Skip to main content

မင်းကင်း ပန်းဆက်ရွာ - တောင်ဖြူရွာ တိုက်ပွဲ


Source: BBC Burmese

နစကကြီးနဲ့ နမခတိုင်းမှူးခင်ဗျာ အစချီပြီး "ဒီနေ့မနက် ၅ နာရီကစပြီး PDF ၂၀၀ ကျော်က ပန်းဆက်ရွာကိုတိုက်ခိုက်နေပါတယ်။ တိုင်းမှူးကိုသတင်းပို့ထားပါပြီ။ စစ်ကူအချိန်မီမလွှတ်နိုင်ရင် ရွာကို သူတို့ဝင်စီးနိုင်တော့မှာပါ။" ဆိုတဲ့ facebook post တခု မင်းကင်းကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ရဲ့ Account ကနေ ဇူလိုင်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့မနက်မှာတက်လာပါတယ်။ 

နေ့ခင်းပိုင်းမှာတော့ ပျူစောထီးတွေရဲ့ facebook account လို့ဆိုတဲ့နေရာတွေကနေ ရွာသားတချို့ကို သတ်ဖြတ်ထားတဲ့ပုံတွေတက်လာပါတယ်။ အနီးကပ်ပစ်ခတ်ထားတယ်လို့ ယူဆဖွယ်ဖြစ်တဲ့ ပွင့်ထွက်ဒဏ်ရာတချို့ကိုတွေ့ရပါတယ်။ မျက်နှာမှာ အညိုအမည်းတွေ တွေ့ရသလို သေဆုံးသူတယောက်မှာ မျက်လုံးတဖက်ပိတ်လောက်အောင် ဖူးယောင်နေတာကိုလည်း တွေ့ရတဲ့အတွက် မသေခင်မှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလိမ့်မယ်လို့ တချို့က ယူဆကြပါတယ်။ 

ပန်းဆက်ရွာကို ဘာ့ကြောင့်တိုက်သလဲ

ပန်းဆက်ရွာဟာ လူဦးရေ ၄၀၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာပါ။ မင်းကင်းမြို့နယ်ထဲမှာ ဒုတိယအကြီးဆုံးရွာဖြစ်ပြီး ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတဲ့လူဦးရေကတောင် ၂၈၀၀ ကျော် ရှိပါတယ်။ 

"ပန်းဆက်ရွာက ပန်းဆက်နေတာကတော့ ပြည်ခိုင်ဖြိုးပါတီကိုပါရှင့်။ တရွာလုံးလိုလိုက ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြတာပါ။ ကျွန်မတို့မင်းကင်းမြို့နယ်ထဲမှာ အဲသလိုရွာက ဒီတရွာပဲရှိတာပါ။ သူတို့က စစ်ကောင်စီစစ်တပ်လာရင် ရွာထဲက အမျိုးသမီးဆယ်ယောက်လောက် ထမင်းချက်လိုက်တတ်တဲ့ရွာပါ" လို့အနီးအနားကျေးရွာက မဖြူ (နာမည်လွှဲ) က ဘီဘီစီကို ပြောပါတယ်။ 

"အခုအဲဒီရွာမှာ ပျူစောထီးတွေရှိတယ်ဆိုပြီး ပီဒီအက်ဖ်တွေက သွားတိုက်ကြတာပါရှင့်။"

မင်းကင်းမြို့ ပန်းဆက်၊တောင်ဖြူတိုက်ပွဲ ဖြစ်ရပ်မှန်

ဓာတ်ပုံ ရင်းမြစ်, GOOGLE MAPS

ပန်းဆက်ရွာတိုက်ပွဲ

ပန်းဆက်ရွာကို အနီးအနားဒေသတွင်းမှာရှိတဲ့ ပီဒီအက်ဖ်တွေက သွားရောက်တိုက်ခိုက်ကြပါတယ်။ ပီဒီအက်ဖ်တွေနဲ့အတူ မိုးကြိုးမုန်တိုင်းအဖွဲ့လည်းပူးပေါင်းပါဝင်တယ်လို့ ပျူစောထီးလို့နာမည်ကြီးသူ တယောက်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။ 

