Skip to main content

ကင်းမရွာ မီးရှို့ သတ်ဖြတ်မှု

ပေါက်မြို့နယ် ကင်းမတစ်ရွာလုံးကို စစ်ကောင်စီလက်နက်ကိုင်များ မီးရှို့

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာရှိ အိမ်ခြေများကို ယနေ့ (ဇွန် ၁၅ ) တွင် စစ်တပ်၏ လက်နက်ကိုင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်ဒေသခံတစ်ဦးက ပြောသည်။

ကင်းမရွာမှ ၁၂ မိုင်ကျော်အကွာရှိ ဒီးဒုတ်ကွင်းရွာရှိ အုပ်ချုပ်ရေးမှူးအိမ်ကို ဇွန် ၁၂ တွင် လူအချို့က သေနတ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ ပစ်ခတ်သည့်အဖွဲ့၏ ဆိုင်ကယ်တစ်စီးပျက်၍ ယင်းရွာ၌ ကျန်ခဲ့ကြောင်း၊ အဆိုပါ ဆိုင်ကယ်လိုင်စင်၏ နေရပ်လိပ်စာကို လိုက်ရာ ကင်းမရွာမှ ဆိုင်ကယ်ဖြစ်၍ ယနေ့နေ့လယ်ပိုင်းက ကိုင်းလယ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ကင်းမရွာသို့ လာရောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“ကိုင်းလယ်ရဲစခန်းက ရဲအင်အား ၁၅ ယောက် ဆိုင်ကယ် ၁၅ စီးနဲ့ အဲဒီ ကင်းမဘက်ကို သွားရာမှာ မိုင်းအဆွဲခံရတာ ၉ယောက် သို့မဟုတ် ၁၀ယောက်လောက် ကျတယ်။ အဲဒီမှာတင် ရေပြာစခန်းက ဆိုင်ကယ်နဲ့ ၁၂စီး လာတယ်တဲ့။ ပေါက်ဘက်ကရော အရပ်ကုန်တင်ကားနဲ့ရော စစ်ကားရော ရဲကားရော လာတယ်တဲ့။ နောက် ပခုက္ကူဘက်ကလည်း လာတယ်တဲ့” ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်တပ်၏ လက်နက်ကိုင်များလာရောက်သည့် သတင်းကို ကြားသိပြီးနောက် ကင်းမရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ ယင်းလက်နက်ကိုင်များက လူတစ်ဦးမျှ မတွေ့သဖြင့် ရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခု နောက်ဆုံးသတင်းမှာတော့ သုံးပုံနှစ်ပုံလောက် လောင်နေပြီ” ဟု ပေါက်ဒေသခံက ယနေ့ ညနေ ၅ နာရီခန့်တွင် ပြောကြားသည်။

ကင်းမရွာတွင် လက်လုပ်သေနတ်အသုံးပြုသည့် ဒေသခံပြောက်ကျားခုခံရေးသမားများလည်း ရှိသဖြင့် စစ်တပ်၏ လက်နက်ကိုင်များ လာရောက်သည့်အခါ ရွာအပြင်ဘက်နား၌ ပစ်ခတ်မှုများလည်းဖြစ်ပွားခဲ့ကြောင်း မြေပြင်တွင် တိုက်ခိုက်ခဲ့သူများနှင့် အဆက်အသွယ်ရှိသည့် ပေါက်ဒေသခံ ကိုဘီတူးဆိုသူက Myanmar Now ကို ပြောသည်။

ပစ်ခတ်မှုများမှာ ညနေ ၄ နာရီခန့်တွင် ပြီးဆုံးသွားပြီး စစ်ကောင်စီလက်နက်ကိုင် ၁၅ ဦးခန့် သေဆုံးနိုင်ကြောင်း ၎င်းကဆိုသော်လည်း Myanmar Now က အတည်ပြုနိုင်ခြင်းမရှိပါ။

ဒေသခံပြောက်ကျားတိုက်ခိုက်ရေးသမားတစ်ဦးလည်း သေနတ်ဒဏ်ရာ ထိမှန်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ကင်းမရွာသည် ပေါက်မြို့နှင့် ၁၈ မိုင်ခန့်ဝေးကာ အိမ်ခြေ ၂၃၀ ခန့်ရှိသည့် ရွာဖြစ်ပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ယနေ့ညနေပိုင်းအထိ မီးလောင်ကျွမ်းဆဲဖြစ်ကြောင်း၊ နေအိမ်ငါးလုံးခန့်သာ ကျန်ရှိတော့ကြောင်း အခြားဒေသခံတစ်ဦးကလည်း ပြောသည်။ 

