Skip to main content

၂၀၂၁-၀၂-၁၃ အထွေထွေ

ရန်ကုန်တဖက်ကမ်း တွံတေးမြို့တွင် ယမန်နေ့ (မတ် ၁၃)က ဖြစ်ပွားသည့် စစ်ကောင်စီလက်နက်ကိုင်များ များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၁၃ ဦးထက်မနည်းရှိ ကြောင်း ကူညီဆောင်ရွက်ပေးနေသော လူမှုရေးအသင်းနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ နေ့လယ်၂ နာရီခန့်က လှိုင်သာယာမြို့နယ်ဘက်မှရောက်ရှိလာသည့် တပ်မ ၇၇ မှ စစ်ကား ၁၅ စီးခန့်က တွံတေးမြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူများထဲမှ ၅ ဦးကို ညနေ ၆ နာရီခွဲခန့်တွင် ပရဟိတ ကားများဖြင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ အတင်းအကျပ်ပို့ဆောင်စဉ် ၂ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါမြို့ခံက ပြောသည်။ 

ယမန်နေ့ညပိုင်းက မင်္ဂလာဒုံစစ်ဆေးရုံပို့ဆောင်စဉ် ထပ်မံသေဆုံးသူနှစ်ဦးမှာ အသက် ၃၅ နှစ်အရွယ် ကိုမောင်ပိုင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုလှမင်းသူတို့ဖြစ်ပြီး ယနေ့နေ့လယ်ပိုင်းတွင် အလောင်း ထုတ်ယူရန် အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

“အခုပဲအလောင်းသွားယူဖို့ပြင်ဆင်နေကြတာပါ။ အလောင်းပြန်သယ်ခွင့်ပေးလို့ အခုပဲ မိသားစုက မှတ်ပုံတင်ရယ်၊ အိမ်ထောင်စုစာရင်းရယ်၊ ဓါတ်ပုံရယ်ယူပြီးတော့ မင်္ဂလာဒုံစစ်ဆေးရုံကို လိုက်ရမယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ နောက်တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ကိုလှမင်းသူတွင် ဇနီး၊ အသက် ၅ နှစ်အရွယ် သားတစ်ယောက်နှင့် အသက် ၃ နှစ်အရွယ် သမီးတစ်ဦးကျန်နေခဲ့ပြီး ရေခဲချောင်းရောင်းသည့် အလုပ် လုပ်ကိုင်သည်ဟု ကိုလှမင်းဦး၏ အိမ်နီးခြင်းတစ်ဦးက ပြောသည်။

ဈေးရောင်းမကောင်းသည့်အတွက် ယမန်နေ့က ဆိုင်ကယ်ကယ်ရီထွက်ဆွဲရင်း သေနတ်ထိမှန်သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အိမ်နီးခြင်းဖြစ်သူ အဆိုပါအမျိုးသမီးက ပြောသည်။

“ကလေးလေးက ကံဆိုးပါတယ်ကွယ်၊ အဲဒီကလေးလေးက လူရိုးလူအေးလေးပါ။ တစ်ခါမှလည်း ဆန္ဒပြတာတွေမသွားဘူး၊ သူ့ဝမ်းတောင်သူ အသည်းအသန်ရှာစားနေတာ။ အဲဒီနေ့မနက်က ဈေးထွက်လို့ မရလို့ ကယ်ရီလိုက်ပို့ရင်းနဲ့ ဖြစ်တာ” ဟု ၎င်းက ပြောသည်။

ကိုလှမင်းသူ၏ အလောင်းကို ၎င်း၏ ဇနီးနှင့် မရီးတော်စပ်သူတို့က မင်္ဂလာဒုံစစ်ဆေးရုံသို့ သွားရောက်သယ်ဆောင်နေသည်ဟု အဆိုပါအိမ်နီးခြင်းအမျိုးသမီးက ပြောသည်။

တွံတေးမြို့နယ်ဆေးရုံတွင် ကျန်ရှိနေသည့် အလောင်းနှစ်လောင်းတွင် တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ် ကိုထွန်းလင်းအောင်ဖြစ်ပြီး ဦးခေါင်းကျည်ထိဒဏ်ရာနှင့်သေဆုံးခဲ့ခြင်းဖြစ်ကာ နောက်ထပ်သေဆုံးသူ အမျိုးသားတစ်ဦး၏ အမည်နှင့် အသက်ကိုမူ မသိရသေးပေ။

သို့သော် တွံတေးမြို့နယ် ဆေးရုံတွင် တပ်မ ၇၇ မှ စစ်သားများတပ်စွဲထားသည့်အတွက် ရင်ခွဲရုံအတွင်း ရှိနေသည့် အလောင်း ၂ လောင်းကို ပြန်ရယူဖို့ ခက်ခဲနေသည်ဟု သိရသည်။ 