ပန်းဆက်ရွာဟာ မင်းကင်းဦးမောင်မြင့်ကို ထောက်ခံအားပေးတဲ့ အဓိကကျေးရွာကြီးလို့ ဒေသခံတွေက ဆိုကြပါတယ်။ မိုးကြိုးမုန်တိုင်းအဖွဲ့က ဗိုလ်သူရိန်ကတော့ ပန်းဆက်ရွာကို ပျူစောထီးရွာလို့ ဆိုပါတယ်။ 

ပန်းဆက်ရွာကလည်း သူတို့ကို လာရောက်တိုက်ခိုက်တာခံရနိုင်တယ်လို့ မျှော်လင့်ထားပုံရပါတယ်။ ရွာအနီးအနားမှာ ကတုတ်ကျင်းတွေ တူးထားကြပါတယ်။

ကတုတ်ကျင်းတွေတူးထားတာကို မိုးကြိုးမုန်တိုင်းအဖွဲ့နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကလည်း သိထားတယ်လို့ ဗိုလ်သူရိန်ကဆိုပါတယ်။ ဒါပေမဲ့ သွားရောက်တိုက်ခိုက်ကြသူ PDF တွေနဲ့ မိုးကြိုးမုန်တိုင်းအဖွဲ့တွေဟာ သူတို့မျှော်မှန်းထားတာထက် ပိုမိုပြင်းထန်တဲ့ ခုခံမှုကို ရင်ဆိုင်ကြရပါတယ်။ 

ပန်းဆက်ရွာဟာ ဒေသခံရွာသားတွေချည်းသာဖြစ်ပေမဲ့ သူတို့မှာ ရိုင်ဖယ်သေနတ်တွေသာမက RPG ဗုံးသီးလောင်ချာတွေပါ ကိုင်ဆောင်ထားကြတာတွေ့ရပါတယ်။ ပျူစောထီးတွေကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်တပ်ဆင်ပေးထားတာလို့ ဗိုလ်သူရိန်က ဆိုပါတယ်။ 

မင်းကင်းဦးမောင်မြင့်က စစ်ကူတောင်းခံခြင်း

မနက် ၈ နာရီနောက်ပိုင်းမှာတော့ တိုက်ပွဲက ပိုပြင်းထန်လာပါတယ်။ PDF တွေနဲ့ မိုးကြိုးမုန်တိုင်းအဖွဲ့တွေဟာ ဒေသတွင်း အနီးအဝေးအရပ်အသီးသီးက လာရောက်တိုက်ခိုက်ကြတာဖြစ်တဲ့အတွက် ရောက်ချိန်မတူကြပါဘူး။ တိုက်ပွဲအချိန်ကြာလာတော့ ရပ်ဝေးက PDF အဖွဲ့တွေပါ ရောက်လာကြတဲ့အတွက် ပန်းဆက်ရွာက ပျူစောထီးတွေဟာ အနီးအနားတခြားရွာတွေကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ 

မင်းကင်းဦးမောင်မြင့်က တိုင်းမှူးဆီသတင်းပေးပို့ပြီး စစ်ကူလွှတ်ဖို့တောင်းခံထားတယ်လို့ သူကိုယ်တိုင် လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ 

စစ်ကောင်စီက မင်းကင်းမြို့ပေါ်ကနေ သေနတ်ဖောက်အချက်ပေးပြီး စက်လှေတစင်းကို စစ်ကူစေလွှတ်လိုက်ပါတယ်။ စစ်ကူစက်လှေဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပန်းဆက်ရွာဆီ ဦးတည်မောင်းနှင်လာပါတယ်။

တောင်ဖြူရွာထောင်ချောက်

စစ်ကူလာပြီဆိုတာသိတော့ PDF နဲ့ မိုးကြိုးမုန်တိုင်းအဖွဲ့ဟာ ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

"နယ်ဝေးကလူတွေက နောက်ကျပြီးရောက်တော့ တချို့ကို အချိန်မီ သတင်းမပေးလိုက်နိုင်ဘူးဗျ။ အဲဒါကြောင့် ဆုတ်တာနောက်ကျသွားတယ်။ အဲသလိုနောက်ကျသွားတဲ့ အဖွဲ့တဖွဲ့က တောင်ဖြူရွာနားကို ရောက်သွားပါတယ်။"

