Skip to main content

၂၀၂၁-၀၆-၂၀ အထွေထွေ

ကလေးမြို့မှ အဖမ်းခံရသည့် ၁၅ နှစ်သား ၂၄ နာရီအတွင်း သေဆုံး 

Source: Myanmarnow

ကလေးမြို့မှ အသက် ၁၅နှစ်အရွယ် မောင်ကျော်မင်းခန့်ကို အာဏာသိမ်းစစ်ကောင်စီ တပ်သားများက ယမန်နေ့ ဇွန် ၁၉ ညက ဖမ်းဆီးသွားပြီး ယနေ့တွင် အလောင်းလာထုတ်ရန် မိသားစုထံ ဆက်သွယ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညက (​ကျော်မင်းခန့်) အဖမ်းခံရပြီးတော့ အခု အလောင်းလာထုတ်လို့ ပြောတယ်တဲ့ သူ့မိဘတွေကို။ အခု သူတို့နဲ့ နီးစပ်တဲ့သူက ပြောလာတာ။ ဘာကြောင့်ဖမ်းတာလဲတော့ သေချာမသိရသေးဘူး။ အဲဒါ အခု ၂ နာရီမှာ အလောင်းလာထုတ်ဖို့ ပြောလာတယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲပိုင်း၌ ပြောသည်။

ကလေးမြို့ ချမ်းမြအောင်စည်ရပ်ကွက်၌ နေထိုင်သူ မောင်ကျော်မင်းခန့်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ လိုက်ပါလေ့ရှိသူတစ်ဦးဟု သိရကြောင်း အထက်ပါ​ဒေသခံက ​ပြောသည်။

တချိန်တည်းတွင် အဖမ်းခံရသည့် မြန်မာ့စီးပွားရေးဘဏ် CDM ၀န်ထမ်းတစ်ဦးနှင့် သူ၏ ၁၂နှစ်အရွယ် ကလေးငယ်ကိုမူ ပြန်မလွှတ်သေးဟု သိရသည်။

ည ၉နာရီခန့်ကလည်း အင်းယားကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ အိမ်ပိုင်ရှင် သားအဖနှစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“မိသားစုက သုံးယောက်နေတာ၊ အဲဒီမှာ ဧည့်သည်က နှစ်ယောက်ပါတယ်။ သူတို့က ဝင်မွှေတဲ့အချိန်မှာ တစ်ယောက်က အော်လိုက်တာ။ အော်လိုက်ပြီးတော့ ထွက်ပြေးတဲ့အချိန်မှာ ပစ်သတ်လိုက်တာလို့ ပြောတယ်။ သားအဖနှစ်ယောက်သေပြီး ကောင်မလေးတစ်ယောက် မျက်စိမှန်သွားတယ်။ ဧည့်သည်နှစ်ယောက်လည်း ပစ်သတ်ခံရတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအိမ်ကို မည်သည့်အတွက် ဝင်ရောက်စီးနင်းသည်ကိုမူ မသိရသေးကြောင်း ထို​ဒေသခံက ဆက်​ပြောသည်။

ဇွန် ၁၉ ည ကလေးမြို့ပစ်ခတ်မှု၊ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး မှတ်ချက်တောင်းရန် စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်၍ မရသေးပေ။

စစ်ကိုင်းတိုင်း ကလေးမြို့ဒေသခံတို့သည် အာဏာသိမ်းစစ်ကောင်စီကို နေ့စဉ် နည်းမျိုးစုံဖြင့် ဆန့်ကျင်အံတုလျက်ရှိသည်။

ဗဟန်းတွင် ၁၃ နှစ်အရွယ် မောင်ဖိုးစိန်ကို စစ်တပ်က ပစ်ခတ်ပြီး  ဆေးရုံမပို့ဘဲ ဓာတ်တိုင်ဘေးချထားစဉ် သေဆုံး၊ ဖမ်းဆီးခံရသူ သက်ပိုင်ထူး (ခ) အလီလည်း စစ်ကြောရေးတွင် သေဆုံး

