Skip to main content

ကိုဗစ်ကြောင့် သေဆုံးမှု့

 “ မြန်မာနိုင်ငံမှာ Covid-19 ကြောင့် လူဘယ်လောက် သေခဲ့ပြီလဲ။”

စစ်ကောင်စီ လက်အောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၂ ရက်နေ့ည ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇၂၅၃ ခုကို စစ်ဆေးရာမှာ ကိုဗစ် ကူးစက်ခံရသူ ၆၇၀၁ ယောက်၊ သေဆုံးသူ ၃၁၉ ယောက်ရှိခဲ့တယ်၊ ဒါကြောင့် အဲဒီအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူ စုစုပေါင်း ၂၅၃၃၆၄၊ သေဆုံးသူ စုစုပေါင်း ၆၁၃၃ ယောက် ရှိပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သတင်းဌာန အများစုကြီးကတော့ အဲဒီ ကူးစက်ခံလူနာ အရေအတွက်၊ သေဆုံး အရေအတွက်တွေကို မယုံကြည်ကြပါဘူး။ ကိုဗစ်ကြောင့် သေဆုံးသူတွေကို မီးသင်္ဂြိုဟ်ဖို့ သုသာန်တွေကို ကူညီပြီး ပို့ဆောင်ပေးနေတဲ့ ပရဟိတ လုပ်နေသူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး သေဆုံးသူ အရေအတွက် အဲဒီထက် အများကြီး များနိုင်တယ် ဆိုတာမျိုး ပြောဆို ထုတ်လွှင့်ကြရပါတယ်။ ဒါပေမယ့် စာရင်းအချက်အလက် တိတိကျကျ မရကြတာကြောင့် သေဆုံးသူ အရေအတွက် တိတိကျကျ ဒါမှမဟုတ် အနီးစပ်ဆုံး ခန့်မှန်းပြောဆိုဖို့တောင် ခက်ခဲနေတာ တွေ့နိုင်ပါတယ်။ တိုက်ဆိုင်တယ်လို့ ဆိုရမလား၊ ရန်ကုန်က သေဆုံးမှု၊ အဲဒါနဲ့ တဆက်တစပ်တည်း မြန်မာနိုင်ငံက သေဆုံးမှုတွေကို အကြမ်းဖျဉ်း တွက်ချက် ခန့်မှန်းလို့ ရနိုင်မယ့် ကိန်းဂဏန်း သတင်းအချက်အလက် တစ်ချို့ စစ်တပ်ပိုင် မြဝတီရုပ်သံနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက် ကနေ ထွက်ပေါ်လာပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ သတင်းကတော့ ဒီလိုပါ။

    ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က ရန်ကုန်တိုင်း စစ်ကောင်စီ ဥက္ကဌ နဲ့ စစ်တိုင်းမှူးတို့ ပါဝင်တဲ့ အဖွဲ့ဟာ မြောက်ဥက္ကလာ မြို့နယ်က ရေဝေးသုသာန်ကို သွားပြီး အလောင်းတွေ သင်္ဂြိုဟ်ပေးနေမှု စနစ်တကျ ရှိမရှိ သွားပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို သွားရောက် စစ်ဆေးရာမှာ ပြီးခဲ့တဲ့ ရက်တွေက လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့သလို အလောင်းတွေ တန်းစီနေတာ၊ စုပုံနေတာမျိုး မတွေ့ရပဲ စနစ်တကျ ရှင်းလင်းနေတာကို တွေ့ရတဲ့အကြောင်း မြဝတီရုပ်သံမှာ ကြေညာ၊ပြသ ခဲ့ပါတယ်။ အလောင်းတွေ ရောက်ရှိလာမှု၊ မီးသင်္ဂြိုဟ်ပေးနေမှု အခြေအနေတွေကိုတော့ ရန်ကုန်မြို့တော် စည်ပင် တာဝန်ရှိသူတွေက ရှင်းပြခဲ့ကြပါတယ်။

