တူမီးကိုင် ပြည်သူတချို့ရှိနေသည့် တလုပ်မြို့အနောက်ပိုင်း မြို့မကျေးရွာ၊ ရွာတံခါးအနီးတွင် စစ်ကောင်စီတပ် ရောက်လာပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
Myanmar Now
မြင်းခြံခရိုင်၊ တလုပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်ရန် ကြိုးပမ်းရာ မြို့ခံများက တူမီးသေနတ်များဖြင့် ပြန်လည်ခုခံသဖြင့် ယနေ့ (မေ ၁၁) နေ့လယ် ၂ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
မြင်းခြံမြို့နှင့် ၇ မိုင်ကွာဝေးသော တလုပ်မြို့၊ မြို့မရွာရှိ ရွာအဝင် တံခါးအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး မောင်းပြန်သေနတ်ကိုင်ထားကြသော စစ်ကောင်စီတပ်များဘက်မှ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိသည်ဟု ရွာခံများက ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
“ရွာသားတွေ ရှိတဲ့လက်နက်နဲ့ ပစ်ပြီးတော့ ငြာသံပေးပြီး ဝိုင်းအော်ပြီးတော့ တောင့်ခံထားတယ်။ သူတို့က သေနတ်နဲ့တော့ ဆက်တိုက်ဆွဲနေတာပဲ။ တစ်ချက်ချင်းပစ်တာလည်း ရှိတယ်။ အဲဒါတွေကတော့ တောက်လျှောက် ရာဂဏန်းလောက် ရှိသွားပြီ ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ညနေ ၃ နာရီအထိအခြေအနေကို ပြောသည်။
ဒေသခံ အမျိုးသားနှစ်ဦး လက်မောင်း ကျည်ထိထားပြီး ကုသမှုခံယူနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရှေ့တိုးမလာသေးဟု နောက်ထပ် ဒေသခံရွာသားတစ်ဦးက ပြောသည်။
“လူထုဘက်မှာ ခံတပ်ရှိတယ်။ သူတို့က သတ်ကွင်းထဲမှာပေါ့။ ဘာလို့ဆို အဲ့ဘက်မှာ တောတွေ လျှိုတွေ မရှိဘူးဗျ။ ယာခင်းပြင်ဆိုတော့။ ကားလမ်းပေါ်မှာ။ မြင်းခြံမြို့က ထွက်လို့ရှိရင် တလုပ်မြို့ အောက်လမ်းခေါ်တာပေါ့… အခုကတော့ အသံမကြားရသေးဘူး။ သူတို့လည်း ရှေ့မတိုးရဲဘူး။ ရှေ့တိုးရင်လည်း သူတို့က သတ်ကွင်းထဲမှာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ခန့်မှန်းအင်အား ၁၅၀ ခန့်သည် မြို့မရွာရှိ မြို့အဝင်တံခါးအနီး ရောက်ရှိလာပြီး မြို့မကျေးရွာကို ဝင်စီးရန် ကြိုးစားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
တလုပ်မြို့သည် ရွာလေးရွာ စုပေါင်းထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ မြို့မကျေးရွာတွင် အမျိုးသမီး၊ ကလေးသူငယ်နှင့် အဘိုးအဘွားများ စစ်ဘေးတိမ်းရှောင်နေရသည်။
အိမ်ခြေ ၁၄၀၀ ကျော်၊ လူဦးရေ တစ်သောင်းကျော်ခန့်ရှိသည့် မြို့မကျေးရွာတွင် အအသက် ၁၈ နှစ်နှင့် ၅၀ ကြား အမျိုးသားများသာ ကာကွယ်ရေးအတွက် နေရစ်ခဲ့ကြောင်း ရွာခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က မြို့မကျေးရွာသို့ ဝင်ရောက်ရန် ဧပြီနှင့် မေလကုန်ခန့်ကလည်း ကြိုးပမ်းဖူးပြီး တူမီးရှိသူတို့က ခုခံသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်ပြန်ခဲ့ရသည်။ ယနေ့ ထပ်မံဝင်ရောက်ရန် ကြိုးပမ်းမှုမှာ တတိယအကြိမ် ဖြစ်ကြောင်း ဒေသခံရွာသားက ပြောသည်။
“သူ့တို့ ရွာထဲထိ ဝင်လို့မရသေးဘူး။ ရရင်တော့ သူတို့ ဘယ်လိုလုပ်မလဲ မပြောတတ်ဘူး။ လောလောဆယ်တော့ ခဏနေလိုက်၊ ပြန်ပစ်လိုက် လုပ်နေတယ်။ ရွာရဲ့အရှေ့ဘက်က တမျိုး၊ တောင်ဘက်က တမျိုး အဲလိုမျိုး လှည့်ပတ်ပစ်နေတယ်။ ဟိုဘက်က ခြောက်လိုက်၊ ဒီဘက်က ခြောက်လိုက်နဲ့ လုပ်နေတုန်းပဲ” ဟု ရွာသားတစ်ဦးက ညနေ ၄ နာရီခွဲခန့်ရှိ တိုက်ပွဲအခြေအနေကို ပြောပြသည်။
လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားများ ရောက်ရှိနေသော မြင်းခြံဒေသအခြေအနေနှင့် ပတ်သက်ပြီး အများက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်သတ်လေ့ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသတချို့တွင် အမဲလိုက်သေနတ်ဖြစ်သော တူမီးကိုင်ခုခံသူများနှင့် ရင်ဆိုင်ရတတ်သည်။ ထိုသို့ ခုခံသော ဒေသများကို ဝင်ရောက်စီးနင်းကာ ဒေသခံတို့ကို ပစ်ခတ်ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ လက်နက်ရှာဖွေခြင်းများ ပြုလုပ်လျက်ရှိသည်။
မြင်းခြံခရိုင်အတွင်း ကျေးရွာများတွင် မကြာခဏဆိုသလို တူမီးသေနတ်၊ ထင်းခုတ်ဓားတို့ကို ရှာဖွေသိမ်းယူပြီး ဒေသခံတို့တွင်ရှိသည့် စားသောက်ရန် မွေးမြူထားသော တိရစ္ဆာန်များ၊ ရွှေ၊ ငွေနှင့် အဖိုးတန်ပစ္စည်းများကို ခိုးယူလုယက်ကြသည်။
ဆန္ဒပြသူ၊ ဆန့်ကျင်ကန့်ကွက်သူတို့ကို ချေမှုန်းစဉ် ကျူးလွန်သော လုယက်မှု၊ ခိုးယူမှု စသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြန်လည်ချေပလေ့ မရှိပေ။
အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြခြင်း၊ ရဲနှင့် စစ်သားတို့ကို ခုခံခြင်းတို့ကို ပြုလုပ်ပါက ဆူပူသောင်းကျန်းသူအဖြစ် တံဆိပ်ကပ်လေ့ရှိသည်။
........
Thein Myat
11.5.21 17:20 pm.
Breaking News
အခုဖြစ်နေဆဲသတင်း
မြင်းခြံမြို့မြောက်ဘက် တလုတ်မြို့ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မွန်းလွဲပိုင်းမှာ ကား ၁၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ကား ၁၀ စီးနဲ့ တလုတ်မြို့ကျေးရွာကို ပတ်ပတ်လည်း ဝိုင်းထားပြီး ရွာတောင်ဘက် တံခါးပေါက်မှာ ကား ၂ စီးနေရာယူထားပါတယ်။
ရွာပတ်ပတ်လည်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ရာမှာ ရွာသားနှစ်ဦး လက်မောင်းကို ကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့လည်း တခြားရွာသားတယောက်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။ ရွာတောင်ဘက်တံခါးအနီးမှာထောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲတဲ့အတွက် စစ်ကောင်စီအဖွဲ့ဝင် စစ်သားတချို့ ဒဏ်ရာရခဲ့ကြတယ်လို့လည်း မျက်မြင်ရွာသားတယောက်ကပြောပါတယ်။ ဒဏ်ရာရသူ ၇ ဦးရှိပြီး အဲဒီအထဲက ၃ ယောက်ကို ဦးခေါင်းနဲ့ခြေထောက်ကနေ မယူတင်ဆောင်သွားခဲ့တဲ့အတွက် အသက်သေဆုံးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မြင်းခြံဆေးရုံကို ဒဏ်ရာရ စစ်သားတချို့ရောက်လာတယ်လို့လည်း ဆေးရုံနဲ့နီးစပ်သူတွေက အတည်ပြုပါတယ်။
မကြာခင်အချိန်တုန်းကတော့ စစ်တပ်က တလုတ်မြို့ကျေးရွာရဲ့တောင်ဘက်တံခါးကို ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ ရွာတောင်ဘက်မှာ တံခါး ၂ ထပ်ရှိတဲ့အနက် ပထမတံခါးကို ဖျက်ဆီးလိုက်တာပါ။
တချိန်တည်းမှာပဲ မြင်းခြံမြို့ပေါ်က ခရိုင်နဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်တပ်စွဲထားတဲ့အလင်းရောင်စာသင်ကျောင်း၊ ပညာရေးမှူးရုံး၊ မြင်းခြံတက္ကသိုလ်၊ စွန်းလွန်းရပ်ကွက်၊ ကံဦးရပ်ကွက်၊ စက်မှုဇုံတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။
အခုချိန်ထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။