ဖမ်းဆီးခံရတဲ့ လက်နက် ပစ္စည်းတွေ

ဓာတ်ပုံ ရင်းမြစ်, SOCIAL MEDIA

ဓာတ်ပုံ ပုံစာ, 

ဖမ်းဆီးခံရတဲ့ လက်နက် ပစ္စည်းတွေ

ပန်းဆက်ရွာက လူ ၄၀၀၀ လောက်ရှိတဲ့ရွာကြီးဖြစ်ပေမဲ့ အဲဒီရွာနဲ့ မိုင်ဝက်လောက်သာဝေးတဲ့ တောင်ဖြူရွာကတော့ အိမ်ခြေ ၄၀ ကျော်ပဲရှိတဲ့ ရွာငယ်လေး တရွာပါ။ တောင်ဖြူရွာမှာ ပျူစောထီးနဲ့ ဒီမိုကရေစီအင်အားစုဟာ တဝက်စီလောက်ရှိကြတယ်လို့ မဖြူက ဆိုပါတယ်။ 

"ကျွန်တော်တို့အဖွဲ့တွေ တောင်ဖြူရွာနားရောက်တော့ ရွာထဲကနေ အမျိုးသမီးအများစုပါတဲ့အဖွဲ့က ထွက်ပြီး လက်ညှိုး ၃ ချောင်းထောင်ပြကြတယ်ဗျ။ ကလေးတွေတောင်ပါပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲဘော်တွေက ဒါငါတို့လူတွေပဲလို့ ထင်ပြီး တောင်ဖြူရွာထဲဝင်ပုန်းဖို့ သွားလိုက်ကြတာမှာ အမှားကြီးမှားသွားတာပေါ့ဗျာ။"

တကယ်တော့ အဲဒီလူတွေဟာ စစ်ကောင်စီထောက်ခံသူတွေဖြစ်ကြပြီး ပျူစောထီးတွေရဲ့ အစီအစဥ်နဲ့ ရွာ့အပြင်ထွက်ပြီး လက် ၃ ချောင်းထောင်ပြခဲ့ကြတာပါ။

ပန်းဆက်ရွာကို မိုးကြိုးမုန်တိုင်းနဲ့ PDF အဖွဲ့တွေက တိုက်ခိုက်ချိန်မှာ ထွက်ပြေးလာကြတဲ့ ပန်းဆက်ပျူစောထီးအဖွဲ့ဝင် ၁၅၀ နဲ့ ၂၀၀ ကြားလောက်ဟာ တောင်ဖြူရွာကို ကြိုတင်ရောက်ရှိပုန်းအောင်းနေကြပြီး ဖြစ်ပါတယ်။ အဲဒီပျူစောထီးတွေရဲ့ အစီအစဥ်နဲ့ သူတို့ကို ထောက်ခံသူရွာသားတွေက လက် ၃ ချောင်းထောင်ပြပြီး ထောင်ချောက်ဆင်မြှူဆွယ်ခဲ့ကြတာပါ။

မိုးကြိုးမုန်တိုင်းနဲ့ PDF တော်လှန်ရေးပြောက်ကျားကျေးရွာသားတွေဟာ ပန်းဆက်ရွာမှာ တိုက်ခိုက်ပြီး အလျင်စလို ထွက်ခွာလာကြသူတွေ ဖြစ်ပါတယ်။ 

တောင်ဖြူရွာကဆီးကြိုသူတွေဟာလည်း မိတ်ဆွေတွေလို့ ယူဆထားတဲ့အတွက် သူတို့တူမီးသေနတ်တွေကို ယမ်းတောင်မထောင်းဘဲ ဝင်သွားကြရာမှာ ယမ်းထောင်းပြီး အသင့်စောင့်နေတဲ့ အင်အား ၁၅၀ နဲ့ ၂၀၀ အကြားရှိ ပျူစောထီးတပ်ဖွဲ့တွေက ဆီးကြိုဝိုင်းရံဖမ်းဆီးလိုက်ကြတာလို့ မိုးကြိုးမုန်တိုင်းအဖွဲ့က ဗိုလ်သူရိန်က ဘီဘီစီကိုပြောပါတယ်။ 

