Skip to main content

၂၀၂၁-၀၇-၁၉

 မြောက်ဒဂုံတွင် စစ်ကောင်စီက ကိုဗစ် လူနာ ဟန်ဆောင်ကာ စေတနာ့ဆရာဝန် ၅  ဦးကို ဆက်သွယ်ခေါ်ယူပြီး ပရဟိတကျန်းမာရေးရုံးခန်းကို ဝင်စီးနင်းဖမ်းဆီး ၊ အောက်စီဂျင်အိုးနှင့် ဆေးပစ္စည်းများကိုလည်း လုယူသွား


ရန်ကုန်၊ ဇူလိုင် ၁၉ 


ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပြည်သူများကို ကိုဗစ် ၁၉ရောဂါ ကုသပေးနေသည့် ဆရာဝန် ၅ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လူနာ ဟန်ဆောင်ကာ ခေါ်ဆောင်ပြီး ဖမ်းဆီးကာ ၎င်းတို့ တည်နေရာကို မေးမြန်းပြီး ဝင်ရောက် စီးနင်းမှု လုပ်ဆောင်ခဲ့ကြောင်း မြောက်ဒဂုံတွင် ကိုဗစ် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများပေးနေသည့် ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုချမ်းလေးကပြောဆိုသည်။


ထိုသို့ အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ ကိုဗစ်ဖြစ်ပွားနေသည့် ပြည်သူများကို အွန်လိုင်း ကုသရေးလမ်းညွှန်ပေးနေသည့် ဆရာဝန် ၂ဦးနှင့် မြေပြင်ကုသရေး စေတနာ့ဝန်ထမ်း ဆရာဝန် ၃ဦး စုစုပေါင်း ဆရာဝန် ၅ ဦးတို့ကို  ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 


“မနက်က မြောက်ဒဂုံတွင်းမှာ ကိုဗစ်ပြတဲ့ လူနာလမ်းကြောင်းပေါ့။ ၉နာရီကျော်ကျော်လောက်က လူနာပြဖို့ဆိုပြီးတော့ ဆက်သွယ်လာတယ်။ အကူအညီပေးဖို့ကို ကျွန်တော်တို့ကို တည်နေရာပြပေးတယ်။ အဲလို အကူအညီတောင်းခံလာတဲ့ အပေါ်မှာ ဒီကနေပြီတော့မှ ဆရာတွေက ဦးဆောင်ပြီးတော့ မြေပြင်ကုသရေးအဖွဲ့က သွားရောက်တယ်။ အဲလိုသွားရောက်ကုသတဲ့ အခါမှာ ကျွန်တော်တို့ အထိုင်ရုံးနဲ့ ဆက်သွယ်ရေး ပျက်သွားတယ်ပေါ့။ ဆရာဝန် Leader ၃ယောက်ကနေပြီးတော့မှ ပါသွားတယ်။ ဒါပေမယ့် လွတ်မြောက်သွားတဲ့ အကူပေးတဲ့ စေတနာ့ဝန်ထမ်း သူကပြောတာ ဖြစ်စဉ်ဘယ်လိုမျိုးလည်းဆိုတော့ ကူညီပေးဖို့ ခေါ်တဲ့ အိမ်ကိုရောက်တော့ ဘယ်လိုဖြစ်လဲဆိုတော့ ဟိုရောက်တော့ လူနာမဟုတ်ဘဲနဲ့ သူတို့ရောက်လာတာနဲ့ ရုတ်တရက် ထပြီးတော့ တံခါးပိတ်လိုက်တယ်။ သူအိမ်က နှစ်ထပ်ရှိတယ်တဲ့ အပေါ်ဆုံးထိပ်ကို ခေါ်သွားတယ်။ သူကအောက်တွေမှာ တံခါးတွေ ပိတ်လိုက်ပြီးတော့မှ ဟိုမှာကျတော့ ရပ်ကွက်က လူကြီးလို့လည်း ထင်ရတဲ့ သူတွေနဲ့ စစ်တပ်က သူတွေနဲ့ အပေါ်မှာစောင့်နေတယ်ပေါ့။ စောင့်ပြီးတော့မှ အကုန်လုံးကို ဖမ်းလိုက်တယ်ပေါ့။ ဖမ်းပြီးတော့ ယာယီရုံးထိုင်တဲ့ နေရာကိုမေးတယ်ပေါ့။ သူတို့ဝင်ဖမ်းတဲ့ အချိန်မှာ ကျွန်တော်တို့ စေတနာ့ဝန်ထမ်း တစ်ယောက်ကနေပြီးတော့ အောက်မှာကျန်ခဲ့တယ်။ အပေါ်မှာ ရုတ်ရုတ်ဖြစ်နေတာ တွေ့တော့ လှမ်းမြင်လိုက်တော့ သူကနေ အတင်းကားနဲ့ မောင်းပြေးတယ်ပေါ့။ ပြေးပြီးတော့ ရုံးကိုလာအသိပေးတုန်းရှိသေးတယ်။ အထိုင်ရုံးကို သူတို့ (အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ) ချက်ချင်းရောက်လာပြီးတော့မှ ရုံးမှာ Online ကုသမှုပေးနေတဲ့ ဆရာဝန် ၂ယောက်ကို လာပြီးတော့မှ ကျွန်တော်တို့က ရွှေ့ပြောင်းဖို့အတွက် ဆောင်ရွက်နေတုန်းရှိသေးတယ်။ ရောက်ချလာတဲ့ အတွက် ကိုယ်လွတ်ရာ အမြန်ရှောင်တိမ်းလိုက်တယ်။ ဒါပေမယ့် အထိုင်ဆရာဝန် ၂ယောက်က သူတို့ လိုအပ်တဲ့ဟာတွေ ယူဆောင်ပြီး ထွက်ခွာနေတုန်းရှိသေးတော့ ချက်ချင်းဖမ်းဆီးခံရပြီး ပါသွားတယ်ပေါ့” ဟု ကိုချမ်းလေးကပြောဆိုသည်။ 