လက်ရှိတွင် သက်ကြီးရွယ်အိုများမှလွဲ၍ ရွာသူရွာသားများ တိမ်းရှောင်နေကြပြီဖြစ်ရာ ရွာအတွင်း စစ်ကောင်စီလက်နက်ကိုင်များ ဆက်လက်တပ်စွဲထားခြင်း ရှိမရှိနှင့် မီးလောင်ကျွမ်းမှု နောက်ဆုံးအခြေအနေကိုမူ မသိနိုင်ကြောင်း ကိုဘီတူးက ဆိုသည်။

“စစ်ကောင်စီဘက်က တောနင်းရှာမယ်ဆိုလို့ ရွာက ပြည်သူတွေက ဝေးတဲ့နေရာကို တိမ်းရှောင်နေကြတော့ အိမ်ခြေဘယ်လောက် မီးလောင်သွားလဲ မသိရဘူး” ဟု ကိုဘီတူးက ပြောသည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်က ကင်းမရွာနှင့် ကပ်လျက်ရှိ ကင်းဆုပ်ရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူးတစ်ဦးနှင့် ရပ်ကျေးစာရေးတစ်ဦး အသတ်ခံရပြီးနောက် အနီးအနားရှိ ရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရှာဖွေသဖြင့် တိမ်းရှောင်နေရသည့် ဒေသခံများလည်း ရှိသည်။




အာဏာလုတပ် လက်ချက်ဖြင့် ကင်းမရွာ တရွာလုံးပြာကျ

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ကင်းမရွာသို့ စစ်ကောင်စီတပ်များ ယမန်နေ့က ရောက်ရှိလာပြီး ရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့ (ဇွန် ၁၅) မနက်ပိုင်း မြင်တွေ့ရသည့် ကင်းမရွာ မြင်ကွင်းဖြစ်သည်။
 ပေါက်မြို့နယ် ကိုင်းနယ်ရဲစခန်းမှ ရဲများ၊ ပေါက်မြို့နယ်မှ ရဲများနှင့် စစ်သားများ နယ်မြေလုံခြုံရေးအတွက်ဟုဆိုကာ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ကင်းမရွာအနီးသို့ ဝင်လာရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တချို့ဖြင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲ ၁ ဦး ဗုံးထိမှန်ရာမှ အနီးအနားရှိ ကင်းမရွာကို မီးတင်ရှို့သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီဟူသော သတင်းကြောင့် ဒေသခံများမှာ အိုးအိမ်များကိုပစ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြစဉ် အိမ်ခြေ ၂၄၀ ဝန်းကျင်ခန့်ရှိ ကင်းမရွာကို စစ်ကောင်စီက မီးရှို့ခဲ့ခြင်းဖြစ်သည်။ 
Credit: Irrawaddy
ဓါတ်ပုံ -CJ






အကြမ်းဖက် လူသတ်စစ်ကောင်စီက မီးလောင်တိုက်သွင်းခဲ့တဲ့ ကင်းမကျေးရွာမှာ သက်ကြီးရွယ်အို ၄ ဦး

မီးထဲပါ သေဆုံး

ဇွန် ၁၆

အကြမ်းဖက်လူသတ်စစ်ကောင်စီတပ်တွေရဲ့ မီးလောင် တိုက်သွင်းခံခဲ့ရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က 

ကင်းမကျေးရွာဟာ မနေ့က တစ်ရွာလုံး မီးလောင်ပြာကျခဲ့ပြီး သက်ကြီးရွယ်အို ဘိုးဘွား ၄ ဦးပါ မီးဘေးသင့်သေဆုံးခဲ့ရပါတယ်။