ဝိုင်းပြီးဖမ်းဆီးတဲ့ ပျူစောထီးအဖွဲ့တွေဆီမှာ ရိုင်ဖယ်သေနတ်တွေလည်း ပါကောင်းပါနိုင်တယ်လို့ ဗိုလ်သူရိန်က ယူဆပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းဆက်ရွာက ပျူစောထီးတွေက ရိုင်ဖယ်သေနတ်တွေ RPG တွေနဲ့ ခုခံတာကို သူကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ 

ပိုပြီးဆိုးသွားတာက စစ်ကောင်စီရဲ့ စစ်ကူစက်လှေဟာလည်း တောင်ဖြူရွာမြစ်ဆိပ်ကို ကပ်ဆိုက်လာတဲ့ အချက်ဖြစ်ပါတယ်။ 

စစ်ကူစက်လှေဟာ ပန်းဆက်ရွာအထိ မြစ်ကြောင်းကနေသွားမယ်ဆိုရင် မြစ်ကြောင်းကျယ်တဲ့ဘက်ကသွားရင် မောက္ကတော်ရွာကို အရင်ဆိုက်ကပ်ရပါမယ်။ မောက္ကတော်ရွာနဲ့ ပန်းဆက်ရွာကြားမှာ မြစ်လယ်ခေါင်ထွန်းနေတဲ့ လူမနေတဲ့ ကျွန်းကြီးတခုရှိပါတယ်။ အဲဒီကျွန်းကြီးက ၃ မိုင်ပတ်လည်လောက်ရှိပါတယ်။ အဲဒီ ၃ မိုင်လောက်ကျယ်တဲ့ ကျွန်းကြီးကိုဖြတ်ပြီးရင် မြစ်ကြောင်းခပ်ကျဉ်းကျဉ်းကို ထပ်ဖြတ်ပြီးမှ ပန်းဆက်ရွာမြစ်ဆိပ်ကို ရောက်မှာပါ။ ပန်းဆက်ရွာမြစ်ဆိပ်ကနေ ပန်းဆက်ရွာအထိရောက်ဖို့ကလည်း ၂ မိုင် ၃ မိုင်ကျယ်တဲ့ သောင်ပြင်ကိုဖြတ်ရဦးမှာဖြစ်ပါတယ်။ အဲဒါကြောင့်ပန်းဆိပ်ရွာမြစ်ဆိပ်ကိုတိုက်ရိုက်မသွားဘဲ တောင်ဖြူရွာမြစ်ဆိပ်ကို စက်လှေထိုးဆိုက်လာတာဖြစ်ပါတယ်။ စက်လှေကိုလမ်းပြပေးတဲ့ ဒေသခံပါလာပုံရတယ်လို့ မဖြူက ခန့်မှန်းပါတယ်။ တောင်ဖြူရွာကနေ ပန်းဆိပ်ကိုသွားမယ်ဆိုရင် ၁၅ မိနစ်လောက်နဲ့ ရောက်နိုင်တယ်လို့ မဖြူက ဆိုပါတယ်။ 

ပျူစောထီးတွေက လက်နက်ကိုင်တော်လှန်ရေးရွာသားတွေကို ဝိုင်းမိထားပြီး ၁၅ မိနစ်လောက်အကြာမှာ စစ်ကောင်စီရဲ့ စစ်ကူစစ်သားတွေလည်း ရောက်လာကြတယ်လို့ တောင်ဖြူရွာသားတဦးကပြန်ပြောလို့ သိရကြောင်း မဖြူက ဘီဘီစီကို ပြောပါတယ်။ 

