၎င်းက သုံးသပ်သည်။

ထိုဖြစ်ရပ်များကြောင့် စစ်ဘေးရှောင်စခန်းအနီးအနား ကျေးရွာတစ်ရွာသို့ စစ်တပ်ရောက်ရှိလာပြီဆိုသည်နှင့် စစ်ရှောင်စခန်းတွင် ခိုလှုံနေသူများမှာ ထပ်မံတိမ်းရှောင်ရတော့သည်။

“သူတို့ကတော့ ပြေးဖို့၊ ပြေးဖို့ပဲ ပြင်ဆင်နေရတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဆိုတဲ့အသံကြားတာနဲ့ကို သူတို့ (စစ်ရှောင်) က ကြောက်နေကြပြီ” ဟု စစ်ဘေးရှောင်ကော်မတီအတွင်းရေးမှူးက ပြောသည်။ 


စစ်တပ်က စစ်ရှောင်စခန်းအနီး ရောက်ရှိလာ၍ ထပ်မံတိမ်းရှောင်နေရသည့် ဒေသခံများကို ဇွန် ၉ က တွေ့ရစဉ်။ (ဓာတ်ပုံ - Chin World)

  

ရိက္ခာဖြတ်ရန် စစ်တပ်က ကြိုးပမ်းလာ

စစ်ဘေးရှောင်စခန်းရှိသည့် ကျေးရွာများကို လိုက်လံတိုက်ခိုက်ရုံသာမက စစ်ရှောင်များအတွက် စားနပ်ရိက္ခာသယ်ဆောင်သည့် လမ်းကြောင်းကိုပါ ပိတ်ဆို့ဖြတ်တောက်ရန် စစ်တပ်က ကြိုးပမ်းနေကြောင်း ဒေသခံများက ဆိုသည်။

စားနပ်ရိက္ခာသယ်ယူရေး အဓိကလမ်းကြောင်းဖြစ်သည့် မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ရွှေအောင်သာရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇွန် ၇ ကလည်း မင်းတပ်မြို့နှင့် ၁၀ မိုင်ဝန်းကျင်အကွာ ဘုရားစခန်းရွာ နှင့် ယှက်ရွာအနီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ယင်းနောက် စစ်တပ်က ရွှေအောင်သာရွာနှင့် ဘုရားစခန်းရွာတွင် ဝင်ရောက်တပ်စွဲကာ ပိတ်ဆို့ထားသည့်အတွက် စားနပ်ရိက္ခာသယ်ဆောင်သည့် လမ်းကြောင်းပြတ်တောက်သွားကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ဆိုသည်။ 

“(စားနပ်ရိက္ခာသယ်တာက) ကျောက်ထုဘက်က အများဆုံးသယ်တာ။ ရွှေအောင်သာလမ်းရယ်၊ ထင်ချောင်းလမ်းရယ်ကို စစ်တပ်က အခုပိတ်ထားလိုက်ပြီဆိုတော့ ဒီဘက်စစ်ရှောင်စခန်းတွေက မင်းတပ်မြို့နယ်တစ်ခုလုံးက အဲ့ဒီ လမ်းကြောင်းတစ်ခုပဲ ရှိတာကို။ စစ်တပ်က အဲ့ဒီလမ်းကြောင်းတွေကို ပိတ်ထားလိုက်ပြီဆိုတော့ ရိက္ခာသယ်ယူဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး” ဟု မင်းတပ်မြို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေသည့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအတွက် လိုအပ်သည့်ဆေးဝါးများ အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ဆိုသည်။

စစ်ကောင်စီခွင့်ပြုသည့် စခန်းများ

မင်းတပ်မြို့မှ နေရပ်စွန့်ခွာပြီးတိမ်းရှောင်နေသူများ စာရင်းပေးပြီး နေအိမ်သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ကြောင်း စစ်တပ်က မေ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။ 

မြို့ပေါ် ခရစ်ယာန်ဘုရားကျောင်း ၈ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းရှိ စစ်ရှောင်စခန်းများတွင် နီးစပ်ရာရပ်ကွက်များအလိုက် လာရောက်ခိုလှုံနိုင်ကြောင်းလည်း စစ်တပ်က ထုတ်ပြန်သည်။

သို့သော်လည်း အများစုက ဆက်လက်ထွက်ပြေးနေကြောင်း ဒေသခံများက ပြောသည်။ 

“တောထဲ၊ တောင်ထဲ နေလို့အဆင်မပြေတဲ့သူတွေတော့ ဝင်တယ်။ ၁၀၀ မှာ  ၉၇ ရာခိုင်နှုန်းလောက်ကတော့ မပြန်ကြဘူး။ (စစ်တပ်က) လုံခြုံပါတယ်ဆိုတာလည်း မယုံဘူး။ ဘာမှမလုပ်ပါဘူးဆိုတာလည်း မယုံဘူး” ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ခွင့်ပြုထားသည့် မြို့ပေါ်စစ်ရှောင်စခန်းများတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပါဝင်သည့် မိသားစုများမှာ အများဆုံးဖြစ်ကြောင်း စခန်းတွင် ခိုလှုံနေသူတစ်ဦးက ပြောသည်။ 

