Skip to main content

ကနီ လူသတ်မှုများ

 စစ်တပ်မွှေသည့် ကနီမြို့မှ နှိပ်စက်သတ်ဖြတ်ခံရသူ ၁၅ ဦး၏ ရုပ်အလောင်းတွေ့ရှိ

-------------------------------------------------------------

(ကြည့်ရှုသူအတွက် ထိတ်လန့်စရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာ ထိုမှတ်တမ်းဓာတ်ပုံများကို Myanmar Now ဝက်ဘ်ဆိုက် https://www.myanmar-now.org/mm တွင် ဖော်ပြထားပါသည်။)


စစ်ကောင်စီတပ်ဖွဲ့ နှစ်ရက်ဆက်တိုက်ဝင်မွှေသွားသည့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းရွာနှင့် တစ်မိုင်ကျော်ခန့်အကွာ တောထဲတွင် ဒဏ်ရာများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် အလောင်း ၁၅လောင်း ရှာဖွေတွေ့ရှိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံငါးဦးက အတည်ပြုသည်။ 


ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ယင်းရွာ၊ ကုန်းသာရွာ၊ ကျောက်လှေကားရွာများသို့ ဇူလိုင် ၉၊ ၁၀၌ စစ်တပ်ရောက်လာချိန်တွင် ကြောက်လန့်၍ အနီးရှိတောများအတွင်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်သည့်​ ဒေသခံများအနက် ၂၆ဦး ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာတွင် ထိုသို့တွေ့ရခြင်းဖြစ်ကြောင်း Myanmar Now က ဖုန်းဆက်မေးမြန်းရာတွင် ၎င်းတို့က ပြောသည်။


အလောင်းများကို ယင်းရွာ၏ အရှေ့ဘက် ခင်တန်းရှည်တောင်ကုန်းပေါ်မှ ချိုင့်ထဲ ဇွန် ၁၁၊ ၁၂ ရက်နေ့များတွင် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ယင်းရွာမှ ၁၃ ယောက်၊ ကုန်းသာရွာမှ ၁ ယောက်၊ ပလူဇဝ ရွာမှ ၁ ယောက်ဖြစ်ကြောင်း၊ သားအဖ သုံးဦး၊ တူဝရီး နှစ်ဦး၊ ညီအကိုနှစ်ဦးပါဝင်ကြောင်း ယင်းရွာဒေသခံက ဆိုသည်။


သတ်ဖြတ်ခံရသူများအနက် အများစုမှာ အသက် ၃၀ နှင့် ၅၀ ကြားအရွယ် အမျိုးသားများဖြစ်ပြီး အသက် ၆၀ ကျော်အရွယ်တစ်ဦးပါဝင်သည်။


“အသတ်ခံရတာတွေက အစုလိုက်မိပြီးအသတ်ခံရတာတွေ၊ စစ်ဘေးရှောင်တွေက လှည်းတွေနဲ့ မိုးကာတွေနဲ့ ပစ္စည်းပစ္စယတွေယူပြီး လျှိုကောင်းတဲ့နေရာတွေမှာ မိုးကလည်းရွာနေတော့ တဲလေးတွေဆောက်ပြီးပုန်းတာ။ အဲ့ဒါတွေကို အကုန်မိတာ။ အကုန်လုံးသတ်ဖြတ်ထားခဲ့တာ” ဟု အထက်ပါ ဒေသခံကပင် ပြောသည်။


ရုပ်အလောင်းအားလုံးတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ညှင်းပန်းခံထားရသည့် လက္ခာဏာများတွေ့ရပြီး အဆိုးရွားဆုံးမှာ လည်ပင်းနှင့် မျက်နှာ လှီးဖြတ် နှိပ်စက်ညှဉ်းပန်းထားသည့် ရုပ်အလောင်းများဖြစ်ကြောင်း၊ ယမန်နေ့(ဇူလိုင် ၁၂) ညနေပိုင်းတွင် သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သည့် ၎င်းကပင် ဆက်ပြောသည်။