၄ ယောက်ကိုသတ်ဖြတ် ၅၇ ယောက်ဖမ်းဆီး

မင်းကင်းမြို့ ပန်းဆက်၊တောင်ဖြူတိုက်ပွဲ ဖြစ်ရပ်မှန်

ဓာတ်ပုံ ရင်းမြစ်, SOCIAL MEDIA

ရွာသားတွေကို ဖမ်းဆီးပြီး သိပ်မကြာခင်မှာပဲ ပျူစောထီးအဖွဲ့ဝင်တဦးရဲ့ လူမှုကွန်ရက်စာမျက်နှာလို့ ဆိုကြတဲ့နေရာကနေ လက်နက်ကိုင်တော်လှန်ရေးရွာသား ၄ ဦးအသတ်ဖြတ်ခံထားရတဲ့ပုံတွေ တက်လာပါတယ်။ အသတ်ဖြတ်ခံရသူတွေရဲ့ မျက်နှာတွေ ရောင်ကိုင်းနေပါတယ်။ အလောင်းတလောင်းရဲ့ မျက်လုံးတဖက်ဟာ ဖူးယောင်ပြီးပိတ်နေပါတယ်။ ကျန်တဲ့မျက်လုံးတဖက်က ပွင့်နေပါတယ်။ သေနတ်ဒဏ်ရာဟာလည်း မျက်နှာတခြမ်းပွင့်ထွက်အောင်ကြီးမားတဲ့အတွက် အနီးကပ်ပစ်ခတ်တာ သို့မဟုတ် ယမ်းအားပြင်းတဲ့ သေနတ်နဲ့ ပစ်ခတ်ထားတာလို့ယူဆဖွယ်ရာရှိကြောင်း ဒေသခံရွာသားတဦးကဆိုပါတယ်။ 

သူတို့ ၄ ဦးကို ဘာ့ကြောင့်ရွေးချယ်သတ်ဖြတ်ခဲ့မှန်းတော့ ဗိုလ်သူရိန်လည်း မမှန်းဆတတ်ဘူးလို့ ဆိုပါတယ်။ သူတို့ဟာ လက်နက်မချဘဲ ပြန်လည်ခုခံခဲ့လို့လား၊ ဒါမှမဟုတ် ကျန်တဲ့သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ သတ်ဖြတ်ခဲ့တာလားဆိုတာကို ဘယ်သူမှမမှန်းဆတတ်ကြပါဘူး။

နောက်ထပ်အဖမ်းဆီးခံရသူ အရေအတွက်က ၅၇ ယောက်ရှိတယ်လို့ ဗိုလ်သူရိန်က ဆိုပါတယ်။ ပျူစောထီးဆိုသူ တင်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာတော့ ဖမ်းဆီးထားသူတွေကို လက်ပြန်ကြိုးတုတ်ပြီး တချို့ကို လက်ပြန်ကြိုးကြား ဝါးလုံးနဲ့ထိုးပြီးတွဲထားပါတယ်။ တချို့ကိုတော့ မျောသစ်တုံးတွေနဲ့ထိုးပြီး တွဲချည်ထားတာ တွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ မြင်ရသလောက်ဆိုရင် မျက်နှာမှာသွေးယိုစီးနေတဲ့သူ မျက်နှာရောင်ကိုင်းနေသူတွေကို ထက်ဝက်လောက် တွေ့ရပါတယ်။ တချို့ဟာ အသက်အလွန်ငယ်ရွယ်ပုံရပါတယ်။ တချို့ကတော့ ၄၀ ကျော် အရွယ်တွေလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ 

သေဆုံးသူတွေထဲက တယောက်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ကိုသော်ဆွေဖြစ်ပါတယ်။ 

မင်းကင်းမြို့ ပန်းဆက်၊တောင်ဖြူတိုက်ပွဲ ဖြစ်ရပ်မှန်

ဓာတ်ပုံ ရင်းမြစ်, ABFSU MONYWA

ဓာတ်ပုံ ပုံစာ, 

ကိုသော်ဆွေ

သတင်းဌာနတွေရဲ့ မေးမြန်းချက်ကို စစ်ကောင်စီက ပြန်လည်ဖြေကြားရာမှာတော့ အဖမ်းခံရသူ ၅၃ ဦး၊ သေဆုံးသူ ၃ ဦးသာ ရှိတယ်လို့ဆိုပါတယ်။ တူမီးသေနတ်အလက် ၅၀ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ ပန်းဆက်ကျေးရွာဘက်က သေဆုံးသူတဦးနဲ့ အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ဒဏ်ရာပြင်းထန်သူ ၅ ဦးရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 