“မြို့မိမြို့ဖတွေနဲ့ တိုင်ပင်နေတယ်။ Dead Body ပြန်ပေးမလား မပေးဘူးလားတော့ မသိဘူးဗျ။ လက်ရှိကတော့ ရင်ခွဲရုံထဲမှာပဲ” ဟု အဆိုပါ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့တွင်လည်း တွံတေးမြို့နယ်ဆေးရုံတွင် တပ်မ ၇၇ မှ စစ်သားများတပ်စွဲထားသလို မြို့ပေါ်အနှံ့တွင် လည်း စစ်သားနှင့် ရဲများက ကင်းလှည့်နေကြပြီး ကမ်းနားလမ်းရှိ နာရီစင်အနီးတွင်လည်း တပ်စွဲထား ကြသည်ဟု သိရသည်။

ထို့အပြင် တွံတေးမြို့တောင်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ခြေလျှင်တပ်ရင်း အမှတ်(၇၀) တွင်လည်း တပ်မ ၇၇ မှ တပ်သားများ တပ်စွဲထားကြသည်ဟု မြို့ခံများက ပြောသည်။

ယနေ့မနက်တွင် တွံတေးမြို့ပေါ်တွင် ဆန္ဒပြပွဲများ မရှိသေးဘဲ တွံတေးမြို့နှင့် အခြားမြို့နယ်များကို ချိတ်ဆက်ထားသည့် လမ်းမကြီးများပေါ်တွင် သီးခြားစီ ဆန္ဒပြမှုများရှိနေသည်ဟု တွံတေးမြို့ ဆန္ဒပြပွဲများကို ဦးဆောင်သူတစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးက ပြောသည်။

“ကျွန်မတို့က ဒီမိုကရေစီပြန်ရဖို့တိုက်ပွဲဝင်နေတာ။ ဒီမိုကရေစီပြန်မရမချင်းတိုက်ပွဲဝင်နေရဦးမှာပဲ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ဆက်လက်၍ ဖြိုခွင်းမှုများရှိလာပါကလည်း ပျောက်ကြားစနစ်ဖြင့် ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ဆန္ဒပြပွဲအရှိန်ကို လျော့ချမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
Source: Myanmar Now

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ပစ်ခတ်ဖြိုခွင်းသဖြင့် အသက် ၃၀အရွယ်ကိုကျော်လင်းထိုက်ဆိုသူ ရင်ဘတ်ကျည်ဆန် ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်က အတည်ပြုထားသည်။ ယခုဖြစ်စဉ်သည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏လက်ချက်ဖြင့် ဖားကန့်၌ ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၁ ဦးသေဆုံးပြီး အခြားသူ ၅ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာ ရရှိခဲ့ရသည်။ 

ကျောက်စိမ်းမြို့တော် ဖားကန့် ဆိတ်မူ၊ မရှီကထောင်၊ ဆိုင်းတောင်ရပ်ကွက်များမှ ပြည်သူများ  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရာတွင် ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီ လက်နက်များက ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။ 

“ဒီနေ့ ဆိတ်မူ၊ မရှီကထောင်၊ ဆိုင်တောင်နေရာသုံးခုက သပိတ်စစ်ကြောင်းတွေဆုံပြီးဆန္ဒပြတာ။ မရှိက ထောင်ရပ်ကွက်ထဲမှာ အဖြိုခံရတာ။ တစ်ယောက်က ရင်ဘတ်မှန်ပြီ သေသွားတယ်။ နှစ်ယောက်ကတော့ စိုးရိမ်ရတယ်”ဟု  အဆိုပါ မြို့ခံက ဆိုသည်။

သေဆုံးသူမှာ အသက် ၃၀ အရွယ် ကိုကျော်လင်းထိုက်ဆိုသူဖြစ်ပြီး မိုးကောင်းမြို့ဇာတိဖြစ်သည်။ ထို့အပြင် ဒဏ်ရာရရှိသူ ၅ဦးအနက် ပေါင်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ကျည်ထိမှန်ထားသူနှစ်ဦးမှာ စိုးရိမ်ဖွယ်အနေအထားဖြစ်ပြီး လက်ရှိတွင် ဒဏ်ရာရရှိသူများကို ရွှေပြည်သစ်ဆေးရုံ၌ ဆေးကုသမှု ပေးနေကြောင်း သိရသည်။

မန္တလေးမြို့ စိန်ပန်းရပ် ထိုင်သပိတ်ကို အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ယမန်နေ့ညနေပိုင်းအထိ သေဆုံးသူအချို့ကိုသာ အတည်ပြုနိုင်သော်လည်း ယနေ့ (မတ် ၁၄) နံနက်ပိုင်းတွင် သေဆုံးသူနောက်တစ်ဦးကို ထပ်မံအတည်ပြုနိုင်ခဲ့သည်။ 