“ပထမဆုံးတွေ့တဲ့ နှစ်လောင်းကတော့ မျက်နှာတွေအကုန်လုံးကို ဓါးနဲ့လှီးဖြတ်ထားတယ်။ ခြေထောက်တွေ၊ လက်တွေရိုက်ချိုးတာတွေ လည်ပင်းကို ဓါးနဲ့လှီးထားတာတွေတွေ့တယ်။ မပြတ်တပြတ်၊ ပြတ်လုနီးပါးထိ အလှီးခံထားရတာ။ ခန့်မှန်းချက်အရတော့ မျက်နှာတွေကို စစ်ဆေးမေးမြန်းပြီး၊ ဓားချွန်းဓားဖျားနဲ့ လှီးလှီးပြီး နှိပ်စက်မေးတာ” ဟု သူကဆိုသည်။


Myanmar Now က ကြည့်ရှုခွင့်ရထားသည့် ဇူလိုင် ၁၂ က မှတ်တမ်းတင်ထားသော ရုပ်သံနှင့် ဓာတ်ပုံများတွင် လေးယောက်တွဲတုပ်နှောင်ခံရလျက်၊ ခြေထောက်တွင်ချည်ထားသည့် ကြိုးတန်းလန်းဖြင့် ဦးခေါင်းတွင် အင်္ကျီစွပ်လျက်၊ အဝတ်ဗလာကျင်းလျက် ရုပ်အလောင်း ၁၂ လောင်း တွေ့ရသည်။


ထို့အတူ ဒေသခံတို့ ယာယီနေထိုင်သည့်နေရာ၌ အသုံးအဆောင်ပစ္စည်းများ မွှေနှောက်ရှာဖွေခံထားရပြီး မော်တော်ဆိုင်ကယ်နှစ်စီး ဖျက်ဆီးခံထားရသည်ကိုလည်း ဓာတ်ပုံတချို့၌ တွေ့ရသည်။


“စစ်ဘေးရှောင်ပြည်သူတွေ နေတဲ့နေရာအထိ လိုက်လံဖမ်းဆီးတယ်။ ပြီးတော့မှ လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတယ်လို့ သိရတယ်။ အဲဒီနောက်မှာမှ ခုလိုသတ်ပစ်လိုက်တယ်”ဟု ကုန်းသာရွာမှ အမျိုးသားတစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်က အလောင်းများကြားတွင် ဗုံးများထောင်ထားသဖြင့် ဒေသခံတို့ အခက်အခဲကြုံရကြောင်း အခြားဒေသခံတစ်ဦးထံမှ သိရသော်လည်း အတိအကျကိုမူ အတည်မပြုနိုင်သေးပါ။


“ကံကောင်းလို့ ကျွန်တော်တို့ ပြည်သူတွေ တစ်ပူပေါ်နှစ်ပူဆင့် မကြုံကြရတာ” ဟု ဗုံးအန္တရာယ်ကို ရည်ညွန်း၍ ၎င်းက မှတ်ချက်ပြုသည်။


စစ်တပ်ဖမ်းသွားသူများအနက် အမျိုးသမီးလေးဦး ပြန်လွတ်လာသော်လည်း ကျန်သူများ ပျောက်ဆုံးနေဆဲဖြစ်သဖြင့် သတ်ဖြတ်ခံရသူအရေအတွက် ယခုထက် ပိုမိုတိုးလာနိုင်သည်ဟု ဒေသခံတို့က ယူဆနေသည်။


စစ်ကောင်စီက ပစ်ခတ်၍ တောနင်းရှာဖွေမှုများကြောင့် ယင်းရွာ၊ ကုန်းသာရွာ၊ ကျောက်လှေကားရွာတို့အပြင် အုမ္မကျေးရွာအုပ်စုမှ မွေးကင်းစနှင့် သက်ကြီးရွယ်အိုများပါမကျန် လူပေါင်းတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အထက်ပါဒေသခံတို့၏ အဆိုအရ သိရသည်။


ထို့အပြင် တိမ်းရှောင်ဒေသခံအချို့ နေထိုင်သည့် တောင်ယာတဲများကို စစ်ကောင်စီတပ်က သွားရောက်ကာ ဆန်နှင့် စားသောက်ကုန်အပါအဝင် အများအပြားကို လုယူ၊ ဖျက်ဆီးကြောင်း နောက်ထပ် ဒေသခံက ပြောသည်။