တချို့သတင်းတွေအဆိုအရ တောင်ဖြူရွာထဲက ပျူစောထီးရွာသားတွေက ဆွေးနွေးညှိနှိုင်းချင်တဲ့အတွက် လက်နက်မပါဘဲ လာရောက်ကြဖို့ ခေါ်ယူတာကို PDF အဖွဲ့ဝင် လက်နက်ကိုင်ရွာသားတွေက ယုံကြည်ပြီး သွားရောက်ရာမှာ ပျူစောထီးတွေဘက်က ကတိချိုးဖောက်ဖမ်းဆီးတာလို့ ဖော်ပြကြပါတယ်။ ဒီကွဲလွဲချက်နဲ့ ပတ်သက်ပြီး ဗိုလ်သူရိန်ကိုမေးမြန်းရာမှာတော့ ဖြစ်စဥ်ကို သူသေသေချာချာသိကြောင်း သူပြောတာမှန်ကန်တယ်လို့ အာမခံကြောင်း ဗိုလ်သူရိန်က ဖြေပါတယ်။

အဖမ်းဆီးခံရသူတွေထဲမှာ ကျွန်းတောရွာက ၉ ဦး၊ မုဿာရွာက ၁၅ ဦး၊ ထန်းပင်ချောင်ရွာက ၁၅ ဦး၊ မောက္ကတော်ရွာက ၂ ဦးပါဝင်တယ်လို့ မဖြူက ဘီဘီစီကို ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာတွေဟာ စစ်သားတွေကိုကြောက်လို့ ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း မဖြူက ဆိုပါတယ်။ 

ပန်းဆက်ရွာက ဒဏ်ရာရထားသူတွေနဲ့ အတူ အဖမ်းဆီးခံ လက်နက်ကိုင်တော်လှန်ရေးရွာသားတချို့ကိုလည်း မင်းကင်းဦးမောင်မြင့်ရဲ့ အစီအစဥ်နဲ့ ရဟတ်ယာဥ်ခေါ်ယူပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ဆိုကြပါတယ်။ 

မင်းကင်းမြို့ ပန်းဆက်၊တောင်ဖြူတိုက်ပွဲ ဖြစ်ရပ်မှန်

ဓာတ်ပုံ ရင်းမြစ်, SOCIAL MEDIA

စစ်ရေးသုံးသပ်ချက်

အမေရိကန်ပြည်ထောင်စုမှာရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရဲဘော်ဟောင်းတဦးကတော့ PDF တွေနဲ့ မိုးကြိုးမုန်တိုင်းအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုဟာ ပြောက်ကျားစစ်နည်းဗျူဟာအရ ပြောရရင် အားနည်းချက်တချို့ရှိခဲ့တယ်လို့ သူယူဆကြောင်း ပြောပါတယ်။

"အဲဒါကတော့ တိုက်ပွဲတခုမတိုက်ခင် ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်းကို ကောင်းကောင်းသိရမယ်ဆိုတဲ့ အချက်ကို မလိုက်နာနိုင်ခဲ့တာပဲ။ ရန်သူ့အခြေအနေကိုသေသေချာချာမသိခဲ့ဘူး။ ရန်သူ့ဆီမှာ ရိုင်ဖယ်အစစ်နဲ့ RPG တွေရှိတယ်ဆိုတာ ကြိုမသိခဲ့ဘူး။ နိုင်ဖို့သေချာမှ ပိုင်မှ တိုက်ပါဆိုတဲ့ ပြောက်ကျားစစ် အခြေခံသီအိုရီကိုလည်း သူတို့မလိုက်နာခဲ့ဘူးဗျ။ အစီအစဥ်ရေးဆွဲရာမှာလည်း လိုအပ်ချက်ရှိမယ် ထင်ပါတယ်။ အနိုင်မရတော့မှ ဝေဖန်သလိုဖြစ်နေမလား မသိဘူးဗျာ။ စစ်ဆိုတာ မထင်မှတ်တဲ့ အနိုင်အရှုံးတော့ရှိတတ်ပါတယ်။ ဘာပဲပြောပြောဗျာ။ ကိုယ်တိုင်တော်လှန်ရေးလုပ်ခဲ့ဖူးသူတယောက်အနေနဲ့ သူတို့စိတ်ဓာတ်နဲ့သူတို့သတ္တိကိုတော့ မလေးစားဘဲ မနေနိုင်ပါဘူး။" ABSDF ရဲဘော်ဟောင်းတဦးရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာ အခုထိ စစ်ရိပ်စစ်ငွေ့တွေက သန်းနေဆဲပါ။

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...