ထပ်မံအတည်ပြုနိုင်ခဲ့သော သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ် ကိုရဲဆွေဦးဖြစ်ပြီး ၎င်းသည် ယမန်နေ့ က စစ်တပ်နှင့် ရဲများ၏ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ကျောင်းသားလူငယ်များကို ကူညီကယ်ထုတ် ရန်သွားရောက်ချိန်တွင် ရင်ဘတ်ကိုထုတ်ချင်းပေါက် ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။ 

ရင်ဘတ်ကို ကျည်ဆန်ထိမှန်ခဲ့သော ကိုရဲဆွေဦးကို ဆေးကုသပေးရန် ဝိုင်းဝန်းသယ်ဆောင်ရာ လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

“သားတစ်ယောက်ဆုံးရှုံးတော့ နှမြောတာပေါ့။ ဒါပေမယ့် နိုင်ငံအတွက်ပဲလေ” ဟု ကိုရဲဆွေဦး၏ မိခင် ဒေါ်သန်းအေးက Myanmar Now ကို ပြောသည်။

ကိုရဲဆွေးဦး၏ နာရေးအခမ်းအနားကို မန္တလေးမြို့ ၄၁ လမ်းတွင် ယနေ့နံနက်ပိုင်းက ပြင်ဆင်လျက်ရှိပြီး နေ့လယ် ၁၂ နာရီတွင် အေးရိပ်ငြိမ်သုသာန်၌ သင်္ဂြိုလ်မည်ဖြစ်သည်။ ကိုရဲဆွေဦးသည် ဖိနပ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ၅ နှစ်အရွယ်သမီးငယ်လေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က စိန်ပန်းရပ်ကွက်အတွင်း ထောင်နှင့်ချီသော ပြည်သူများထိုင်သပိတ် ပြုလုပ်နေစဉ် စစ်တပ်နှင့် ရဲများက နံနက် ၁၀ နာရီခွဲခန့်မှစ၍ ညနေ ၄နာရီခွဲခန့်အထိ အင်အားသုံးပိတ်ဆို့ကာပစ်ခတ်ဖြိုခွင်းခဲ့ခြင်း ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်များသည်ဟု ကူညီဆောင်ရွက်ပေးနေသော အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များက ဆိုသော်လည်း ယနေ့နံနက်ပိုင်းအထိ သေဆုံးသူ ၅ ဦးကိုသာ နာမည်နှင့်တကွ အတည်ပြုနိုင်သေးသည်။ 

အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ပွဲချင်းပြီးသေဆုံးသူအချို့ကို လူမှုကူညီရေးအသင်းများက နေအိမ်သို့ လိုက်လံပို့ဆောင်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များယူ ရုပ်အလောင်းအချို့ ယူဆောင်သွားသော ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအရေအတွက်မှာ များပြားနိုင်ကြောင်း ခန့်မှန်းထားကြသည်။ 

သေဆုံးခဲ့သူများအနက် အသက် ၂၁ နှစ်အရွယ် ကိုစောပြည့်နိုင်၊ အသက် ၅၆ နှစ်အရွယ် ဦးဝင်းဌေး၊ အသက် ၃၆ နှစ်အရွယ် ကိုမင်းမင်းထွန်းကိုသာ ယမန်နေ့ညနေပိုင်းတွင် အတည်ပြုနိုင် ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ထပ်မံအတည်ပြုသူနှစ်ဦးမှာ အသက် ၂၉ နှစ်အရွယ် ကိုရဲဆွေဦးနှင့် အသက် ၅၃ နှစ်အရွယ် ဒေါ်ကေကြည်တို့ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ယမန်နေ့က ပစ်ခတ် ဖြိုခွင်းခံရမှုအတွင်း သေဆုံးခဲ့သူများဖြစ်သော်လည်း ယနေ့နံနက်မှသာ အတည်ပြုနိုင်ခြင်းဖြစ်ပြီး ဒေါ်ကေကြည်သည် ဦးခေါင်းကိုကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

နေအိမ်တွင် ပုန်းအောင်းနေသူ လူငယ်များကို ကာကွယ်ရင်း ဦးခေါင်းကိုကျည်ဆန်ထိမှန်ခဲ့သူ အသက် ၅၀ အရွယ် ဒေါ်ပြုံးကို ဆေးကုသမှုပေးနိုင်ရန် လူနာတင်ကားပေါ်သယ်ဆောင်စဉ် စစ်ကောင်စီလက်နက်ကိုင် များက အတင်းအဓမ္မဆွဲယူသွားသောကြောင့် ၎င်း၏ အခြေအနေနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင် ခြင်း မရှိသေးပေ။



Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...