    စာရင်းဇယားတွေနဲ့ ရှင်းပြချက်တွေအရ ရန်ကုန်မြို့ စည်ပင်သာယာဌာန လက်အောက်မှာ ရေဝေး၊ ထိန်ပင်၊ ကျီစု၊ ကျူချောင်၊ ဒလ၊ ဆိပ်တို၊ ဆိပ်ကြီး လို့ဆိုတဲ့ သုသာန် ၇ ခုရှိတဲ့အကြောင်း၊ အဲဒီ သုသာန်တွေမှာ ပုံမှန်အားဖြင့် တစ်ရက်ကို စုစုပေါင်း ရုပ်အလောင်း ၁၁၀- ၁၂၀ ဝန်းကျင် ကိုင်တွယ် မီးသင်္ဂြိုဟ် ပေးရတဲ့အကြောင်း၊ ပူပြင်းတဲ့ နွေရာသီ မတ်၊ ဧပြီ၊ မေ လတွေမှာတော့ ၁၃၀-၁၄၀ အထိ ကိုင်တွယ်ပေးရတယ်လို့ ဆိုပါတယ်။ ကိုဗစ် First wave၊ Second wave ဖြစ်ပွားခဲ့တဲ့ ကာလတွေက ရိုးရိုး ရုပ်အလောင်းတွေရော ကိုဗစ်ကြောင့် သေဆုံးတဲ့ အလောင်းတွေပါ အများဆုံး အနေနဲ့ တစ်ရက် စုစုပေါင်း ၁၄၀ လောက်အထိ ကိုင်တွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခု ကိုဗစ် တတိယလှိုင်းမှာတော့ အစကတည်းက အလောင်း ၁၄၀-၁၅၀ လောက် သင်္ဂြိုဟ် ပေးနေရပြီး ဇူလိုင် ၁၁ ရက်နေ့မှာတော့ ၅၆၂ လောင်းဖြစ်လာသလို ဇူလိုင် ၁၈ ရက်နေ့မှာတော့ ညနေ ၄ နာရီအထိ စုစုပေါင်း ၁၂၃၄ လောင်း လက်ခံထားရပြီလို့ ဆိုပါတယ်။ အဲဒီထဲမှာ Dead Certificate ဖော်ပြချက်အရ ကိုဗစ်ကြောင့် သေဆုံးတဲ့အလောင်း ၁၆၉ လောင်း ပါတယ်လို့ ပြောပါတယ်။

    သူတို့အနေနဲ့ အလောင်း ၁၀၀ ဝန်းကျင် ကိုင်တွယ်နေခဲ့ရတဲ့ ပုံမှန်အချိန်တုန်းက ဝန်ထမ်းအင်အား စုစုပေါင်း ၁၀၀-၁၅၀ ဝန်းကျင်လောက်နဲ့ လုပ်ငန်းတွေ လည်ပတ်ခဲ့ကြောင်း၊ နောက်ပိုင်း အလောင်းတွေ ရုတ်တရက်များလာလို့ ဝန်ထမ်းအင်အားကို ၁၇၅ ယောက်အထိ တိုးချဲ့ပြီး ဇူလိုင် ၈ ရက်နေ့အထိ အဆိုင်း ၂ ဆိုင်းနဲ့ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း၊ နောက်ပိုင်း အလောင်း အလွန်များလာလို့ ဝန်ထမ်းအင်အား ၃၅၀ ကျော်နဲ့ အဆိုင်း ၃ ဆိုင်းခွဲပြီး အလုပ်လုပ်နေကြောင်း၊ ဒီလို အလောင်းတွေများလာလွန်းလို့ ရေဝေးနဲ့ ထိန်ပင်သုသာန်မှာ မီးသင်္ဂြိုဟ်တဲ့ ၅ ပေါက်တွဲ ဖို ၂ ဖို တိုးချဲ့တည်ဆောက်ဖို့ အထက်က ညွှန်ကြားထားတယ်ဆိုတဲ့အကြောင်း ရှင်းပြကြပါတယ်။ 

သတင်း တစ်ခုလုံးကို ခြုံငုံပြောရရင် ဒီ ကိုဗစ် တတိယလှိုင်းကာလ ရန်ကုန်မှာ လူသေဆုံးမှုဟာ သူတို့ ပုံမှန်ကိုင်တွယ်နေတဲ့ အရေအတွက်ထက် ၁၀ ဆ လောက် များလာတယ်၊ သူတို့ကိုယ်တိုင်လည်း လူအင်အား ၃ ဆ ကျော်လောက်တိုး၊ အလုပ်ကိုလည်း ၃ ဆိုင်းခွဲပြီး လုပ်ကြရတယ်၊ ဒါပေမယ့် Dead Certificate အရ ကိုဗစ်ကြောင့် သေသူ ၁၆၉ လောင်းပဲ ရှိတယ်လို့ ဆိုတာပါ။