၎င်းတို့ မိသားစု၀င် ၅ ဦးမှာ အသက် ၄ နှစ်မှ  ၇၀ အရွယ်အထိ ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့က အစက အိမ်မှာနေတယ်။ ဒါပေမယ့် ပစ်ခတ်နေကြတော့ အပြင်ကို ထွက်မရဘူး။ အသံကြားလည်းပစ်၊ လူထွက်တာမြင်တော့လည်း ပစ်ဆိုတော့ အိမ်မှာမနေရဲကြတော့ဘူး။ ဒီဘက်ကတော့ ပစ်ကွင်းလွတ်တယ်ဆိုပြီး ပြောင်းလာကြတာ”ဟု သူက ပြောသည်။ 

စစ်တပ်က မြို့ပေါ်တွင် နေရာအပြည့်ယူထားသောကြောင့် မြို့ပေါ်ရှိ ၎င်းနေအိမ်သို့ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့်သာ အိမ်ပြန်ကြည့်ရှုသည်ဟု ဆိုသည်။ 

အလံဖြူကိုင် သွားလာရ

“အခုလက်ရှိမှာတော့ မြို့ထဲမှာ အလံဖြူလေးတွေကိုင်ပြီး သွားလာခွင့်ရှိတယ်။ တချို့ ဒီမှာ စစ်ရှောင်စခန်းမှာတော့ နေတယ်။ မြို့ထဲမှာ ဘယ်သူမှမရှိတော့ အလံဖြူလေးတွေကိုင်ပြီးတော့ ကိုယ့်အိမ် ခဏသွားကြည့်တာမျိုးတော့ ရတယ်” ဟု သူက ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် မင်းတပ်မြို့ပေါ်တွင် အလံဖြူကိုင်ဆောင်သွားလာခြင်းမှာ လုံခြုံရေးအရ အကာအကွယ်ဖြစ်စေရန် ရည်ရွယ်သည်ဟု မင်းတပ်မြို့ပေါ်တွင် ကျန်ရှိနေသူများက ဆိုသည်။ 

“ဟင်းသီးဟင်းရွက်တွေဘာတွေရှာရင်လည်း အလံဖြူကိုင်ပြီးထွက်ကြတယ်။ အပြင်ထွက်တာနဲ့ကို အလံဖြူကိုင်တယ်။ လုံခြုံလား၊ မလုံခြုံလားဆိုတာကတော့လေ၊ သေမယ့်အတူတူ မထူးတော့ဘူးလေ။ အိမ်ထဲမှာ အစာငတ်ပြတ်ခံပြီး သေမလား။ နည်းနည်းစွန့်စားကြည့်မလားဆိုတဲ့သဘောပဲ”ဟု မင်းတပ်မြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

ထို့အတူ ထွက်ပြေးတိမ်းရှောင်ရန်ခက်ခဲသည့် သက်ကြီးရွယ်အိုတချို့မှာ နေအိမ်များတွင်သာ ဆက်လက်နေထိုင်ပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသည်။ 

ပိုက်လိုင်းဖြင့် ရေပေးနေသည့် တောင်ပေါ် မင်းတပ်မြို့ပေါ်တွင် ပြီးခဲ့သည့်လမှစပြီး ရေပေးဝေမှုရပ်သွားသည်ဟု မြို့ပေါ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။ 

“ရေက လုံးဝမလာတော့ စမ်းရေလေးပဲ သွားခပ်နေရတာ။ လုံးဝမဖြစ်မနေမို့သာ သွားခပ်ရတာလေ။ အဆင်မပြေဘူး။ အပေါ့အပါး တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မသုံးနိုင်ဘူး။ ဒီတစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စနဲ့ပဲ ရောဂါရဖို့တောင် စိုးရိမ်ရတယ်” ဟု သူက ဆိုသည်။

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း နေအိမ်တွင် ဆက်လက်နေထိုင်သူအရေအတွက်ကို အတိအကျသိရန် ခက်ခဲကြောင်း ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြို့အနီးဝန်းကျင် ကျေးရွာများတွင် တိုက်ပွဲများ စိပ်နေသောကြောင့် မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲများ ထပ်မံပြင်းထန်လာဦးမည်ကို မြို့ခံတို့က စိုးရိမ်နေကြသည်။ 

အခြားမြို့အများစု ငြိမ်သက်နေချိန်တွင် စစ်ကောင်စီက မင်းတပ်နှင့် မြို့တချို့ကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအတွက် ဒေသခံများက စိုးရိမ်ပူပန်နေသည်။

“အဆင်းရဲဆုံးပြည်နယ် အဆင်းရဲဆုံးမြို့ကလေးဖြစ်တဲ့အတွက် တော်လှန်ရေးပြီးသွားရင်တောင်မှ ပြန်လည်ဖွံ့ဖြိုးဖို့ဆိုရင် အစွမ်းကုန်ကြိုးစားရမယ့်အနေအထားဖြစ်တယ်။ ဒါကြောင့် ကျေးဇူးပြုပြီးတော့ လူမျိုးတုံး မပျောက်ကွယ်သွားခင်မှာ အားလုံးထကြွပေးပါလို့ တောင်းဆိုချင်ပါတယ်” လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောလိုက်သည်။

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...