မန္တလေး သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်း၍ ကျည်ထိ လူငယ် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား
ဧရာဝတီ၊ ဇူလိုင် ၂၇၊ ၂၀၂၁
မန္တလေးမြတောင် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး အဆိုပါ ဒဏ်ရာရ လူငယ် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူ များထံက သိရသည်။
ပစ်ခတ်မှုတွင် လူငယ်တဦးသည် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရ ၃ ဦးစလုံးကို ချက်ချင်းခေါ်ဆောင်သွားခြင်း ဖြစ်သည့်အတွက် ဒဏ်ရာအခြေအနေနှင့် အသက်ရှင်မှု အေနအထားကို မသိရှိသေးကြောင်း သပိတ်စစ် ကြောင်းနှင့် နီးစပ်သူ ဒေသခံတဦးက ဧရာဝတီသို့ ပြော သည်။
"ထိတဲ့လူတွေ အကုန်လုံးကို သူတို့ ဆွဲသွားတာ သေလား၊ ရှင်လားကတော့ ဘယ်လိုမှ ပြောလို့မရဘူး။ ပစ်တော့ ထိပြီး ကျသွားတယ်။ အကုန်လုံးပြေးတဲ့အချိန်မှာ ဘယ်သူမှလည်း ဆွဲလို့ မရတော့ Body တွေက သူတို့လက်ထဲတော့ ပါသွားတယ်။ သေလား ရှင်လားကတော့ ကွန်ဖမ်း လုပ်ပေးလို့ မရဘူး။ ခေါင်းထိကတော့ ကျိန်းသေတယ်။ ဆက်တိုက် ပစ်တာ" ဟု ၎င်းက ပြောသည်။
ယနေ့ (ဇူလိုင် ၂၇) နေ့လယ်ပိုင်းတွင် မန္တလေး ဘုရားကြီးအနီး၌ သပိတ်စစ်ကြောင်း ထွက်ရန် ပြင်ဆင်နေစဉ်မှာပင် အရပ်ဝတ်ဖြင့် လူတဦးမှ စတင် ပစ်ခတ်ခဲ့ပြီးနောက် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်လာက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဖြစ်တာကတော့ သပိတ်မစခင် နည်းနည်းလူစုတဲ့အချိန်မှာ ကွမ်းယာဆိုင်ကနေ စတစ်ကော်လံအဖြူနဲ့ ပျူစောထီးလား ရဲကပဲ အရပ်ဝတ်နဲ့လား မသိဘူး။ သပိတ် စအော်တဲ့ အချိန်မှာပဲ ပစ်တော့ ဖြစ်ချင်တော့ အဲဒီနားက တပ်စွဲထားတဲ့ နေရာ ဖြစ်နေတယ်။ ဘုရားကြီးနားဆိုတာလည်း ဟိုကောင်တွေနဲ့ အရမ်းလည်း မဝေးတော့ ရောက်လာတာ မြန်တဲ့အချိန်ကျတော့ အကုန်လုံးက တော်တော် ပြေးလိုက်ရတယ်။ အတိုနဲ့ရော အရှည်တွေနဲ့ရော ပစ်တာ" ဟု မြင်တွေ့သူတဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်တွင် မန္တလေးမြို့၌ ရဟန်းသံဃာနှင့် ကျောင်းသား၊ ပြည်သူများက ဆန္ဒပြ သပိတ်စစ်ကြောင်းများ နေ့စဉ်နီးပါး ထွက်ရှိကာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လျက်ပြီး စစ်ကောင်စီကလည်း အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကို ပြုလုပ်လျက် ရှိသည်။
ဓာတ်ပုံ - CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup