Skip to main content

ဗဟို စစ်ရေး ပူပေါင်း ဆောင်ရွက်မှု့ ကော်မတီ

 တစ်နိုင်ငံလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု ကြေညာပြီး နှစ်လနီးပါးရှိလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) အချို့ ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee/C3C) ဖွဲ့စည်းလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောသည်။ 

ထိုကော်မတီအောက်တွင် စစ်တိုင်းအလိုက် စစ်ဒေသဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့ စသဖြင့် ပါဝင်မည်ဖြစ်ကာ Chain of Command (အဆင့်ဆင့်ကွပ်ကဲမှုစနစ်) ဖြင့် စစ်ကောင်စီကို ထိရောက်စွာ ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၈) ပြောကြားသည်။ 

"(ကော်မတီမှာ) NUG က ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေပါဝင်သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးဆိုင်ရာ ခေါင်းဆောင်များပါဝင်ပြီးတော့ စုပေါင်းဦးဆောင်မှုမျိုးနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

သို့သော် ထိုကော်မတီတွင် ပါဝင်ပြီးဖြစ်သည့် EAO နှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စများကို အဓိကကြီးကြပ်မည့်သူတို့၏ အမည်နာမများကိုမူ NUG ဘက်က ထုတ်မပြောပေ။ ကော်မတီ၌ ပါဝင်ခြင်းမရှိသေးသည့် EAO များနှင့် ဆွေးနွေးမှုများ ဆက်ရှိနေဆဲဖြစ်သည်ဟုလည်း ဦးနိုင်ထူးအောင်က ပြောသည်။

"ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေပြီဖြစ်သလို ပါဝင်သင့်တဲ့ ပုဂ္ဂိုလ်တွေ ဆက်လက်ပါဝင်လာစေဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ တိုးတက်မှုတွေလည်း ရှိနေပါတယ်"ဟု ၎င်းက ဆိုသည်။

Pdf_force_2.Jpeg

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ပေးပို့)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ပေးပို့)

ယခုခြေလှမ်းမှာ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းနေသည့် စစ်ကောင်စီကို ခုခံရန် နိုင်ငံအနှံ့တွင် ပေါ်ထွန်းလာသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များနှင့် ပေါင်းကာ စစ်ရေးကိစ္စများ ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ခြေလှမ်းအဖြစ် NUG က ရှုမြင်ထားသည်။

မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းခဲ့ကာ ဒေသအခြေစိုက် PDF များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ပံ့မှုများ မြှင့်တင်ထားနိုင်သည်ဟု NUG က ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

"လက်နက်တပ်ဆင်မှုကိစ္စရပ်တွေ၊ ကာကွယ်ရေးအတွက် လိုအပ်တဲ့ အခြားသော ဖြည့်ဆည်းမှုတွေအတွက်ဆိုရင်တော့ C3C (စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ) မှာ EAO တွေနဲ့ စုစည်းပြီးတော့ ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာမြောက် ဖြည့်ဆည်းမှုပုံစံတွေဖြစ်အောင် လုပ်နေပါတယ်"ဟု ဦးနိုင်ထူးအောင်က ဆိုသည်။

EAO များ၏ အကူအညီနှင့် အကြံဉာဏ်များရယူကာ မြေပြင်တိုက်ပွဲဝင်မည့် တပ်မှူးများကို အတွေ့အကြုံနှင့် တိုက်ရည်ခိုက်ရည်ရှိသူများ ခန့်အပ်ရန်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် စစ်သားဟောင်းများ၏ ပူးပေါင်းပါဝင်နိုင်မှုကို မြှင့်တင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။ 

"တပ်မှူးတွေရဲ့ အရေးပါမှု၊ အထူးသဖြင့် စစ်မြေပြင်မှာ ဆုံးဖြတ်ချက်ပေးတဲ့ အခါမှာ တပ်မှူးတွေရဲ့ အရည်အချင်းဟာ အရမ်းကိုအရေးကြီးတယ်။ အတွေ့အကြုံတွေက အရမ်းစကားပြောတာ" ဟု ဦးနိုင်ထူးအောင်က ပြောသည်။

ထို့အတူ NUG လက်အောက်ရှိ PDF တပ်မတော်တွင် စစ်သည်များ၏ တိုက်ရည်ခိုက်ရည် လျင်မြန်စွာ တိုးတက်လာနေပြီး စစ်သည်အင်အားမှာလည်း မျှော်လင့်ထားသည်ထက် ပိုကောင်းလာသည်ဟု ၎င်းက ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်မပြောပေ။

