Skip to main content

၂၀၂၁-၀၆-၀၈ အထွေထွေ

ကျားကွက်သစ် စကစ အုပ်ချုပ်ရေမှုး အသတ်ခံရ

ရန်ကုန်၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်တပ်နှင့် ရဲများက ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်မှာ ယနေ့ (ဇွန် ၈) နံနက် ၉ နာရီခွဲခန့်တွင် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ နိဂြောဓလမ်းနှင့် သတိပဌာန်လမ်းထောင့်တွင် သေနတ်ဖြင့် ပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။
“အုပ်ကြီး (အုပ်ချုပ်ရေးမှူး) ပစ်ခံရပြီး ဆိုင်တွေပိတ်ကြတော့ဆိုလို့ ကြည့်လိုက်တော့ ကားအဖြူထဲမှာ ခေါင်းကြီးမှောက်နေပြီ။ အဝေးကကြည့်ရတာဆိုတော့ သေမသေတော့မသိဘူး၊ ခဏနေတော့ လူနာတင်ယာဉ်လာပြီး ခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။
သတိပဌာန်လမ်းတွင် နေထိုင်သူ ကျားကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်မှာ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် လုပ်ကြံရခြင်းဖြစ်ပြီး ရဲနှင့် စစ်တပ်အင်အားအများအပြားရောက်ရှိလာပြီး သတိပဌာန်လမ်းကို ပိတ်ဆို့စစ်ဆေးနေသည်ဟု သိရသည်။
“အခု နိဂြောဓလမ်းကိုလည်း ပိတ်ထားတယ်။ တာယာကွင်းတွေချပြီး သူတို့စစ်ဆေးတာတွေ လုပ်နေတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးတွင် စစ်သားနှင့် ရဲများ ပိတ်ဆို့ရှာဖွေနေသည့်အတွက် ဈေးဆိုင်အချို့ပိတ်ထားကြပြီး အခြေအနေကို စောင့်ကြည့်နေကြရသည်ဟု သိရသည်။ သတိပဌာန်လမ်းကို ပိတ်ဆို့ပြီးနောက် ကျောက်မြောင်းအတွင်း ကားပိတ်ဆို့မှုများဖြစ်လာသည့်အတွက် ယာဉ်ထိန်းရဲအချို့က လမ်းရှင်းပေးနေသည်ကို Myanmar Now က တွေ့ရှိခဲ့သည်။
ဒေါ်စိုးစိုးလွင်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မတ်လတွင်မှ အသစ်ခန့်အပ်လိုက်သည့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ယခင်က ပွဲစားလုပ်ခဲ့ဖူးသည်ဟု ဒေသခံတချို့က ပြောသည်။
ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးမှူးအချို့ လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းများကြားနေရသော်လည်း တာမွေ ကျောက်မြောင်းရပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်စိုးစိုးလွင်မှာ ပေါ်ပေါ်ထင်ထင် သွားလာနေထိုင်လျက်ရှိသည်ကို တွေ့ရကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။
သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် သေဆုံးခြင်းရှိမရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သူသည် ရပ်ကွက်နေတက်ကြွလှုပ်ရှားသူများကို ဖိနှိပ်သူဖြစ်ပြီး အိမ်မှရုံးသို့သွားရာတွင် လူဆယ်ယောက်လောက်ခြံရံသွားလေ့ရှိသူဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများကပြောသည်။

သူသည် ရေးမြို့နယ်မှ စုငွေ အမည်ပျက်ဖြင့် ထွက် ပြေးခဲ့သူဟု သိရသည်။


ရန်ကုန်မြို့ လှိုင်မြို့နယ် လှိုင်မြစ်လမ်းအနီးတွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့နယ်ပေါင်းစုံ ဆန္ဒပြစစ်ကြောင်းလှုပ်ရှားမှု ဖြိုခွင်းခံရပြီး လူငယ် ၄ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
သတင်းပေးများကြောင့် သပိတ်စစ်ကြောင်းစတင်ချိန်တွင် အရပ်ဝတ်ရဲများ လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး မိန်းကလေး ၂ ဦး၊ ယောက်ကျားလေး ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သပိတ်စစ်ကြောင်းတွင်ပါဝင်သူတစ်ဦးက ပြောသည်။