Source: KhitThit ရန်ကုန်၊ ဇွန် ၂၀ 

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် ယမန်​နေ့ ည ၁၂ နာရီဝန်းကျင်  အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစိန်ကို စစ်တပ်က ပစ်ခတ်ပြီး ဒဏ် ရာရရှိနေစဉ် ဓာတ်တိုင်ဘေးတွင် မီထားစဉ်  ရရှိဒဏ်ရာဖြင့် မောင်ဖိုးစိန်မှာ သေ ဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ဗဟန်းမြို့နယ် ငါးထပ်ကြီး တောင်ရပ်ကွက်က ဆာဖိုးသာခြံလမ်းထဲသို့ ဇွန်လ ၁၉ ရက်​နေ့ ည ၁၂ နာရီတွင် အကြမ်း ဖက် စစ်ကောင်စီတပ်များက ဝင်ရောက်လာကြောင်း၊ အဓိကအားဖြင့် စစ်ကောင်စီက ၎င်းတို့ ဖမ်းမိထားသည့် လူငယ်တစ်ဦး၏ ထွက်ဆိုချက် အပေါ် အခြေခံ၍ သပိတ်ကာလ Defense လိုင်းတွင် ပါဝင်သည်ဟုဆိုကာ အလီ(ခ) သက်ပိုင်ထူးကို ဖမ်းရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မူလက မဖမ်းမိသော်လည်း နောက် ပိုင်းတွင် ထပ်မံ ရှာဖွေဖမ်းသဖြင့် မိသွားကြောင်း၊ ယင်းသို့ ဖမ်းမိပြီးနောက် အလီကို သေလုမြောပါးရိုက်နှက်ပြီး ရပ်ကွက်အတွင်းမှ လူငယ်များကို စစ်တပ်က ဖမ်းရန် ပြောဆိုကြောင်း၊ ယင်းအချိန်တွင် ဆော့ကစားနေသူ ကလေး တစ်အုပ် ရှိနေပြီး စစ်တပ်က ဝင်ရောက် လာ၍ ထွက်ပြေးကြကြောင်း၊ စစ်တပ်က ပစ်ခတ်၍ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစိန် နောက်ကျော သေနတ်ထိမှန်သွားကြောင်း သိရှိရသည်။

"သက်ပိုင်ထူး(ခ)အလီကိုကြိုးတုပ်ပြီး သွေးချင်းချင်းနီနေအောင်ရိုက်တယ်။  ပြီးမှ ဆာဘိုးသာရပ်ကွက်ထဲကို ရိုးရိုးမဝင်ဘဲ တွေ့တဲ့ကောင် အကုန်ဖမ်းဆိုပြီးတော့အော်ပြီးဝင်တာ။ အဲ့မှာ Bingo ကစားနေတဲ့ ကလေးအုပ်ကကြောက်ပြီးပြေးတာ။  အဲဒါကို ပစ်ဆိုပြီး ပစ်တာ အနီနဲ့ကောင်လေး မောင်ဖိုးစိန် နောက် ကျောကို မှန်တယ်။ ကလေးပုံကျသွားတော့မှ မင်းသတိရသေးလား၊ မင်းသတိရှိသေးလားလို့ မေးမေးပြီး ဓာတ်တိုင်နားကို ခေါ်လာတယ်။ ဓာတ်တိုင်နားလေးမှာပဲ မီထားတုန်း မောင်ဖိုးစိန် အသက်ထွက်သွားတာ" ဟု ဖြစ်စဉ်ကို သေချာ သိရှိထားသူ ဒေသခံတစ်ဦးက ဆိုသည်။ 

စစ်ကောင်စီက ဖမ်းဆီးသွားသော အလီ(ခ) သက်ပိုင်ထူးမှာလည်း  စစ်ကြောရေးတွင် ယနေ့ သေဆုံးသွားပြီး ဇွန်လ ၂၁ ရက်နေ့ အလောင်းလာထုတ်ယူရန် မိသားစုထံသို့ အကြောင်းကြား ထားကြောင်း သိရှိရသည်။

"အလီက စစ်ကြောရေးမှာ ဆုံးတယ်။ အခုအလောင်းထုတ်ဖို့စီစဉ်နေပါတယ်။ ဖမ်းတာက  နံချပ်ကူတွေ့လို့ဆိုပြီးဖမ်းတာပါ။ အလီအိမ်မှာရှိတဲ့ငွေတွေလည်းယူသွားတယ်။  အိမ်က ပိုက်ဆံ အကုန်သိမ်းတယ်။ မိဘတွေကိုမနက်ဖြန်အလောင်းလာထုတ်ဖို့မှာတယ်။ အလီကိုရိုက်နှက်လက်ပြန်ကြိုးတုတ်ပြီး အခြားလူတွေကို လိုက်ရှာခိုင်းတယ်။ အိမ်မှာနံချပ်ကူ တွေ့လို့  Defence လိုင်းမှာပါတယ်ဆိုပြီးစွပ်စွဲတာ။ တကယ်က အလီ ရဲ့ ဦးလေးက ကရာတေးသမား။ ဒါကြောင့်အိမ်မှာ နံချပ်ကူရှိတာပါ" ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ မောင်ဖိုးစိန် အသက် ၁၃ နှစ်နှင့် မောင်သက်ပိုင်ထူး(ခ) အလီ အသက် ၂၇ နှစ်တို့ ၏ နာရေးအတွက် ပြင်ဆင်နေကြ ကြောင်း သိရှိရသည်။ 