အဲဒီမှာ ဖော်ပြတဲ့ ကိန်းဂဏန်းတွေကို ပြန်ဆန်းစစ်ရင် အခု တစ်နှစ်အတွင်း ပျမ်းမျှ တစ်ရက် လူသေဆုံးမှု ၁၁၀-၁၂၀၊ ကိုဗစ် First wave၊ Second wave ဖြစ်ပွားခဲ့တဲ့ ကာလတွေက ရိုးရိုး ရုပ်အလောင်းတွေရော ကိုဗစ်ကြောင့် သေဆုံးတဲ့ အလောင်းတွေပါ အများဆုံး အနေနဲ့ စုစုပေါင်း ၁၄၀ လောက်အထိ ကိုင်တွယ်ခဲ့ရတယ်လို့ ဆိုထားတဲ့အတွက် ကိုဗစ် ဒုတိယလှိုင်း လူသေပျောက်မှု အခြေအနေနဲ့ ပြန်တိုက်ကြည့်ဖို့ လိုပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကာလ သေဆုံးမှု အမြင့်ဆုံးဟာ ၂၀၂၀ အောက်တိုဘာ ၁၁ ရက်နေ့ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး စုစုပေါင်း သေဆုံးသူ ၄၈ ယောက်ရှိပါတယ်။ အဲဒီအချိန် ကိုဗစ် ဖြစ်ပွားမှုမှာ ရန်ကုန်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ ၅၀% ဝန်းကျင် ရှိနေတာမို့ သေဆုံးမှုကိုလည်း ၂၅- ၃၀ လို့ ခန့်မှန်းနိုင်ပါတယ်။ အဲဒီ အရေအတွက် ပေါင်းပါမှ ရန်ကုန်က လူသေဆုံးမှု စုစုပေါင်း ၁၄၀ လောက် ရောက်ခဲ့တဲ့ သဘောဖြစ်ပြီး ကိန်းဂဏန်းတွေ မှန်ကန်မယ်လို့ ယူဆ နိုင်ပါတယ်။

လတ်တလော စည်ပင်ရဲ့ စာရင်းကို ပြန်ကြည့်ရင် ဇူလိုင် ၁၁ ရက် သင်္ဂြိုဟ်ပေးရတဲ့ အရေအတွက် ၅၆၂ လောင်းဖြစ်လာတာမို့ ပုံမှန် သင်္ဂြိုဟ်ပေးရတဲ့ အရေအတွက် အမြင့်ဆုံး အနေနဲ့ အလောင်း ၁၂၀ ထားပြီး တွက်ရင် ပုံမှန်မဟုတ်တဲ့ သေဆုံးမှု၊ ဒါမှမဟုတ် ကိုဗစ်ကြောင့် သေဆုံးသူ ၄၄၀ ကျော်ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် စစ််ကောင်စီ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်တဲ့ စာရင်းမှာတော့ အဲဒီနေ့ ရန်ကုန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၁ ယောက်ပဲ ရှိတယ်လို့ ဆိုထားတဲ့အတွက် အဆပေါင်းများစွာ ကွာဟ နေတာ တွေ့နိုင်ပါတယ်။ အလားတူ ဇူလိုင် ၁၈ ရက် သင်္ဂြိုဟ်ပေးရတဲ့ အရေအတွက် ၁၂၃၄ လောင်းဖြစ်တာမို့ ပုံမှန် သင်္ဂြိုဟ်ပေးရတဲ့ အရေအတွက် အမြင့်ဆုံး အနေနဲ့ အလောင်း ၁၂၀ ထားပြီး တွက်ရင်တောင် ပုံမှန်မဟုတ်တဲ့ သေဆုံးမှု၊ ဒါမှမဟုတ် ကိုဗစ်ကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အဲဒီနေ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ရန်ကုန်မှာ ကိုဗစ်နဲ့ သေဆုံးသူ ၆၈ ယောက်ပဲ ရှိတယ်လို့ ဆိုထားတဲ့အတွက် ဒါကလည်း အဆ အများကြီးကွာခြားနေတဲ့ သက်သေ အထောက်အထား ဖြစ်ပါတယ်။ စည်ပင်ရဲ့ ပြောကြားချက် အဲဒီနေ့ Dead Certificate အရ သေသူ ၁၆၉ လောင်း ရှိတယ်လို့ ဆိုထားပြန်တာမို့ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့ ရန်ကုန်စည်ပင် ထုတ်ပြန်ချက် ကိန်းဂဏန်းတွေမှာတောင် တူညီမှု ရှိမနေတာ တွေ့ရပါတယ်။ တဆက်တည်း ပြောရရင် ကိုဗစ်ကြောင့် သေဆုံးမှု အရေအတွက်ဟာ ရန်ကုန်တိုင်း စာရင်းမှာ အဆပေါင်း များစွာ ကွာဟနေပြီဖြစ်သလို၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်လည်း အဆ အများကြီး ကွာခြားနေမှာကတော့ အသေအခြာပါပဲ။