အဆိုပါ မြောက်ဒဂုံတွင် ကိုဗစ် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများပေးနေသည့်ရုံးခန်း တည်နေရာသည် ၄၆ ရပ်ကွက်တွင် တည်ရှိခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယင်းရုံးခန်းသို့ ဝင်ရောက် ဖမ်းဆီးစဉ် ပြည်သူများ လှူဒါန်းထားသည့် အောက်စီဂျင် ၄ဝလီတာ ၅အိုး၊ ၁၅ လီတာအိုး ၁၈အိုး အောက်စီဂျင်အိုး ပစ္စည်းအစုံ ၁၂စုံနှင့် PPE များ ဆေးဝါးပစ္စည်းများကို တရားမဝင်ကြောင်းပြောဆိုကာ ယူဆောင်သွားကြောင်း ကိုချမ်းလေးပြောဆိုချက်အရ သိရသည်။ 


လက်ရှိချိန်တွင် ဖမ်းဆီးခံရသော ဆရာဝန်များအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးဘဲ အဆက် အသွယ် ပြတ်နေပြီး ပြည်သူများကို ကိုဗစ် ရောဂါကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် ထပ်မံကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။


မန္တလေးမှ CDM လုပ်နေတဲ့ နာမည်ကျော်  ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသက်ဌေးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွား


ရန်ကုန်၊ ဇူလိုင် ၁၉ 


မန္တလေးမှာ CDM လုပ်နေတဲ့ နာမည်ကျော် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသက်ဌေးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင်လ ၁၆ ရက်နေ့မှာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မန္တလေး ကျန်းမာရေးအသိုင်းအ၀ိုင်းက ဒီနေ့ တရားဝင် သတင်းထုတ်ပြန်ပါတယ်။ 


မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကြောင့် တစ်နေ့လျှင် လူပေါင်း ထောင်နဲ့ချီ အသက်ဆုံးရှုံးနေစဉ်မှာပဲ မန္တလေးမြို့က နာမည်ကြီး ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာသက်ဌေးကို အကြမ်းဖက် စစ်ကောင်စီက ဇူလိုင်လ ၁၆  ရက်နေ့မှာ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊   ဖမ်းဆီးခံရချိန်မှာ ဒေါက်တာသက်ဌေးဟာ ဆေးရုံတစ်ခုက လူနာတစ်ဦးကို သွားရောက်ကြည့်ရှုကုသမှုပေးပြီး အိမ်အပြန်လမ်းမှာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ 


 CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီယန္တရား ရပ်ဆိုင်းသွားချိန် ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ဒေါက်တာသက်ဌေးဟာ ပရဟိတဆေးခန်းများ၊ ဆေးရုံများမှာ လူနာများကို အခမဲ့ ကြည့်ရှုကုသ ခွဲစိတ်ပေးနေတဲ့ ဆရာဝန်ကြီး တစ်ဦးဖြစ်ကြောင်း၊  နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းမှုတွေကြောင့် ဒဏ်ရာရသူ ပြည်သူများကိုလည်း တောက်လျှောက်ပြုစုကုသပေးနေခဲ့တဲ့ ဆရာဝန်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ 


၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း မန္တလေးမြို့က သပိတ်အင်အားစုများကို စစ်ကောင်စီက နေ့ရော ညပါ ရက်ရက်စက်စက် ဖြိုခွင်းချိန်များမှာ ဒေါက်တာ သက်ဌေးဟာ ဒဏ်ရာရလူနာများအတွက် ၂၄ နာရီ ပတ်လုံး အမြဲအဆင်သင့်ရှိနေခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 


ညဘက် သန်းခေါင်သန်းလွှဲ ကာဖျူးထုတ်ထားချိန် စစ်ကောင်စီတပ်များက တစ်လမ်းဝင် တစ်လမ်းထွက် ပစ်ခတ်နေချိန်တွေမှာ ဒေါက်တာသက်ဌေးဟာ သူ့ရဲ့ ကိုယ်ပိုင်ကားလေးကို တယောက်တည်းမောင်းမောင်းပြီး အရေးပေါ်လူနာများရှိရာကို အရောက်သွားကာ ပြုစုကုသပေးခဲ့သူလည်းဖြစ်ပါတယ်။ 


ဒေါက်တာသက်ဌေးဟာ လူနာများကို ပြုစုကုသမှုအတွက် ကြိုးစားခဲ့ရုံမက အရေးတော်ပုံကာလအတွင်း ဆေး နှင့် နှီးနွယ် ကျောင်းသား ကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက်ကိုလည်း တက်တက်ကြွကြွ ပါဝင်ခဲ့သူလည်း ဖြစ်ပြီး အချိန်ရရင် ရသလို အနီးအနားက တပည့်များကို စာသင်ပေးသလို online platform ကို အသုံးချပြီးလည်း တန်ဖိုးရှိသော lecture များကိုလည်း စဉ်ဆက်မပြတ်ပို့ချခဲ့နေသူဖြစ်တယ်လို့ မန္တလေးကျန်းမာရေးအသိုင်းအ၀ိုင်းက သတင်းထုတ်ပြန်ပါတယ်။


ဒေါက်တာသက်ဌေးက ဆေးတက္ကသိုလ် (မန္တလေး) မှာ အသည်း၊ သည်းခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကု ဘာသာရပ်ကို ဆေးပညာပါရဂူဘွဲ့ ရရယူဖို့ သင်တန်းတက်ရောက်နေတဲ့ အထူးကုဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။


ဒေါက်တာသက်ဌေး အဆိုပါသင်တန်းကို မတက်ရောက်ခင်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးရုံကတော့ မိုးကုတ်မြို့၊ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး ဖြစ်ပါတယ်။


Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...