CDM စစ်ကောင်စီ တပ်သား ၈၀၀ ခန့် အထိ ရှိလာ

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလိုတော့သဖြင့် စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ စစ်သည်အင်အားမှာ ၈၀၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးက ထုတ်ဖော်ပြောကြားသည်။
တပ်တွင်းမှ ထွက်လိုသဖြင့် ဆက်သွယ်အကူအညီတောင်းခံလာသူ အရေအတွက်မှာ တစ်ရက်လျှင် ၅၀ မှ ၆၀ ဦးဝန်းကျင်ရှိပြီး ရာထူးအားဖြင့် ဗိုလ်မှူးအဆင့်အထိ ပါဝင်သည်ဟု တပ်မတော်အရာရှိဟောင်းအချို့နှင့် ပူးပေါင်းကာ တပ်ကိုစွန့်ခွာလိုသူ တပ်မတော်သားများကို ကူညီဆောင်ရွက်ပေးနေသည့် ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီးလင်းထက်အောင်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ရှိ တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၂၈ တွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ မတ်လနှောင်းပိုင်းတွင် စစ်တပ်ကို စွန့်ခွာပြီး CDM တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
“တချို့တွေကျတော့လည်း လွတ်မြောက်နယ်မြေတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ စစ်သင်တန်းပေးတာတို့ တခြားလုပ်ငန်းတွေလည်း လုပ်နေပါတယ်။ ကျန်တဲ့သူတွေက မီဒီယာကနေလည်းကောင်း သက်ဆိုင်ရာကူညီပေးတဲ့ နေရာတွေမှာလည်းကောင်း အကုန်လုံးပူးပေါင်းဆောင်ရွက်ပေးနေကြပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now ကို ပြောသည်။
CDM တွင်ပါဝင်လာသူ စစ်သည် ၈၀၀ ဝန်းကျင်အနက် ၇၅ ရာခိုင်နှုန်းခန့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွင် ပူးပေါင်းအားဖြည့်သွားမည်ဖြစ်ကာ ကျန်သူများမှာ လက်နက်မကိုင်သော်လည်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အတွက် ထောက်ပံ့ကူညီပေးနေကြသည်ဟု ၎င်းက ဆိုသည်။
အရာရှိအဆင့် တပ်မတော်သား ၁၀၀ ခန့်ပါဝင်သော စစ်တပ်ကို စွန့်ခွာလာသူ စစ်သည်များတွင် ရေတပ်နှင့် လေတပ်အပါအဝင် လက်ရုံးတပ်ဖွဲ့များလည်း ပါဝင်ကြောင်း ခြေလျင်နှင့် ခြေမြန်တပ်များမှ CDM ပါဝင်လာမှု နည်းနေသေးကြောင်းလည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
“သူတို့ထွက်မလာနိုင်တာက ရှေ့တန်းစစ်ဆင်ရေးတာဝန်တွေကို ပို့ဆောင်တာရယ်၊ မိသားစုနဲ့ တကွဲတပြားဖြစ်အောင် လုပ်ဆောင်တာရယ် ဒီအချက်တွေကြောင့် သူတို့အနေနဲ့ ထွက်လာရတာ တော်တော်ကို အားနည်းနေပါတယ်။ ကျွန်တော်တို့ ဒီဘက်ကနေ ပို့ပေးတဲ့ ထုတ်ပြန်ချက်တွေကိုလည်း သူတို့ သိရှိရခြင်းမရှိဘူး။ ဒါတွေက သူတို့ထွက်လာဖို့အတွက် အားနည်းချက်တွေဖြစ်ပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
CDM စစ်သည်များ၏ မိသားစုဝင်များကို ဓားစာခံအဖြစ် တပ်အတွင်း ပိတ်လှောင်ဖမ်းဆီးတတ်သည့် အဖြစ်အပျက်မျိုးများကြောင့်လည်း တပ်ကို စွန့်ခွာရန် တွန့်ဆုတ်နေသူများရှိကြောင်း၊ ယခုလက်ရှိအထိ CDM စစ်သည် ၈၀၀ ဝန်းကျင်အနက် တပ်တွင်း၌ မိသားစုဝင်များ ကျန်ရစ်သူ ၄၀ နှင့် ၅၀ ဝန်းကျင်ရှိကြောင်းလည်း ၎င်းက ပြောသည်။
“ပြင်ပထွက်ခွာတဲ့လူတွေနဲ့ မိသားစုတွေနဲ့ အဆက်အသွယ် လုံးဝမရတော့ဘူး။ အထဲမှာ ဘယ်လိုနေလို့ ဘယ်လိုထိုင်မှန်းလည်း မသိဘူး၊ နောက်ပြီးတော့ သူတို့ကို ထောက်ပံ့တာလည်း မရှိဘူး။ ဒီအတိုင်း သူတို့ရဲ့ ပြင်ပမိသားစုနဲ့လည်း ဆက်သွယ်ခွင့်မပေးဘူး” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