ဒီနေရာမှာ လက်ရှိ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် ကိန်းဂဏန်းတွေကို WHO လိုအဖွဲ့အစည်းမျိုး၊ Woldometer လိုမျိုးမှာ ဖော်ပြနေသေးပေမယ့် မှန်ကန်တဲ့ ကိန်းဂဏန်းတွေလို့ မဆိုနိုင်တော့ပါဘူး။ နေ့စဉ် တကယ် ကူးစက်နေတဲ့ ကိန်းဂဏန်း၊ တကယ်သေဆုံးနေတဲ့ ကိန်းဂဏန်းဟာ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေထက် အဆ အများကြီး ပိုများနေတာမို့ လူဦးရေ အချိုးအစားနဲ့ တွက်ရင် ကမ္ဘာပေါ်က နေ့စဉ် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး၊ ကိုဗစ်ဒဏ်ကို အခံရဆုံး နိုင်ငံတွေစာရင်း ဝင်လောက်ပါတယ်။ (a) ဒါဟာ လက်ရှိ မြန်မာနိုင်ငံကို အာဏာရယူ အုပ်ချုပ်နေတဲ့ စစ်ကောင်စီ အနေနဲ့ ကိုဗစ် ပြသနာကို ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်း မရှိတာကို ပြသနေတဲ့ သဘောလည်း ဖြစ်တာမို့ လိုအပ်ရင် နိုင်ငံတကာ အကူအညီ တောင်းခံဖို့တောင် လိုနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီ အနေနဲ့ လက်ရှိ အခြေအနေ ခုလောက် ဆိုးရွားနေတာကို အသိအမှတ် ပြုထားခြင်း မရှိသလို၊ သူတို့ ကိုင်တွယ်လို့ မနိုင်ပါဘူး ဆိုတာမျိုးကိုလည်း ဝန်ခံမယ့် အနေအထား မရှိတာကြောင့် မြန်မာ့ ကိုဗစ် အခြေအနေ ခုထက် ပိုဆိုးဖို့ ရှိလာနိုင်ကြောင်းပါ။

စည်သူအောင်မြင့်။

VOA Burmese, ဇူလိုင် ၂၅ တနင်္ဂနွေည၊ ဇူလိုင် ၂၆ တနင်္လာ အသံလွှင့် အစီအစဉ်။ VOA Burmese FB မှာလည်း ဖတ်၊ နားထောင်၊ ကြည့်နိုင်။


နောက်ဆက်တွဲ

၂၀၂၁၊ ဇူလိုင် (၁၈) ရက်နေ့ ကိုဗစ်ကြောင့် သေဆုံးသူ

နိုင်ငံ        လူဦးရေ၊သေဆုံးသူ     လူတစ်သန်းမှာ

အမေရိကန်    ၃၃၃သန်း၊ ၁၁ဝဦး။    -၀.၃၃ ဦးနှုန်း။

အိန္ဒိယ        ၁၃၉၄    -၅၀၁        -၀.၃၅    

ဘရာဇီး         ၂၁၄    -၉၃၉        -၄.၃၈

အင်ဒိုနီးရှား    ၂၇၆    -၁၀၉၃        -၅.၂၅

ဖိလစ်ပိုင်        ၁၁၁    -၁၁၇        -၁.၀၅

ထိုင်း               ၇၀    -၁၀၁        -၁.၄၄

ဘင်္ဂလားဒေ့ရှ်    ၁၆၆    -၂၂၅        -၁.၃၅

မြန်မာ               ၅၄    -၁၆၀၀        -၂၉.၆ ဦးနှုန်း။

(မြန်မာ၊ လူတစ်သန်းမှာ သေနှုန်းဟာ အမြင့်ဆုံး ဆိုတဲ့ အင်ဒိုနီးရှားရဲ့ ၅ ဆကျော် ရှိနေတာကိုကြည့်ရင် ကိုဗစ်ကြောင့် သေသူ ဘယ်လောက် များနေသလဲ၊ ဘယ်လောက် ထိတ်လန့်ဖို့ ကောင်းနေသလဲ ခန့်မှန်းနိုင်ပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ အဲဒီနေ့ သေသူ ၃၁၉ ယောက်ပဲ ရှိခဲ့ပါသတဲ့။ )


စည်သူအောင်မြင့်

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...