ကလေးမြို့တွင် စစ်ကောင်စီတပ်နှင့် ကလေးPDF ပူပေါင်းတပ်တို့ တိုက်ပွဲဖြစ်၊ ဗိုလ်မှူးသန်းနိုင်၏ အမျိုး သမီး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ ဦး သေ ဆုံး၊ PDF ဘက်မှ ၁ ဦးကျဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ကလေး PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးသန်းနိုင်၏ အမျိုးသမီး အပါအဝင် စစ်ကောင်စီတပ်သား ၅၀ သေဆုံးကြောင်း ကလေး PDF ထံမှ သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ညနေ ၃ နာရီ ဝန်းကျင်တွင် စုစုပေါင်း ယာဉ် ၈ စီးပါဝင်သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ကလေးမြို့မှ တောင်ပိုင်းဘက်သို့ ဦးတည်လာပြီး စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် မိုင်းရှင်း လင်းရန် လမ်းလျှောက်တက်လာစဉ် PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင်ပင် ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ချောင်းခွ၊ နတ်ချောင်းရွာဘက်သို့ စစ်ကြောင်းတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ပ.က.ဖ အဖွဲ့များက ပန်းမွန်ချောင်းတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ် ပွားချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားများ အသေအဆုံးရှိနိုင်သော်လည်း အတည်ပြုနိုင်ခဲ့ခြင်းမရှိဟု သိရှိရသည်။
ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၇နာရီခွဲအချိန်ခန့်မှ စတင်၍ PDF (Kalay)၊ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ပန်းမွန်ချောင်းတံတားအနီး ကျောက်ခွဲစက်တွင်စခန်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကြောင်း ၂ ကြောင်း ဖြင့် ညှပ်ပိတ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။
တချိန်တည်းတွင် ကလေးမြို့ဘက်မှ စစ်ကူတက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထပ်မံစစ်ကြောင်းလျှောက်တက်လာသော အကြမ်းဖက်စစ်သားများကို နတ်မြောင်းရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပိတ်ဆို့၍ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယနေ့တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ကလေးမြို့စစ်ကောင်စီဆေးရုံသို့ အကြမ်းဖက်စစ်သားအလောင်း ၄၇ လောင်း ရောက်ရှိလာခဲ့ကြောင်း အတည်ပြုသိရှိရကြောင်း၊ ယနေ့တိုက်ပွဲများအတွင်း မိမိတို့ပူးပေါင်းတပ်ဖွဲ့များဘက်မှ ပ.က.ဖ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက နတ်ချောင်းရွာနှင့် နတ်မြောင်းရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦးကျဆုံးခဲ့ရပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ၊ ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွရွာများအတွင်းသို့ ဝင်ရောက်၍ နေအိမ်များကို မွှေနှောက်ဖျက်စီးမီးရှို့လျက်ရှိရာ ညနေ ၄ နာရီအချိန်ထိ မြေပြင်သတင်း များအရ ချောင်းခွရွာမှ နေအိမ် ၃ လုံး မီးလောင်ကျွမ်းပျက်စီးသွားပြီဖြစ်ကြောင်း ညနေ ၄ နာရီအချိန်အထိ အကြမ်းဖက်စစ်သားများသည် ချောင်းခွရွာဘက်မှ ဟားခါးလေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း PDF ဘက်က ထုတ်ပြန်သည်။
ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ကလေးမြို့ နတ်ချောင်း၊နတ်မြောင်း ကျေးရွာအနီး ကလေး-ဂန့်ဂေါကားလမ်းပေါ်တွင် ကားတစ်စီးကို PDF က ရပ်တန့်ခိုင်းရာ မရပ်သဖြင့် လိုက်လံ ပစ်ခတ်ရာ လက်ရှိကလေးတပ်နယ်တွင် တာဝန်ကျနေသော ဗိုလ်မှုးသန်းနိုင်၏ အမျိုးသမီးဖြစ်သူ သေဆုံးသွားကြောင်း သိရှိရသည်။
Photo - Reuters