သေဆုံးခဲ့တဲ့ ဘိုးဘွားတွေဟာ အသက် ၇၀ ကျော်အရွယ်‌

တွေ ဖြစ်ပြီး ကျန်းမာရေးမကောင်းဘဲ အိပ်ယာထဲလဲနေသူတွေလို့ သိရပါတယ်။ ရွာသူ/သား‌တွေဟာ အကြမ်း ဖက် စစ်ကောင်စီတပ်တွေရဲ့လက်ကလွတ်အောင် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးရချိန်မှာ ကျန်းမာရေးမကောင်းလို့ မပြေးလွှားနိုင်တဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေကို  နေအိမ်တွေမှာ ချန်ထားခဲ့ရတာဖြစ်တယ်လို့ ဒေသခံတချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်‌တွေဟာ ကင်းမရွာရဲ့ အရှေ့တောင်ဘက်ဆုံးအိမ်က စပြီး မီးရှို့ကာ တစ်ရွာလုံးကို မီး‌လောင်တိုက်သွင်းခဲ့တာကြောင့် အိမ်ခြေအားလုံးနီးပါး မီးလောင်ပြာကျခဲ့သလို နာမကျန်းတဲ့ သက်ကြီးရွယ်အို ၄ ဦးအပါအဝင် ကျွဲ၊ နွားစတဲ့ အိမ်မွေးတိရိစ္ဆာန်ပါ

မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

Myanmar Harp Media


ကင်းမကျေးရွာမီးလောင်မှုတွင် အဘိုးအဖွား ၄ ဦးမီးထဲပါသေဆုံး

ဝေယံမိုး - မဇ္ဈိမ

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမကျေးရွာ မီးလောင်မှုတွင် သက်ကြီးအဘိုး အဖွားလေးဦးပါ မီးလောင်ကျွမ်းခံရ၍သေဆုံးသွားခဲ့သည်ဟု သူတို့၏ ကျန်ရစ်သူဆွေမျိုးသားချင်းများအပြောအရ သိရသည်။

"မီးထဲပါသွားတဲ့အဘိုးအဖွားက ကျွန်တော့ရဲ့ အဘိုးအဖွားတွေပါ၊ ဦးမြမောင်နဲ့ ဒေါ်ကြီးမိန်ပါ....၊ နောက်တစ်ယောက် ဒေါ်စိန်ကြည်ပါ၊အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး လေးဦးပါသွားတာပါ" ကင်းမကျေးရွာသား လူငယ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။  

အဘိုးအဖွားလေးဦးလုံးသည် အသက် ၇၀ ကျော်အရွယ်များဖြစ်ကြပြီး နာမကျန်းဖြစ်၍ အိပ်ယာထဲလဲနေသူများဖြစ်ကြသည်။ 

ဇွန်လ ၁၅ရက် မွန်းလွဲပိုင်းတွင် ကင်းမကျေးရွာသို့ လက်နက်ကိုင်ဆောင်ထားသော အရပ်ဝတ်ရဲများဆိုင်ကယ်ရှစ်စီးဖြင့်လာရောက်ခဲ့ကြသလို ကင်းမရွာဘက်သွားသော တခြားလမ်းတစ်လမ်းကလည်း စစ်ထရပ်ကားသုံးစီးဖြင့်စစ်သားများလာရောက်ခဲ့ကြရာ သတင်းရ၍ တိမ်းရှောင်နိုင်သူ ကျေးရွာသားများဘေးလွတ်ရာတောထဲသို့ပြေးကြချိန်တွင် သက်ကြီးရွယ်အိုပုဂ္ဂိုလ်များ ကျန်ရစ်ကြသည်။ 

ရွာအပြင်ဘက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ရွာ၏အရှေ့တောင်ဆုံးဘက်အိမ်ကိုစတင်မီးတိုက်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။ 

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင်တော့ အိမ်ခြေ ၃၁၀ ရှိသော ကင်းမကျေးရွာတွင် အိမ်ခြေတစ်ဒါဇင်ကျော်ကျော်ကလွဲ၍ ကျန်အိမ်များ မီးလောင်ပြာကျသွားခဲ့သည်ကိုတွေ့ရသည်။


အကြမ်းဖက်စစ်ကောင်စီတပ်များ မီးတင်ရှို့သော ကင်းမရွာတွင် သက်ကြီးရွယ်အို ၃ ဦးကယ်ထုတ်နိုင်ခဲ့ပြီး ဘိုးဘွား ၂ ဦး မီးထဲပါ၍ ကွယ်လွန်သွား

ရန်ကုန်၊ ဇွန် ၁၆ 

မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ် ကင်းမရွာကိုအကြမ်း ဖက်စစ်တပ်က မီးတင်ရှို့ခဲ့ရာတွင် သက်ကြီးရွယ်အို ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဘိုးအဘွား ၂ ဦး မီးထဲပါပြီး ကွယ်လွန်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ 