စစ်ကြောရေးတွင် သေဆုံးသူ သက်ပိုင်ထူး(ခ) အလီသည် မလေးရှားနိုင်ငံမှ မကြာသေးမီက ပြန်လာသူဖြစ်ပြီး မိသားစုမှာလည်း ငွေကြေးချမ်းသာသူများဖြစ်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- နောက်ကျော သေနတ်ထိမှန်ပြီးနောက် ဆေးရုံမပို့ဘဲ ဓာတ်တိုင်တွင် မီနေရသော မောင်ဖိုးစိန်။ ခဏအကြာတွင် ကွယ်လွန်သွားခဲ့သည်။

ဓာတ်ပုံ- သက်ပိုင်ထူး(ခ) အလီ




ကလေးမြို့မှ ဦးဝင်းဇော်ဦး အပါအဝင် မိသားစုဝင် ၄ ဦးကို သတ်ဖြတ်ပြီး ရွှေများ ယူဆောင်မှု စစ်တပ်လက်ချက်ဟု PDF ကထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၀ 

 စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှ ဦးဝင်းဇော်ဦး အပါအဝင် မိသားစုဝင် ၄ ဦးကို သတ်ဖြတ်ပြီး ရွှေငွေများ ယူဆောင်သွားမှုသည် စစ်ကောင်စီ၏ လက်ချက်ဖြစ်ကြောင်း ကလေးမြို့ PDF က ထုတ်ပြန်ကြေညာသည်။ 

ယမန်နေ့ ဇွန်လ ၁၉ ရက်ညပိုင်းတွင် ကလေးမြို့ ညောင်ပင်သာရပ်ကွက် အင်းယားကုန်းဘက်မှ ဦးဝင်းဇော်ဦး ၏ နေအိမ်သို့ ဝင်ရောက်စီးနင်းပြီး မိသားစုဝင် ၄ ဦး ကိုပစ်သတ်ကာ ရွှေ၊ ငွေ နှင့် ပစ္စည်းများ ယူဆောင်သွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်သည် မိမိတို့ People's Defence Force (Kalay) နှင့်သက်ဆိုင်ခြင်း လုံးဝမရှိကြောင်း ၊ အဆိုပါရပ်ကွက်အတွင်းနေထိုင်သူ မျက်မြင်သက်သေအများအပြား၏ ပြောဆိုချက်အရ ဦးဝင်းဇော်ဦး၏ နေအိမ်သို့ ည ၈: ၃၀ ဝန်းကျင်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့ခြင်းသာဖြစ်ကြောင်းထို့ကြောင့် ဤအကြမ်းဖက်လုပ်ရပ်အတွက် စစ်ကောင်စီအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရ PDF ခေါင်းဆောင် အနီးကပ်ပစ်သတ်ခံရ
ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ ကိုကျော်ဆန်းဦးကို စစ်ကောင်စီတပ်များက အနီးကပ်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်က Myanmar Now ကို အတည်ပြုသည်။

"သူ့ကို ရည်ရွယ်ချက်ရှိရှိ သတ်သွားတယ်လို့ သိရတယ်။ ပေါင်ကို တစ်ချက်မှန်ပြီး မပြေးနိုင်တော့တဲ့အချိန်မှာ အနားနားကပ်ပြီး နားထင်ကို တေ့ပစ်သွားတယ်လို့ သိရတယ်"ဟု ကိုကျော်ဆန်းဦး၏ မိသားစုဝင်က ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ဝင်တစ်ဦးလည်းဖြစ်သည့် ကိုကျော်ဆန်းဦးမှာ ဇွန် ၂၀၊ နံနက် ၁၁ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းရွာနှင့် ၅ဖာလုံခန့်အကွာတွင် စစ်ကောင်စီတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသူဖြစ်သည်။

“လက်နက်ချင်းရော အင်အားချင်းရော မမျှဘူး။ တိုက်ပွဲဖြစ်တာကတော့ ဂန့်ဂေါကရဲတွေနဲ့ ဖြစ်တာ”ဟု အထက်ပါ မိသားစုဝင်က ပြောသည်။

ဂန့်ဂေါ PDF ရှိရာနေရာကို ဒလန်များ၏ သတင်းပေးမှုကြောင့် သိရှိသွားသည့် စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အနီးကပ်ပစ်သတ်ခံရသည်ဆိုသော ကိုကျော်ဆန်းဦးနှင့်အတူ အခြား PDF တဦး၊ ရဲနှစ်ဦး သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကိုကျော်ဆန်းဦး၏ အလောင်းကို စစ်ကောင်စီက ယူဆောင်သွားခဲ့ပြီးနောက် ယမန်နေ့(ဇွန် ၂၁) နေ့လည် ၂ နာရီတွင် ဂန့်ဂေါဆေးရုံ၌ အလောင်းလာရောက်ထုတ်ယူရန် မိသားစုထံသို့ အကြောင်းကြားခဲ့သည်ဟု ၎င်း၏ မိသားစုထံမှ သိရသည်။