CDM တွင် ပါဝင်လာသည့် စစ်သည်နှင့် အရာရှိများမှာ အသက် ၂၀ နှင့် ၃၅ ဝန်းကျင် လူငယ်များဖြစ်ကြပြီး ဗိုလ်မှူးအဆင့်ရာထူးထက်မြင့်သော လူကြီးပိုင်းတပ်မတော်အရာရှိများ မပါဝင်သေးကြောင်း၊ ၎င်းတို့ ပါဝင်လာနိုင်ခြေမှာလည်း မရှိသလောက် နည်းပါးကြောင်း ၎င်းက ဆိုသည်။
“သူတို့အနေနဲ့ ပါမယ်ဆို မြန်မြန်ဆန်ဆန် ပွဲတစ်ခုပြီးသွားမှာပါ။ သူတို့အနေနဲ့ မပါလို့ အခုလောက်အထိ လက်နက်ကိုင်တော်လှန်ရေးတွေရော ဒီ Defection (တပ်ခွဲထွက်) ကိစ္စတွေရော ကျွန်တော်တို့က အများကြီး ကြိုးစားနေရတာပေါ့။ သူတို့ကတော့ လုံးဝမပါနိုင်ပါဘူး။ ထွက်လာနိုင်ခြေရှိတာကတော့ အလွန်ဆုံး ဗိုလ်မှူးအဆင့်လောက်ပဲ ထွက်လာနိုင်ခြေရှိပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
စစ်တပ်တွင်သာ မဟုတ်ဘဲ အခြားအစိုးရအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများတွင်လည်း CDM တွင် ပါဝင်လာသူ အများစုမှာ လူငယ်နှင့် လူလတ်ပိုင်းများ အများစုဖြစ်သည်။
“အပေါ်ပိုင်းကလူတွေကိုတော့ မျှော်လင့်မထားဘူး။ အပေါ်ပိုင်းရောက်လာလေလေ ဆုံးရှုံးရမှာတွေ ပိုကြောက်လာလေလေပဲ။ ကျွန်တော်တို့ဆို ဘာမှ မရှိခဲ့ဘူး။ ဘာမှမရှိခဲ့တော့ ဘာမှ မကြောက်ခဲ့ဘူး။ အထဲမှာ ရရှိနေတဲ့သူတွေကတော့ ဒါတွေကို ဆုံးရှုံးရမှာ ကြောက်တယ်။ မိသားစုတွေ ပြိုကွဲရမှာ ကြောက်တယ်” ဟု ၎င်းက ပြောသည်။
မတ် ၇ မှစကာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည့် စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ထက်နေဗလကမူ အာဏာသိမ်းခြင်းသည် နိုင်ငံ၏ အနာဂတ်ကို နောက်ပြန်ဆွဲပစ်လိုက်ခြင်းဟု ဆိုသည်။
“အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ခေတ်လူငယ်တွေ အကုန်လုံးမှာ နောက်ပြန်ဆွဲသလို ခံစားရတဲ့ ခံစားချက်ကြီးက အကုန်လုံးသိတယ်။ နောက်ပြန်ဆွဲချမယ်ဆိုတာလည်း ဘယ်သူမှမပြောလည်း အကုန်လုံး သိပြီးသားဖြစ်လိမ့်မယ်” ဟု ချင်းပြည်နယ် တီးတိန်အခြေစိုက် ခြေလျင်တပ်ရင်း (၂၆၉) တွင် ဗိုလ်အဆင့်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ ၂၄ နှစ်အရွယ် ဗိုလ်ထက်နေဗလက ဆိုသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့် ပြည်သူလူထုကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ တရားမဝင်ဖမ်းဆီးမှု၊ ထင်ရာစိုင်း၍ လုယူရမ်းကားမှုများ ပြုလုပ်လာသည့်အခါ တပ်မတော်ဟူသည့် အဖွဲ့အစည်း၏ အစိတ်အပိုင်း မဖြစ်လိုတော့ကြောင်း ဗိုလ်ထက်နေဗလက CDM လှုပ်ရှားမှုတွင် ပါဝင်လာရသည့်အကြောင်း ပြောသည်။
“ပြည်သူလူထုက ပေးတဲ့လစာကို ယူပြီးတော့ ပြည်သူလူထုကို ကာကွယ်ရမယ့်အစား ဒီလိုတွေလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအပေါ်မှာ ကျွန်တော်ဆက်ပြီးတော့ တာဝန်မထမ်းဆောင်နိုင်တော့တဲ့အတွက် ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ကျွန်တော်လည်း နိုင်ငံကိုချစ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးမှာ ကျွန်တော့ရဲ့ စိတ်နဲ့ပဲ ရှေ့ဆက်သွားမယ်။ နောက်ကိုလည်း လှည့်ဖို့ မရှိပါဘူး” ဟုလည်း ဗိုလ်ထက်နေဗလက ထပ်လောင်းပြောဆိုသည်။