"ကျနော်တို့သိသလောက်တော့ အခုညနေအထိပေါ့။ သက်ကြီးရွယ်အို ၃ ဦးကတော့ ကယ်ထုတ်နိုင်ခဲ့တယ်။ ကျန်တဲ့ အဘိုးဦးမြမောင်နဲ့ ဒေါ်ကြီးမိန်ကတော့ မီးထဲပါသွားတယ်။ အဲဒါကို အတည် ပြုပြီးပြီ။ သူတို့အိမ်မှာ အရိုးကျနေတဲ့ အလောင်းတွေလည်း ရပါပြီ" ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

လက်ရှိအချိန်တွင် ကင်းမကျေးရွာသူကျေးရွာသားများမှာ မိမိတို့၏ နေအိမ်များသို့ ပြန်ကြည့်၍ ရနိုင်သမျှ ပစ္စည်းတချို့ ယူရန် လာရောက်ကြသော်လည်း ပြာပုံအတိသာ မြင်တွေ့ရကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မရှိတော့သော်လည်း လုံခြုံမှုမရှိခြင်း၊ နေစရာအိမ်မရှိတော့ခြင်းတို့ကြောင့် အတိဒုက္ခရောက်နေရသည်ဟု သိရှိရသည်။ 

"ဘယ်သွားနေရမလဲ။ ဒီလိုပဲ နီးစပ်ရာနေရာတွေထဲမှာ နေရမယ်ထင်တယ်။ နေစရာ အိမ်လည်းမရှိတော့ဘူးလေ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။


ကင်းမရွာ စစ်ဘေးဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်နေ

ဝေယံမိုး - မဇ္စျိမ
အကြမ်းဖက် စစ်ကောင်စီတပ်သားတွေမီးတင်ရှို့ခဲ့လို့ ထွက်ပြေးနေရတဲ့ ပေါက်မြို့နယ် ကင်းမရွာက ရွာသူ/ရွာသားတွေအရေးပေါ် အကူအညီလိုအပ်နေ တယ်လို့ ဒေသခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။
"ကျွန်တော်စောင့်ရှောက်နေတဲ့ဘက်မှဆိုရင် လူဦးရေ ၁၅၀ လောက်တော့ရှိပြီ ၊ လိုက်ပြီးစာရင်းကောက်နေတုန်းပါ၊ ချက်ချင်းပြေးလာကြရတာဆိုတော့ စားစရာလဲအများကြီးမပါဘူး၊ ရေရောပဲ၊ နောက်အမိုးအကာလုပ်ဖို့ တွေလဲယူမလာရတော့ မိုးရွာရင်တော့ ခက်ပြီ" လို့ ရွာသားတွေနဲ့ အတူပြေးနေတဲ့ သူကပြောပြပါတယ်။
ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ နာမကျန်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေပါဝင်တဲ့အတွက် ဆေးဝါးလိုအပ်မှုတွေရှိနေတယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ အချို့မိသားစုတွေဟာ တစ်ကွဲတစ်ပြားဖြစ်နေသေးကြောင်း အဲ့ဒီဒေသခံကဆိုပါတယ်။
မနေ့က ကင်းမရွာ ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ ကျေးရွာဘုန်းကြီးကျောင်းဝန်းထဲ ပုန်းအောင်းနေသူ ရွာသားလေးဦး ကို စစ်ကောင်စီတပ်သားတွေပစ်ခတ်ခဲ့လို့ တစ်ဦးပေါင်ကိုထိမှန်ခဲ့တယ်လို့ သိရပါတယ်။ထွက်ပြေးနေတဲ့အထဲ အဆိုပါ ဒဏ်ရာရသူပါ ပါဝင်ပြီး ဒဏ်ရာကမစိုးရိမ်ရဘူးလို့သိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ မီးရှို့ခံရလို့ အိမ်အနည်းသာ ကျန်နေတဲ့ ကင်းမရွာဟာ ပြာပုံအဖြစ်ကျန်ရစ်နေပါတယ်။ မီးလောင်မှုအတွင်း နာမကျန်းဖြစ်နေသူ အဘိုးအဖွား လေးဦးအပါအဝင် ကျေးရွာမှာ မွေးမြူထားတဲ့ တိရိစ္ဆာန်အများစုလဲ မီးလောင်သေဆုံးခဲ့ရပါတယ်။






























Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...