"ယာခင်းတွေ ဖျန်းတဲ့ဆေးတွေကစပြီး ရေကန်တွေထဲ သွန်ထည့်။ အဆိပ်ခပ်သလိုတွေလုပ်။ ဦးကြီးတို့ဆိုရင် သိန်း ၂၅၊ ၃၀ လောက်နဲ့ ရွှေ ရှိစုမဲ့စုတွေကို ယူသွားတယ်။ ဆိုင်ကယ်တွေဆိုလည်း အင်ဂျင်ဝိုင်ဂိတ်တံတွေ ဖွင့်ပြီးတော့ သဲတွေအကုန်ထည့်တယ်” ဟု ၎င်းက ပြောသည်။


စစ်ကောင်စီတပ်က မင်းကင်းမြို့နယ်ဘက်သို့ ထွက်ခွာသွားသည့်အတွက် အထက်ပါ ကျေးရွာသုံးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူထက်ဝက်ခန့် နေရပ်ပြန်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။


“စစ်တပ်က ရက်စက်ချက်ကတော့ ဥပမာနှိုင်းစရာမရှိတော့ဘူး။ ဒီလောက် ရက်စက်ယုတ်မာတဲ့ အာဏာရှင်စနစ်က လွတ်မြောက်ချင်တာအမှန်ပဲ” ဟု ကနီမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။


ဖေဖော်ဝါရီ ၁နောက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းရာနေရာများဖြစ်သည့် စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ်က ရက်စက်စွာဖြိုခွင်းရာ ဧပြီလဆန်းမှစတင်၍ ဒေသခံတို့က ရိုးရာလက်လုပ် တူမီးသေနတ်များသုံး၍ ပြန်လည်ခုခံကြသည်။


ပြီးခဲ့သည့် ဇွန် ၁၉ ကပင် ကနီမြို့နယ်၊ ကင်းရွာသို့ တပ်မ ၉၉ မှ စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များ ဝင်ရောက်လာကာ အရပ်သား ၉ဦးကို ဓားဖြင့်မွှန်း၍ နှိပ်စက်သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သေးသည်။


သို့သော် စစ်ကောင်စီတပ်က ရွာသို့မဝင်ဘဲ ဒေသခံတို့ တိမ်းရှောင်နေသည့် တောအတွင်း စီးနင်းရှာဖွေ သတ်ဖြတ်မှုမှာ ယခုဖြစ်စဉ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။


ကနီမြို့နယ်အတွင်း အစုအလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများနှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်ကို မေးမြန်းနိုင်ခြင်းမရှိသေးသလို ယနေ့(ဇူလိုင်၁၃) မွန်းလွဲပိုင်းအထိ သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာ မရှိသေးပေ။


ကနီမြို့နယ်နှင့် ပတ်သက်သည့် ဇွန် ၁၉ ထုတ်ပြန်ချက်တွင်မူ မိချောင်းတွင်းကျေးရွာအနီးတွင် "အကြမ်းဖက်သူများ"က လက်လုပ်မိုင်း၊ တူမီးသေနတ်များဖြင့် တိုက်ခိုက်သည်ဟု စစ်ကောင်စီက ဖော်ပြထားသည်။


အကြမ်းဖက်သူမှာ စစ်ကောင်စီတပ်များဖြစ်သည်ဟု ယင်းရွာမှ အမျိုးသားတစ်ဦးက တုံ့ပြန်သည်။


“ပြည်သူတွေကို မတရားအနိုင်ကျင့်ရက်စက်သွားတဲ့ဟာ ကျွန်တော်တို့က ကျေလည်းမကျေနပ်ဘူး။ သေသည်အထိလည်း မကျေနပ်ဘူး။ ဒီကောင်တွေကို နောက်ဆုံးထိ ပြန်ပြီးတော့ အနိုင်ယူနိုင်အောင် တိုက်ခိုက်သွားမှာပဲ”ဟု ယင်းရွာမှာ အဆိုပါ ဒေသခံက ပြောသည်။

https://www.myanmar-now.org/mm/news/7429


Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...