မန္တလေးမြို့ရှိအင်အားအကောင်းဆုံးသပိတ်စစ်ကြောင်းများအနက်တစ်ဖွဲ့ဖြစ်သော မန္တလေးအင်ဂျင်နီယာများအဖွဲ့သည် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက နေရာအနှံ့လုံခြုံရေးတင်းကြပ်ထားသော်လည်း အာဏာရှင်စနစ်ဖြုတ်ချရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ယနေ့ (ဇွန် ၈) က မြို့တွင်းတွင် ဆိုင်ကယ်များဖြင့် စီတန်းလှည့်လည်ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ - CJ)

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ပေါင်းစုံကျောင်းသားသမဂ္ဂများအဖွဲ့မှ အဖွဲ့ဝင်တို့ပူးပေါင်းကာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီရရှိရေးနှင့်စစ်ကျွန်ပညာရေးစနစ်သပိတ်မှောက်ရေးအတွက် ယနေ့ (ဇွန် ၈)က ဆန္ဒပြခဲ့ကြသည်။
မြို့သိမ်းသပိတ်စစ်ကြောင်းသည် မန္တလေးမြို့လယ် ၈၄ လမ်းမပေါ်အထိပေါ်ချီတက်ခဲ့ကြရာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များက အင်အားအများအပြားနှင့်လာရောက်ဖြိုခွင်းသော်လည်း အချိန်မီလူစုခွဲနိုင်ခဲ့သည်။ (ဓာတ်ပုံ - CJ)

တနင်္သာရီတိုင်း ထားဝယ်မြို့ လူငယ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုများကို မြို့အတွင်း လှည့်လည်ဆန္ဒပြမှုများသာမက လူစည်ကားရာနေရာများတွင်ပါ အာဏာရှင်ဆန့်ကျင်ရေးဟောပြောမှုများ ပြုလုပ်လျက်ရှိသည်။
ယနေ့ ဇွန်လ ၈ ရက်နေ့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ ပြုလုပ်ခဲ့သလို ဈေးများရပ်ကွက်များအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အာဏာရှင်ဆန့်ကျင်ရေးဟောပြောမှုများ ပြုလုပ်ခဲ့သည်။ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ပြည်သူများက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့ (ဇွန် ၈)တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Photos-CJ



ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက် နေအိမ်ကို ဇွန်လ(၇)ရက်နေ့ကတစ်ကြိမ်ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ယနေ့ညနေ ၅နာရီခန့်က ထပ်မံလာ ရောက်ပြီး နေအိမ်နှင့် ရေကူးကန်လုပ်ငန်းကို ချိတ်ပိတ်သွား ကြောင်း သိရသည်။
" ဒီနေ့ညနေ ၅ နာရီလောက်က စဝိုင်းတယ်။စစ်ကား (၅)စီး၊ စစ်သားတွေ၊ ရဲတွေ၊ အနံ့ခံခွေးတွေနဲ့ပါ ဝင်ရောက်ပြီး ချိတ်ပိတ်လိုက်တယ်လို့သိရတယ်။အဲဒီလို ချိတ်ပိတ်နေတဲ့အချိန်အတွင်းမှာ လမ်းကိုပါ ပိတ်ထားလိုက်ပြီး ဘယ်သူမှ ဝင်ခွင့်မရဘူး" ဟု အိမ်နီးချင်းနေထိုင်သူတစ်ဦးကဆိုသည်။
ဇွန်လ ၇ ရက်နေ့ ည (၁၀) နာရီခန့်ကလည်းအကြမ်းဖက်စစ်ကောင်စီ အုပ်စုများက စစ်ကား (၅) စီး စစ်သားအင်အား (၈၀) ခန့်ရောက်ရှိလာကာ နေအိမ်ကို ဝင်ရောက် ဖျက်ဆီး သွားကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂထုတ်ပြန်ချက်အရသိရသည်။
ထိုသို့ ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်အတွင်းရှိကိုမင်းဟန်ထက် နှင့် ပတ်သက်သည့် ပစ္စည်းများ၊ စာရွက်စာတမ်းများကို ယူဆောင်သွားကြောင်း နေအိမ်တွင် ကိုမင်းဟန်ထက်အပါအဝင် မိသားစုဝင်များ ရှိမနေသည့်အတွက် ဖမ်းဆီးမှု မရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်ကစစ်အာဏာရှင်တော်လှန်ရေး လူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ဒီကနေ့ ဇွန်လ(၈)ရက် မနက် (၅) နာရီ၀န်းကျင်က တိမ်းရှောင်နေတဲ့ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာ ခံလိုက်ရတာဖြစ်ပါတယ်။

