Skip to main content

၂၀၂၁-၀၆-၂၃ အထွေထွေ

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၃ 

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သီရိမြိုင် ၁၀ လမ်းတွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရ သူ အရုဏ်ဦး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်အေး သည် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

"သူက စစ်ကောင်စီသတင်းပေးဆိုတာ လူတိုင်းက သိထားတယ်။ ဒလန်လုပ်တယ်ပေါ့။ သီရိမြိုင် ၁၀ လမ်းမှာ သေနတ်နဲ့ အပစ်ခံရပြီး ဆုံးသွားတယ်။ ရဲတွေ၊ စစ်သားတွေကတော့ အလောင်းကို လာသယ်သွားပြီ။ ပွဲချင်းပြီး ဆုံးတာပါ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဆန္ဒပြပွဲပါဝင်သူများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဦးကျော်အေးက စစ်ကောင်စီထံသို့ သတင်းပေးခဲ့သဖြင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုကြသည်။

ကိုဗစ်ဖြစ်နေသည့် CDM စစ်ဗိုလ်နှင့် အမတ်ဟောင်းကို စစ်ကောင်စီဖမ်း

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ဆေးကုနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသော စစ်ဗိုလ်နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အပါအဝင် စုစုပေါင်းလေးဦးကို စစ်ကောင်စီက မန္တလေးမြို့၌ ဖမ်းဆီးသွားသည်။

ရွေးကောက်ပွဲနှင့် လွှတ်တော်စောင့်ကြည့်လေ့လာရေး အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကနောင်အင်စတီကျု့၏ ရုံးကို ဇွန် ၂၁၊ ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် ထိုသို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ကိုဗစ်ဖြစ်တော့ သူတို့လည်း ဆေးကုသစရာနေရာမရှိဘူး။ လောလောဆယ် ယာယီဆေးကုဖို့ဆိုပြီး ရုံးမှာနေကြတာ”ဟု ကနောင်အင်စတီကျု့တာဝန်ခံတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ကောင်စီဖမ်းသွားသူများမှာ ဗိုလ်စိုးဝေလှိုင်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးနှင့် ကနောင်အင်စတီကျုမှ ဝန်ထမ်းနှစ်ဦးတို့ဖြစ်သည်။

၎င်းတို့တွင် ကိုဗစ်နိုင်တင်းလက္ခဏာအချို့ပေါ်ပေါက်နေ၍ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Rapid Test Kit (ရောဂါရှိမရှိစမ်းသပ်သည့်ကိရိယာ) ဖြင့် စမ်းသပ်စစ်ဆေးစဉ် ကူးစက်ခံထားရသည်ဟု အဖြေထွက်ထားသူများဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပင် အတည်ပြုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ လေးဦးစလုံး မန္တလေးနန်းတွင်း၌ စစ်ကြောခံနေရဆဲဖြစ်ကြောင်း သတင်းရထားသော်လည်း အသေးစိတ်ကိုမူ စုံစမ်း၍မရသေးဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်စိုးဝေလှိုင်သည် မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)ကို သင်တန်းပေးနေသူဖြစ်ကြောင်း၊ ဇွန် ၂၂ နံနက်ပိုင်း MPDF ရုံးခန်းတစ်ခုကို ဝင်စီးနိုင်ရန် သတင်းပေးခဲ့သူဖြစ်ကြောင်း ရေးသားပြောဆိုချက်များနှင့် ပတ်သက်ပြီး ကနောင်အင်စတီကျုတာဝန်ရှိသူက ငြင်းဆိုသည်။

“ဒီလူတွေက ဘယ် PDFနဲ့မှလည်း အဆက်သွယ်မရှိဘူး။ ဘယ်အဖွဲ့ကိုမှ သင်တန်းပေးနေတာမရှိပါဘူး။ ကိုဗစ်လက္ခဏာတွေဖြစ်နေတော့ ရုံးမှာပဲ ကွာရန်တင်းနေတဲ့သဘောမျိုးနေတဲ့အချိန်မှာ ပါသွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်က ဇွန် ၂၃ ညနေပိုင်းအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငါးလနီးပါးရှိလာချိန်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် လူပေါင်း ၉၀၀ နီးပါးသေဆုံးကာ ၆၀၀၀ ကျော် ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ ၃၀၀ ခန့်သာ သေသည်ဟု ဆိုသည်။


Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...