"တပ်ရင်းတွေ တပ်မဟာတွေ အများကြီးစုဖွဲ့ပြီးတော့ စစ်မျက်နှာပြင် နေရာပေါင်းများစွာမှာ တိုက်ပွဲဝင်နိုင်လောက်တဲ့ အင်အားမျိုးတော့ ကျွန်တော်တို့မှာ ရှိနေပါပြီ"ဟု ဦးနိုင်ထူးအောင်က ပြောသည်။

ထို့ထက်ပို၍ အင်အားကောင်းလာစေရန် စစ်တိုင်းကြီး ၅ခုနှင့် ဒေသခံ PDF အဖွဲ့များ ချိတ်ဆက်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနတွင် သီးခြားဌာနတစ်ခု ဖွဲ့စည်းလုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် NUG က ထုတ်ပြန်ထားသည့် စစ်သည်တော်ကျင့်ဝတ်(Code of Conduct)၊ ထူထောင်ထားသည့် အဆင့်ဆင့်ကွပ်ကဲမှုစနစ်တို့အောက်တွင် တစ်သားတည်းရှိရန် လိုအပ်ကြောင်း၊ လက်နက်ခဲယမ်း အဓိကလိုအပ်ချက်ရှိသည့် ဒေသအလိုက် PDF များထံ ထောက်ပံ့ပေးနိုင်မှု ပိုမိုအားကောင်းလာစေရန် စီမံနေကြောင်းလည်း ဆိုသည်။ 

"ရရှိနိုင်တဲ့ အရင်းအမြစ်များစွာကနေ ကြိုးစားဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒီတော်လှန်ရေးအတွက်ကို များစွာကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေပါတယ်" ဟု ဦးနိုင်ထူးအောင်က ဆိုသည်။

ရန်ပုံငွေ တိုးတက်ရရှိနိုင်ရေး လုပ်ဆောင်နေသည်ဆိုသော်လည်း လက်နက်ခဲယမ်းနှင့် စစ်ရေးဆိုင်ရာကိစ္စ အကူအညီများ မည်သို့ရရှိနေသည်ကိုမူ မသိရပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ၉ လနီးပါးရှိလာချိန်တွင် လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် စစ်ကိုင်း၊ မကွေးကဲ့သို့သော တိုင်းများ၌ပင် ခုခံတော်လှန်မှုများ အလွန်အားကောင်းလာနေပြီး ချင်း၊ ကယား ပြည်နယ်များနည်းတူ စစ်ကောင်စီ၏ အပြင်းအထန်ဖိနှိပ်မှုများ ကြုံတွေ့နေရသည်။

Kndf_force_web.jpeg

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်။ (ဓာတ်ပုံ - KNDF)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်။ (ဓာတ်ပုံ - KNDF)

ထို့အတူ ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများ၌ပင် စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားနေသည့် တိုက်ခိုက်မှုများ အရှိန်အဟုန်နှင့် ပေါ်ပေါက်နေသည်။ လူစည်ကားရာ နေရာများတွင်ပင် စစ်တပ်နှင့် ရဲများကို ဦးတည်သည့်​ ပစ်ခတ်၊ ပေါက်ကွဲမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။

NUG က အောက်တိုဘာ ၉တွင် နောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ စက်တင်ဘာ ၆ မှ အောက်တိုဘာ ၇ အထိ တစ်လအတွင်း နိုင်ငံအနှံ့တွင် စစ်ကောင်စီက အရပ်သားများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုပေါင်း ၁၃၅ ခုရှိကာ စစ်ကိုင်းတိုင်းအတွင်း အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုဖြစ်စဉ်များအတွင်း ကလေးငယ် ၄ ဦး၊ မသန်စွမ်းသူ ၁ ဦးအပါအဝင် စုစုပေါင်း ၁၂၆ ဦး သတ်ဖြတ်ခံခဲ့ရကာ အမျိုးသမီး ၆ ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည်ဟု ဆိုသည်။

ထို့အတူ အောက်တိုဘာလအတွင်း တိုက်ပွဲနှင့် ပဋိပက္ခပေါင်း ၆၉၀ ထိရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၇၆၈ ဦး သေဆုံးကာ ၂၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း NUG က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် စစ်ကောင်စီက မကွေးတိုင်းတွင်းရှိ ဒေသအချို့အပါအဝင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို အကြီးအကျယ်ထိုးစစ်ဆင်လျက်ရှိရာ ဒေသခံ PDF များနှင့် နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်နေပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောင်း၊ ကယားပြည်နှင့် ကရင်ပြည်နယ် ဒေသအချို့တွင်လည်း စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တိုက်ပွဲများဖြစ်နေသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည့် စစ်ဆင်ရေးဆိုင်ရာ ဗဟိုကော်မတီတွင် မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်သည်ကို မသိရသေးပေ။ 

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...