ရန်ကုန်ပြည်လမ်း အင်းလျားဗျူး ကွန်ဒိုနား၊ အင်လျားကန်​ဘောင်အနီး ယ​နေ့ ည​နေ ၃ နာရီ ၅၀ မိနစ်တွင် ဗုံးနှစ်လုံးပေါက်ကွဲပြီး အင်လျားလမ်းနှင့် ပြည်လမ်းလမ်းဆုံကို ‌လမ်းပိတ်၍ အကြမ်းဖက် စစ်​ကောင်စီတပ်များက စစ်​ဆေး​နေ​ကြောင်း သိရှိရသည်။
"ဗုံး​ပေါက်တာ အသံအရမ်းကျယ်တယ်။ မိုးခြိမ်းတယ်ထင်​နေတာ ​နောက်မှ ဗုံး​ပေါက်မှန်းသိတာ"ဟု ​ဒေသခံတစ်ဦးက ဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီးတွင် ဇွန်လ ၈ ရက် ယနေ့နံနက် ၁၁ နာရီ ၄၀ မိနစ် ဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း မန္တလေးဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါ ရဲ နှစ်ဦးမှာ ဆိုင်ကယ်စီးလာစဉ် ကားဖြင့်တိုက်ပြီး အမည်မသိသေနတ်ကိုင်ဆောင်သူတချို့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
"ကားနဲ့ ဆိုင်ကယ်ကို အရင် ပစ်တိုက်ပြီးမှ ကားပေါ်ကနေဆင်းပြီးတော့ ပစ်သွားတာ။ အစက အသံဗုံးလှန့်တယ်ထင်ပြီး ထွက်ကြည့်တာကြည့်တာ။ မြောင်း ထဲထိုးကျနေတဲ့တယောက်ကတော့ပွဲချင်းပြီးပဲ" ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံရသူ တစ်ဦးက ပြောဆိုသည်။
"၁ ဦးသေဆုံးပြီး ၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ ဖြစ်စဉ်က ဖြစ်သွားတယ်" ဟု မန္တလေး​ဒေသခံတစ်ဦးက ပြောသည်။

မကွေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် လက်တစ်ဖက်ပြတ်ခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ဟာ မကွေးမြို့ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဆေးရုံဆင်းခွင့်ရတာကြောင့် ဇွန်လ ၇ ရက် ညနေပိုင်းက မကွေးဒေါင်းနေထောင်ကို ပို့ဆောင်ချုပ်နှောင်လိုက်ကြောင်း မိသားစုထံကနေသိရပါတယ်။
ကိုလျှံဖြိုးအောင် ရဲ့အစ်ကိုဖြစ်သူက ''ညီလေးကို မနေ့ညနေက ဆေးရုံဆင်းခွင့်ရတော့ ဆေးရုံကို ရဲတွေလာခေါ်သွားတာ။ သူရထားတဲ့ဒဏ်ရာတွေက ဆေးကုသမှုလိုအပ်နေအုန်းမှာ။ ရာဘာကျည်မှန်ထားတဲ့ ဘယ်ဘက် ခြေထောက်ကလည်း ဆေးကုသကုသဖို့လိုသလို ညာဘက်မျက်လုံးကလည်း မျက်ကြည်လွှာအစားထိုးဖို့ အရေးပေါ်လိုအပ်နေတယ်။ ပြင်းထန်ဒဏ်ရာရထားပြီး ဆက်လက် ဆေးကုသဖို့ လိုအပ်နေ သေးတဲ့သူကို ဖမ်းချုပ်ထားတော့ လွတ်လွတ်လပ်လပ် ဆေးကုလို့မရ တော့ဘူး'' လို့ ပြောပါတယ်။
ကိုလျှံဖြိုးအောင်ဟာ မတ်လ ၂၇ ရက်နေ့က မကွေးမြို့စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာကြောင့် ညာဘက်လက်ပြတ်ခဲ့ရတဲ့အပြင် ပြင်းထန်ဒဏ်ရာ မြောက်မြားစွာရရှိခဲ့ပြီး ၅၀၅ (က) နဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ အမှုဖွင့်ခြင်းခံထားရတာလည်းဖြစ်ပါတယ်။

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...