Skip to main content

၂၀၂၁-၀၅-၁၁ စစ်ရေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာတွင် ယမန်နေ့ (မေ ၁၁) ညပိုင်း၌ စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယမန်နေ့ (မေ ၁၁ ) ည ၉ နာရီဝန်းကျင် သမင်ခြံကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်သည် ၎င်းရွာမှ အသက် ၃၅ နှစ်အရွယ် ကိုကျော်မြင့်ဆိုသူကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“သူက စိတ်ဝေဒနာ ခံစားနေရတာ။ အမြဲတမ်းဖောက်နေတာတော့ မဟုတ်ဘူး။ တခါတရံ ထထဖောက်တာ။ စစ်သားတွေကို ဆဲတယ်လို့ပြောတယ်။ အဲ့ဒီမှာ အိမ်ထဲထိ ဝင်ပစ်သွားတာ။ သေနတ်နဲ့ပစ်သတ်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သမင်ခြံကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။  

ပြီးခဲ့သည့် မေ ၆ ကတည်းက သမင်ခြံကျေးရွာနှင့် အနီးနားကျေးရွာများ၌ စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် သမင်ခြံကျေးရွာအတွင်း စစ်တပ်က တပ်စွဲထားလိုက်သည်။

ထို့နောက် ၎င်းရွာအတွင်း မကြာခဏဆိုသလို စစ်တပ်က နေအိမ်များကို ရှာဖွေမွှေနှောက်ပြီး ပစ္စည်းများပါ လုယက်ယူငင်နေ၍ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေသည်။ 

လူ နှစ်ထောင်ကျော်နေထိုင်သော သမင်ခြံကျေးရွာအတွင်း နေထိုင်သူမှာ အယောက် ၅၀ ဝန်းကျင်သာ ကျန်တော့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ကနီမြို့နယ် ကလေးဝ - ယာကြီး - မုံရွာ လမ်းမအနီး ကျေးရွာများနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကျေးရွာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များသည် စစ်တပ်နှင့် မေ ၆ မှ စတင်ကာ အပြန်အလှန်ပစ်ခတ်နေပြီး ဒေသခံတို့က တူမီးအပါအဝင် ရရာလက်နက်ဖြင့် ခုခံနေသည်။ 

ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တူမီးသေနတ်ရှာဖွေရန် အကြောင်းပြကာ စစ်တပ်က တစ်အိမ်တက်ဆင်း မွှေနှောက်ရှာဖွေကာ၊ ဒေသခံများကို ရိုက်နှက်စစ်ဆေးမေးမြန်းနေသည်။ 

မေ ၁၀ ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံအုပ်စု စိမ့်အင်တိုင်းရွာမှ အမျိုးသား  ၁၄ ဦးကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ တူမီးသေနတ်အကြောင်း စစ်ဆေးမေးမြန်းရိုက်နှက်ကာ ဖမ်းဆီးသွားသည်။

ယနေ့မနက်၌ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေကာ ဒေသခံ  ၃၀ ကျော်ကို ရိုက်နှက်စစ်ဆေးသည်ဟု သိရသည်။

“မနက်အစောကြီးကတည်းက သေနတ်ဖောက်ပြီး ရွာကို ဝင်နေတယ်။ အရပ်ဝတ်တွေလည်းပါတယ်။ လက်နက်ကြီးတွေလည်းပါတယ်။ အခု ရွာက အယောက် ၃၀ လောက်ကို ဖမ်းဆီးရိုက်နှက်ပြီး မေးမြန်းနေတယ်။ ယောက်ျားလေးဆိုရင် ဘယ်အရွယ်ဖြစ်ဖြစ် အလွတ်မပေးဘူး။ အသက်မပြည့်သေးတဲ့သူတွေလည်းပါတယ်။ အကုန်ဖမ်းနေတာ” ဟု ကနီမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ 

စိတ်ကျန်းမာရေးမကောင်းသူကို ပစ်သတ်မှု၊ ဒေသခံတို့ကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ အကြမ်းဖက်မှုကို ခုခံသော အရပ်သားများကို ဆူပူအကြမ်းဖက်သူများဟု စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။

မကြာသေးခင်ရက်များက ဇီးပင်တွင်းကျေးရွာတွင် စစ်တပ်နှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နောက်ရက်များတွင် ၎င်းရွာအတွင်း စစ်တပ်က ရှာဖွေမွှေနှောက်ခဲ့သည်။ 

ထိုသို့ စစ်တပ်က ကနီမြို့နယ်အတွင်း ကျေးရွာများအပေါ် ဆက်တိုက်ဖိနှိပ်နေမှုကြောင့် ရွာ ၃၀ ကျော်မှ ဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။

ဧပြီလဆန်းပိုင်းမှ လက်ရှိအချိန်အထိ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၁၉ ဦး သေဆုံးပြီး ၅၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားသည်။ 

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...