“ချက်ချင်း အလောင်းသွားထုတ်ခဲ့ပြီး သဂြိုလ်ခဲ့ရတယ်။ မနေ့က ညနေ ၄ နာရီလောက်မှာ ကံရွာသင်္ချိုင်းမှာ သဂြိုလ်ခဲ့တယ်”ဟု အထက်ပါမိသားစုဝင်က ပြောသည်။

အသက် ၂၄ နှစ်အရွယ် ကိုကျော်ဆန်းဦးသည် ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)နှင့် ဗကသလှုပ်ရှားမှုများတွင် ၂၀၁၂မှ ၂၀၁၉အထိ တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုမင်းထက်မြတ်က အတည်ပြုသည်။

“တကယ်ကို တစိုက်စိုက်မတ်မတ်နဲ့ ဦးဆောင်ခဲ့သူပါပဲ။ ကျောင်းပြီးတော့လဲ ဂန့်ဂေါဒေသအတွက် ကြိုးစားဆောင်ရွက်တာတွေ တွေ့ရတယ်။...... နှမျောစရာကောင်းတဲ့ ရဲဘော်ဟောင်း မိတ်ဆွေကောင်းတစ်ယောက်ပါဗျာ။ သူ ဒီထက် အများကြီးလုပ်နိုင်ရဲ့သားနဲ့ လမ်းခုလပ်မှာ ကျဆုံးသွားတာတော့ စိတ်မကောင်းဘူး"ဟု ၎င်းက ပြောသည်။

ကျောင်းသားဘဝမှစ၍ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက် ခိုင်ခိုင်မြဲမြဲ စွဲကိုင်လုပ်ဆောင်ခဲ့သည့် ကိုကျော်ဆန်းဦးအတွက် ဂုဏ်ယူကြောင်း ၎င်း၏ မိသားစုဝင်ကလည်း ပြောသည်။

"သူ ကျဆုံးသွားပေမယ့် တစ်ယောက်ကျရင် ဆယ်ယောက်မက ထွက်ပေါ်နိုင်ပါစေ” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရထားသည့် ကိုကျော်ဆန်းဦးကို အနီးကပ်ပစ်သတ်သည့် လုပ်ရပ်မှာ စစ်သည်တော်ကျင့်ဝတ်ကို ဖောက်ဖျက်မှုပင်ဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ဗိုလ်ကြီးထွန်းမြတ်အောင်က မှတ်ချက်ပြုသည်။

“သုံ့ပန်းတွေ ဖမ်းဆီးရမိသူတွေဆိုရင် စစ်သည်တော်ကျင့်ဝတ်အရ မသတ်ရဘူး။ ရန်သူအပေါ်ပြုကျင့်ရမယ့် ကျင့်ဝတ်ငါးပါးထဲ နံပါတ်သုံးအချက်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

"တချို့လူကြီးတွေကတော့ ပစ်သတ်ခိုင်းတာရှိတယ်။ မျက်နှာရ၏၊ မရ၏အပေါ် မူတည်တယ်။ ဒီလို တစ်ယောက်အရှင်မိတယ်ဆို လူကြီးကို မျက်နှာလုပ်လို့ရရင် တမျိုးပေါ့။ သူ့ကို ပို့ရ စောင့်ရှောက်ရ အလုပ်ရှုပ်မှာစိုးရင် သတ်ပစ်ကြတာပဲ။ကျွန်တော့်အတွေ့အကြုံနဲ့ဆို နှစ်ခါရှိပြီ။ အဲဒါ သတင်းတွေမှာ ပါလာရင် မဆိုင်တဲ့ အောက်ကကောင်တွေ(အောက်ခြေတပ်သားတွေ) ကိုပဲ ‌ထိုးကျွေးကြတာ” 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ခြောက်လနီးပါးအတွင်း စစ်ကောင်စီလက်ချက်ဖြင့် အရပ်သား ၉၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများက ဆိုသည်။ သို့သော်လည်း စစ်ကောင်စီက ၃၀၀ ခန့်သာ သေသည်ဟု ဆိုထားသည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီးမှု အန္တရာယ်မှ ကာကွယ်ရန် ကာကွယ်ရေးတပ်ဖွဲ့များကို ပြည်သူတို့က နိုင်ငံအနှံ့တွင် ဖွဲ့စည်းထူထောင်ထားကြပြီး ယခုအခါတွင် မြို့ပေါ်ပြောက်ကျားတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာနေသည်။


Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...